DVB Logo
Home
မြန်မာသတင်း
မုန်းတီးမှု ဖြစ်စေသည့် ပြောဆိုချက်များ ဖေ့စ်ဘွတ်ကြောင့်ဟု ဦးရဲထွဋ်ပြော
DVB
·
June 28, 2013
မုန်းတီးမှု ဖြစ်စေသည့် ပြောဆိုချက်များ ဖေ့စ်ဘွတ်ကြောင့်ဟု ဦးရဲထွဋ်ပြော
Donate to DVB

မြန်မာပြည်မှာ မုန်းတီးမှုကို ဖြစ်ပေါ်စေတဲ့ ပြောဆိုရေးသားချက်တွေဟာ ဖေ့စ်ဘွတ်အင်တာနက်စာမျက်နှာတွေက သွားနေတာဖြစ်ပြီး ပြည်တွင်းမှာ ဖေ့စ်ဘွတ်အကောင့် ၈ သိန်းလောက်တဲ့ထဲက ထက်ဝက်ဟာ အကောင့်အတုတွေ ဖြစ်တယ်လို့ သမ္မတပြောခွင့်ရ ပြည်ထောင်စုဒုဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

ရန်ကုန်မြို့က ချက်ထရီရမ်ဟိုတယ်မှာ ဒီနေ့မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ အမုန်းတရားကာကွယ်ရေးစကားဝိုင်းမှာ သူက ပြောလိုက်တာပါ။

မြန်မာနိုင်ငံမှာ အင်တာနက်သုံးစွဲသူ ၁.၀၅ သန်းရှိပြီး ဖေ့ဘုတ်အကောင့်အသုံးပြုသူ ၈ သိန်းနီးပါးမှာ ၅၀ ရာခိုင်နှုန်းက အကောင့်အတုတွေ သုံးကြတယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။

“အင်တာနက်အသုံးပြုသူတွေဟာ ဖေ့ဘွတ်အကောင့်ရှိတယ်လို့ ပြောလို့ရတယ်။ ဘာကြောင့် အကောင့်အတုတွေထားလဲ၊ အရင်အစိုးရလက်ထက်မှာ အင်တာနက်အသုံးပြုတာကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားခဲ့တယ်။ အီလက်ထရောနစ်လို ဥပဒေတွေနဲ့ အပြစ်ပေးတာတွေရှိတော့ လူတွေမှာ ကိုယ်ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို ဖုံးကွယ်တဲ့ အကျင့်စွဲလာတယ်လို့ ယူဆပါတယ်။ ဒီလို ဖုံးကွယ်ပြီး ပြောဆို ဆွေးနွေးလာတာတွေဟာ စိုးရိမ်စရာကောင်းတဲ့အခြေအနေလို့ ပြောချင်တယ်။"

အင်တာနက်အသုံးပြုပြီး လူမှုကွန်ရက်မီဒီယာတွေမှာ မုန်းတီးမှုကို ဖြစ်စေတဲ့ ပြောဆိုချက်တွေ တဖြည်းဖြည်း များလာတယ်လို့ ဆိုပါတယ်။

“တဖက်က အစိုးရကနေ အင်တာနက်ဆက်သွယ်ရေးလိုင်းတွေ တိုးချဲ့နေတယ်။ မိုဘိုင်းဖုန်းတွေ နောက်လာမယ့် ၂ နှစ်အတွင်း ၆ ဆတိုးချဲ့ပြီး၊ ဒီကနေ့ ဖုန်းသုံးစွဲသူ ၇.၃ သန်း၊ လူဦးရေအားဖြင့် မနှစ်က ၇ ရာခိုင်နှုန်းရှိရာက အခုအချိန်မှာ ၁၁. ၄၃ ရှိလာတယ်။ ၂၀၁၅-၁၆ မှာ အစိုးရဟာ မိုဘိုင်းဖုန်း ၄၅ သန်း၊ လူဦးရေရဲ့ ၇၅ ရာခိုင်နှုန်း မိုဘိုင်းဖုန်းသုံးနိုင်အောင် ရည်မှန်းဆောင်ရွက်နေတယ်။ အဲထဲက ထက်ဝက်ဟာ အင်တာနက်အသုံးပြုပြီး လူမှုကွန်ယက်မီဒီယာမှာ သွားနေတဲ့ မုန်းတီးမှုကိုဖြစ်စေတဲ့ ပြောဆိုချက်တွေဟာ တဖြည်းဖြည်းနဲ့ အင်တာနက်၊ လူမှုကွန်ယက်မီဒီယာတွေကို ရွှေ့သွားမယ်။ အဲလိုရွှေ့သွားတာဟာ မိမိ မည်သူမည်ဝါဖြစ်တယ်ဆိုတာ ဖုံးကွယ်ထားလို့ရတယ်၊ မိမိပြောချင်တဲ့ သတင်းအချက်အလက်တွေကို အင်မတန်မြန်ဆန်တဲ့ အရှိန်နှုန်းနဲ့ ဖြန့်လို့ရတယ်။”

ဖေ့စ်ဘွတ်အင်တာနက်စာမျက်နှာတွေပေါ်က အမုန်းတရားကို ဖြစ်ပေါ်စေတဲ့ ရေးသားဖော်ပြချက်တွေကြောင့် သာမန်ရာဇ၀တ်မှုတွေကနေ အင်မတန်ကြီးကျယ်တဲ့ ပြဿနာတွေ ဖြစ်ပွားတာလို့လည်း ဦးရဲထွဋ် က ဆက်ပြောပါတယ်။

“အဓိကတွေ့နေရတာဟာ မသန်စွမ်းသူတွေ၊ အလုပ်အကိုင်တွေ၊ အသားအရောင်တွေအကြောင်းပြောတာမဟုတ်ဘဲ ဘာသာရေး၊ လူမျိုးစုအပေါ်မူတည်ပြီးပြောနေကြတာတွေ၊ ဒီထက်အန္တရာယ်ကြီးတာက အင်တာနက်ပေါ်မှာ ခွဲခြားဆက်ဆံမှုတွေဖြစ်စေတာကို ပြောနေသူတွေသည် နိုင်ငံရေးလောကမှာ အဓိကထားပြောနေတဲ့ အကြောင်းအရင်းတွေကို သုံးပြီး သပ်လျှိုတယ်။ သာမန်အားဖြင့် ဖြစ်နေတဲ့ ရာဇ၀တ်မှုတွေလေးကနေ အင်မတန်ကြီးတဲ့ ပြဿနာဖြစ်လာတယ်။ ဒါဟာ ဘာလို့်ဆိုတော့ လူတွေဟာ အင်တာနက်ပေါ်မှာ လူမှုကွန်ယက်မီဒီယာသွားနေတယ်။ ဒီကိစ္စတွေကို ဖတ်ရင်းနဲ့ တဦးချင်းစီရဲ့ စိတ်ထဲမှာ ကိစ္စတိုင်းကို ကြိုတင်ဆုံးဖြတ်တဲ့ပုံရိပ်က မသိစိတ်ထဲ သွားရှိနေတယ်။ တခုခုပြဿနာဖြစ်တိုင်း သူတို့ မသိစိတ်ထဲ လွှမ်းမိုးနေတဲ့ ကြိုတင်ဆုံးဖြတ်ထားမှုတွေကနေ၊ ပုံရိပ်တွေကနေ ပြင်းထန်တဲ့ တုံ့ပြန်မှုတွေဖြစ်လာတယ်။ ကိစ္စအများစုမှာ ဒီလိုပဲဖြစ်နေတယ်လို့ ယုံကြည်တယ်။”

ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ပဋိပက္ခတွေကို အစိုးရက လုပ်နေတာ မဟုတ်သလို စစ်တပ်က လုပ်နေတာလည်း မဟုတ်ဘူးလို့ ဦးရဲထွဋ်က အခိုင်အမာ ပြောဆိုလိုက်ပါတယ်။

“ဒီလိုဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်လို့ နောက်ကွယ်မှာ ဘယ်သူတွေရှိနေလဲဆိုပြီး ပြောဆိုတာတွေ ရှိတယ်။ ခန့်မှန်းချက်တွေလည်း အမျိုးမျိုးရှိတယ်။ ရှိချင်လဲ ရှိချင်မယ်။ ရှိတဲ့သူရှိရင်လည်း ကျနော်တို့ကဖော်ထုတ် အရေးယူသွားမယ်။ သို့သော် အခိုင်အမာပြောချင်တာက အစိုးရအနေနဲ့ ဒီနောက်မှာ ကြိုးကိုင်မှုတွေရှိနေတယ်။ တပ်မတော်အနေနဲ့ ဒါတွေဖြစ်အောင် လုပ်တယ်ဆိုတာ လုံးဝမဟုတ်ဘူး။ ပြဿနာတွေဖြစ်လာရင် အရင်ဆုံးခေါင်းခဲရတာ၊ ဖြေရှင်းရတာ အစိုးရအဖွဲ့နဲ့ တပ်မတော်ပဲဖြစ်တယ်။”

စစ်တပ်ဟာ ဆိုင်ဘာစစ်ဆင်ရေးလုပ်နေတယ်ဆိုတာကိုလဲ သူက ငြင်းဆို ပြောကြားပါတယ်။    လက်ရှိအစိုးရဟာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေမှာ အားလုံး ပါဝင်အောင် လုပ်နေကြောင်းလည်း ဦးရဲထွဋ်က ပြောပါတယ်။

Read more

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013