DVB Logo
Home
Lead Story
နီအောင်မေသုအတွက် ကဗျာများ
DVB
·
September 17, 2020
နီအောင်မေသုအတွက် ကဗျာများ
1 / 4
Donate to DVB

(နီအောင်မေသု ကျဆုံး ၁၈ နှစ်)

နီကြောင်းပြသ၊ မြို့မင်းလှ၏ 

ဥက္ကဋ္ဌမည်၊ NLD ရဲ့ 

ခံတပ်တဲ့လေ၊ နီအောင်မေသု 

ကျောက်တောင်ထုကြီး၊ ခရီးထွက်ခဲ့ 

တဆယ့်ရှစ်နှစ် ကြာခဲ့ပါပြီ။ ။

 (မောင်တူး) 

ဒီနေ့တွေမှာ အလံနီတွေ စိုက်ထူနေကြတယ်။ အလံတလက် ထူခွင့်ရဖို့ အသက်တွေ၊ ဘဝတွေ၊ သွေးချွေးတွေ အများကြီး ရင်းခဲ့ရတာပါ။ ဒီနေ့ အလံနီတွေ ပလူပျံထူဖို့ အသက်ပေးခဲ့ရသူတွေထဲ (ခရမ်း)အမတ် ဦးတင်မောင်ဝင်း၊ ကိုကိုးကျွန်း အမတ် ဦးလှသန်း၊ စာရေးဆရာမောင်သော်က၊ ကိုအောင်လှိုင်ဝင်း (မရမ်းကုန်း NLD)၊ ဦးအောင်မင်း (မန္တလေး၊ အရှေ့မြောက် တွဲဖက် အတွင်းရေးမှူး)၊ ဦးမောင်ကို၊ ကိုခင်မောင်မြင့်(NLD လသာ)စတဲ့ အာဇာနည်များစွာနဲ့အတူ (မင်းလှ NLD ဥက္ကဋ္ဌ) ဦးအောင်မေသုလည်း  အပါအဝင်ပေါ့။ သူ့ကို နီအောင်မေသုလို့ ဂုဏ်ပြုခေါ်ကြတယ် သူဟာ ၂၀၀၂ ခုနှစ် စက်တင်ဘာ ၁၇ ရက်က ကျဆုံးခဲ့ရပါတယ်။ အခု ၂၀၂၀ စက်တင်ဘာ ၁၇ ဟာ သူကွယ်လွန်တဲ့ ၁၈ နှစ်ပြည့်။  

ငါသူ့အတွက်

အမျှမဝေ၊ ခေါင်းလောင်းမထိုး

ကိုရန်ကျမ်းစာမဖတ်

ဘာကုသိုလ်မှ မလုပ်ဖြစ်ပေမယ့်

ညာလက်ရုံးကို မိုးသို့ချီ

သူ့ဂုဏ်တွေကို နှလုံးသွင်းကာ

“၅၃ ရက်တိုက်ပွဲ” * တုန်းကလိုပဲ

တိုင်တည်လိုက်ပါတယ်

“ကျနော်ဘယ်တော့မှ

သစ္စာမဖောက်ပါ ရဲဘော်ကြီး”

သူ့အကြောင်း

ကျမ်းတစောင် ပေတဖွဲ့

ရေးနိုင်စွမ်းမရှိတဲ့ ငါ့အဖြစ်

အမှန်ပဲ ဝမ်းနည်းမိပါရဲ့

ဒါပေမဲ့ တကယ်လို့များ

တနေ့မှာ

ငါ့အကြောင်းရေးတဲ့သူရှိရင်

“နီအောင်မေသုရဲ့

တိုက်ဖော်တိုက်ဖက်ဖြစ်ဖူးတယ်”

ဆိုတဲ့စာတကြောင်း

ထည့်ဖြစ်အောင်ထည့်ပေးပါလို့

ကြိုတင်တောင်းပန်ချင်ပါတယ်။

ဖိုးသံ (လူထု) 

(ဒီကဗျာကို သူကျဆုံးတဲ့သတင်းကြားပြီး တနာရီအတွင်းရေးချလိုက်တာပါ။) *ကိုကိုးကျွန်းက ရဲဘော်ရှစ်ဦးကျဆုံးခဲ့တဲ့ ၅၃ ရက် အစာငတ်ခံ တိုက်ပွဲကိုဆိုလိုတာပါ။

(မာယာဘလော့ခ်မှ အနီရဲ့မှတ်ကျောက်နီအောင်မေသု ကဗျာအား ကောက်နှုတ် တင်ဆက်ပါသည်) 

ဦးအောင်မေသု မင်းလှမြို့နယ် NLD ဥက္ကဋ္ဌကို စစ်အစိုးရက ဖမ်းတာ၊ သူသေဆုံး ကျဆုံးသွားရပုံတွေကို AAPP ရဲ့ ၈ စက္ကန့်ငြိမ် စာအုပ်မှာ အခုလို ရေးထားခဲ့တယ်။



  (ဦးအောင်မေသု)

အုတ်ဖိုမြို့၊ သာယာဝတီခရိုင်၊ ပဲခူးတိုင်းတွင် ၂၅၊ ၁၂၊ ၁၉၄၁ နေ့တွင် မွေးဖွားသည်။ 

၁၉၈၉ ခုနှစ် ဩဂုတ်လ ၂၉ ရက်တွင် ဖမ်းဆီးခံရသည်။ 

၂၀၀၂ ခုနှစ် စက်တင်ဘာ ၁၇ နံနက် ၄ နာရီ သူ့အသက်  ၆၆ နှစ်တွင် ကွယ်လွန်သည်။

နိုင်ငံရေးနောက်ခံ။ ။ မူလတန်းမှစ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (ဗကသ) သို့ ဝင်ရောက်ခဲ့သည်။ ၁၉၆၀-၆၂ တွင် သာယာဝတီခရိုင် စည်းရုံးရေးမှူး (ရကသ) ညီလာခံကိုယ်စားလှယ် အုတ်ဖိုမြို့နယ် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ 

၁၉၆၃ ခုနှစ် ပြည်တွင်း ငြိမ်းချမ်းရေး လှုပ်ရှားမှုတွင် ၆ ခရိုင် ( ရန်ကုန်၊ အင်းစိန်၊ သာယာဝတီ၊ ပဲခူး၊ ဟံသာဝတီ၊ မအူပင်) ငြိမ်းချမ်းစွာ ဆန္ဒပြပွဲကို ခေါင်းဆောင်ပြီး မင်းလှမှ ရန်ကုန် ကန်တော်မင် ပန်းခြံသို့ ချီတက်ခဲ့သည်။ 

ထိုစဉ်က အစိုးရနှင့် လက်နက်ကိုင်အဖွဲ့များ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပျက်ပြီးနောက် ၁၉၆၃ ခုနှစ်  နိုဝင်ဘာ ၃၀  ရက်တွင် ရန်ကုန်တက္ကသိုလ်တွင် အဖမ်းခံခဲ့ရပြီး အင်းစိန်ထောင်တွင် အကျဉ်းချခံခဲ့ရသည်။ 

၁၉၆၈ ခုနှစ်တွင် ကိုကိုးကျွန်းသို့ အပို့ခံခဲ့ရသည်။ ကျွန်းစနစ် ဖျက်သိမ်းရေး အစာငတ်ခံတိုက်ပွဲ၌ ပါဝင်ခဲ့ပြီး တိုက်ပွဲအောင်မြင်သဖြင့် ပြည်မသို့ ပြန်ပို့ခံရသည်။ 

၁၉၇၂ ခု ဧပြီ ၁၂ တွင် အင်းစိန်ထောင်မှ ပြန်လွတ်သည်။ 

၁၉၇၆ ခုနှစ် ဩဂုတ်တွင် ဒုတိယအကြိမ် ခေတ္တ ထိန်းသိမ်းခံရသည်။ 

၁၉၈၄ ခု ဧပြီလ ၆ ရက်တွင် တတိယအကြိမ်ထပ်မံထိန်းသိမ်း ခံရသည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကာလတွင် မင်းလှမြို့နယ် အထွေထွေ သပိတ်ကော်မတီ  ဥက္ကဋ္ဌ အဖြစ်တာဝန်ယူသည်။

၁၉၈၈  အောက်တိုဘာလ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ဝင်ပြီး မင်းလှမြို့နယ် စည်း ကော်မတီ ဥက္ကဋ္ဌ ဖြစ်လာသည်။ 

၁၉၈၉ ဩဂုတ် ၂၄ တွင် အဖမ်းခံရပြီး နိုဝင်ဘာ ၆ တွင် အင်းစိန်ထောင်၊ အထူးစစ်ခုံရုံး အမှတ် ၅ က ဦးအောင်မေသုအား ၁၉၅၀ အရေးပေါ်စီမံမှု ဥပဒေ ပုဒ်မ ၅ ည ဖြင့် ထောင် ၁၀ နှစ် ချမှတ်ခဲ့သည်။ 

၁၉၉၁ နိုဝင်ဘာ  ၁၈ တွင် အင်းစိန်ထောင်မှ သာယာဝတီထောင်သို့ ပြောင်းသည်။ 

၁၉၉၅ နိုဝင်ဘာ  ၅ ရက်နေ့တွင် ဦးအောင်မေသု ထောင်သက် ၁၀ နှစ် ပြည့်သော်လည်း ပုဒ်မ ၁၀ (က) ဖြင့် သာယာဝတီထောင်တွင် ဆက်လက် အကျဉ်းချခြင်း ခံခဲ့ရသည်။

သေဆုံးပုံ။ ။ ၂၀၀၂ ခုနှစ် စက်တင်ဘာလ ၅ ရက်တွင် အပြင်းအထန်ဖျားပြီး ထောင်ဆေးရုံ၊ သာယာဝတီမြို့နယ် ပြည်သူ့ဆေးရုံသို့ ရောက်ရှိခဲ့သည်။ ထို့နောက် ရန်ကုန်အထွေထွေ ရောဂါကု ဆေးရုံကြီးသို့ ပို့ခဲ့သည်။ ၂ ရက်အကြာ စက်တင်ဘာလ ၁၇ ရက်နေ့တွင် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်ခဲ့သည်။ 

မှတ်ချက်။ ဦးအောင်မေသုသည် သူ၏ ဘဝတလျှောက်လုံး တိုင်းပြည်အတွက် တိုက်ပွဲဝင်ရင်း ၄ ကြိမ်တိုင်တိုင် ဖမ်းဆီးခံခဲ့ရပြီး ထောင်များထဲတွင် ၂၅ နှစ်ကျော် အကျဉ်းကျခံခဲ့ရသည်။

 ‘‘ငါ့အလောင်းမှ 

ထောင်သောင်းမြောက်များ

သွေးသစ်ပွားသော် . . . သွေးသစ်ပွားသော်”

ရွက်ဟောင်းတွေ ကြွေကျသွားတာ

ရွက်သစ်တွေ ဝေဆာလာဖို့ မြေဩဇာ။ 

ဒါ . . . ချစ်စရာကောင်းတဲ့ ငါတို့ရင်ထဲက ထာဝရသစ္စာ။

‘‘ထောင်သောင်းမြောက်များ သွေးသစ်ပွားသော်

ငါကားဘယ်မှာ သေမည်နည်း။ ‘’

ဟုတ်တယ်

ခင်ဗျားမသေဘူး ကိုလေးမောင်

ကိုတင်မောင်ဝင်းလဲ မသေဘူး

ကိုစိန်ဝင်းလဲ မသေဘူး

ကိုခင်မောင်မြင့်လဲ မသေဘူး

ကိုကျော်မိုးလဲ မသေဘူး

မောင်စည်လဲ မသေဘူး

………မသေဘူး

………မသေဘူး

ကျုပ်လဲ မသေဘူး

ဘယ်သူမှ မသေဘူး။ 

ကျုပ်တို့အားလုံး အမြဲရှင်တယ်။ ။

(ဇွန်မှိုင်း) 



ဦးအောင်မေသု ကွယ်လွန်ခြင်း ၁ လပြည့် - မျောနေသူတယောက်ရဲ့ ကဗျာရွတ်ပွဲ - ကဗျာ ကောက်နှုတ်ချက် ဖြစ်သည်။  

ဦးအောင်မေသုကို လုပ်ဖော်ကိုင်ဖက်တွေက ဦးသု လို့ ခေါ်ကြသတဲ့။ စာရေးဆရာကြီး မြသန်းတင့်ကဆို ရဲနီအောင်မေသုလို့ ခေါ်တယ်လို့ ဆရာထက်မြက်က ရေးတယ်။ သူဟာ ပြတ်သား တယ်။ အကိုးအကားတွေနဲ့ ဆွေးနွေးစကားပြောတတ်သူ။ ချက်ကျလက်ကျ ထောက်ပြတတ်သူ။ ကိုကိုးကျွန်းကပြန်လာပြီး ထောင်ကလွတ်ချိန် ထောက်လှမ်းရေးမှူး ဗိုလ်မှူးချုပ်တင်ဦးက ‘‘ ခင်ဗျားတို့ ပစ္စည်းတွေ အကုန်ပြန်ပေးပြီးပြီ’’လို့ ပြောတော့ ဦးအောင်မေသုက ‘‘ကျုပ်ကို ဖမ်းတုန်းက ထန်းလျက် ၅၀ သားနဲ့ ဆေးလိပ်တစည်း ပြန်ပေးပါ။ ’’လို့ တောင်းတယ်။ ‘‘ဟာ ဘယ်ရှိတော့မှာလဲ’’ လို့ ပြောပေမဲ့ အဲ့ဒါတွေ မရရင် ထောင်က မထွက်ဘူးလို့ ပြောလို့ အပြင်က သွားဝယ်ပေးခဲ့ရတယ်လို့ သိရတယ်။ သူဟာ အဲ့သလို စစ်အာဏာပိုင်တွေကို မထီတထီလုပ်တယ်။ အကြောက်အလန့်ကင်းသူလို့ ဆိုကြပါရဲ့။

(မော်ကွန်း)

တိုင်းပြည်လူမျိုး

ကောင်းကျိုးဝေဖြာ

စေတနာ အဓိက

ဆောင်ရွက်ပြလို့

ထောင်ထဲကို အကြိမ်ကြိမ်သွင်း

ဘဝကို အပြတ်ရှင်း

ယင်းအဖြစ်ဆိုး

ဘဝဆက်တိုင်း မတိုးစေရန်

ဆုပန်ခြွေသည်

ကောင်းရာသုဂတိရောက်ပါစေ

ထို့ပြင်တခါ

လူသေသော်ငြား

နာမည်သေမသွား

နီအောင်မေသုဆိုတဲ့

ဒီမိုကရေစီဘက်တော်သား

လေးစားစွာ ဂုဏ်ပြုနေကြမှာတကား။ ။ 

မချို (လမ်းမတော်)

ဦးအောင်မေသုဟာ ‘‘NLD အတွက် အားကိုးရသူတဦး ဖြစ်တယ်။’’လို့ နာယကကြီး ဦးတင်ဦးက ပြောပါတယ်။ နီအောင်မေသု နဲ့အတူ သာယာဝတီထောင်မှာ နေခဲ့ဘူးတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုဂျင်မီကတော့ ‘‘ ဦးသုဟာ ဝါရင့်နိုင်ငံရေး အကျဉ်းသားကြီးဖြစ်ပြီး သံမဏိ နိုင်ငံရေးသမား တစ်ဦးလည်းဖြစ်တယ်။ အန်ကယ်ဟာ နိုင်ငံသား တစ်ယောက်ရဲ့ တာဝန်ကို ကျေလွန်းတဲ့ နိုင်ငံသား ဖြစ်တယ်။’’ လို့ ပြောပါတယ်။

သူရဲကောင်းသို့

(နီရဲသော ရဲဘော်နီ အောင်မေသု ...သို့ )

မြန်မာ့အကျဉ်းထောင်သမိုင်းမှာ

ကိုကိုးကျွန်းတိုက်ပွဲဟာ လွတ်လပ်မှုအတွက်

ဂုဏ်ရောင်အပြောင်ဆုံး မော်ကွန်းထိုးရမယ့်

အစာငတ်ခံတိုက်ပွဲပဲ  ဒီပွဲမှာ မင်းပါတယ်။ 

ဆရာဗန်းမော်တင်အောင်၊ ဆရာမြသန်းတင့် 

လေထီးဗိုလ်အုန်းမောင်၊ ဆရာရာဂျန်တို့

မင်းမင်္ဂလာဆောင်ကို ချီးမြှင့်ကြတယ်၊  ဂုဏ်ပြုကြတယ်

အဲ့ဒီနေ့ မယဉ်လှရဲ့အပြုံးကို ငါမြင်ခဲ့ရတယ်။

မြန်မာ့သမိုင်းမှာ ၈၈ အရေးတော်ပုံဟာ

လွတ်လပ်မှုအတွက်မော်ကွန်းတင်တဲ့တိုက်ပွဲပဲ ဒီပွဲမှာမင်းပါတယ်။

ဦးအောင်ရွှေ၊ ဦးတင်ဦး 

ဒေါ်အောင်ဆန်းစုကြည်တို့ မင်းဈာပနကို အလေးပြုကြတယ်

အဲ့ဒီနေ့ မယဉ်လှရဲ့ ပါးပြင်ကမျက်ရည် ငါမြင်ခဲ့ရပြီ။

မင်းဖြတ်သန်းသောခရီး သမိုင်းကပေးသောတာဝန်

မင်း ထမ်းဆောင်နိုင်ခဲ့ပြီပဲ

မင်း. . . မင်းတာဝန် ကျေပါတယ်ကွာ။

နီရဲသော အောင်မေသု ကောင်းရာသုဂတိ လားပါစေ။

စံဦး (NLD ကျောက်တံခါး) (ကိုအောင်မေသု ဈာပနတွင် ရေးသည်။)



 စက်တင်ဘာ ၁၇ တိုင်း နီအောင်မေသု အမှတ်တရကို ကျင်းပနေကြပါတယ်။ သတင်းစာဆရာကြီး ဦးဝင်းတင်က “ ဒီလို စစ်အာဏာရှင်စနစ်ဆိုးရဲ့ ဖိနှိပ်ညှဉ်းပန်းခံရပြီး ကျဆုံးသူ အာဇာနည် အထောင်အသောင်းတို့ရဲ့ ကျဆုံးခြင်း အထိမ်းအမှတ် ပွဲတွေဟာ စစ်အာဏာရှင်တွေအတွက် သူတို့ ပြုလုပ်ကျူးလွန်ခဲ့တဲ့ ရက်စက်ရိုင်းပြတဲ့ နှိပ်စက် ညှဉ်းပန်း သတ်ဖြတ်မှု ပေါ်လစီတွေကို အရိုးတွန်တဲ့ ပွဲအနေနဲ့ စဉ်ဆက်မပြတ် ဖော်ထုတ်နေဖို့ လိုတယ်။’’လို့ ပြောထားခဲ့ပါတယ်။ 

နီအောင်မေသုအတွက် ကဗျာတွေက များလှပါတယ်။ 

ရီနေ           ရဲ့ ဂန္ထဝင် အပြုံးတစ်စ၏ အတ္ထုပ္ပတ္ထိ ကဗျာ

ဆိုးဆိုး         ရဲ့ တပွင့်ကြွေသို့ ကဗျာ

ကေလွန်း      ရဲ့ ကိုး . . . . . .  ဆယ့်ခွန် ကဗျာ

ဒေါင်းဝေဇော် ရဲ့ ကောင်းကင်တော် ပြန်တမ်း ကဗျာ

ဂျာရဏ်        ရဲ့ အတ္တအကျဉ်းသား ကဗျာ

ဖိုးသူ            ရဲ့ သေဖို့ရှင်တဲ့သူ   အရှင်ကောင်းဖို့သေရဲ့ ကဗျာ

ငွေအိမ်သင်း  ရဲ့ ကြယ်သည်မကြွေ ကဗျာတွေလည်း ရှိနေသေးပေမဲ့ သိပ်ရှည်သွားမှာစိုးလို့ မဖော်ပြလိုက်တောပါ။ 

နေလင်း (ထားဝယ်) ရဲ့ ရဲဘော်နီအောင်မေသုကျဆုံးခြင်းအမှတ်တရ ကဗျာကို နောက်ဆုံးသတ်ပါ့မယ်။

( ရဲဘော် နီအောင်မေသု ကျဆုံးခြင်းအမှတ်တရ)

တကျွန်းအပြန်အဖန်ဖန်အညှဉ်းခံလို့

ထောင်နံရံလေးဘက်ကြားက အချုပ်ခန်းစံရ

ထောင်ကလွတ်ပြန်တော့ အကြော့အမော့သူမနေတယ်

အာဏာရှင်တွေလှည့်စားသမျှ ဖွင့်ချလို့တုံ့ပြန်

မဟုတ်မခံစိတ်ဓာတ်နဲ့ အဟုတ်အမှန်တိုက်ပွဲဝင်

၈၈ အမြန်ယာဉ်ကို ရဲဝံ့စွာ တက်စီးကာ

NLD ပေါ်လာတော့ အဖွဲ့ဝင်ကာ ဒေါ်စုနဲ့လက်တွဲ

တိုက်ပွဲကိုဆက်ဆင့် ၉၀ မှာပင် အောင်နိုင်ခဲ့

သတ္တိကြောင်စစ်ကောင်တွေက ကလိန်ကကျစ်လုပ်ပြန်တော့

ခေါင်းငုံ၍သူမခံ၊ လေဆန်သာသူလျှောက်ခဲ့

လေစုံဖက်သူမမျှော၊ ကြာလို့လည်းသူမရှောင်တယ်

ကြောင်လို့ရယ်သူမရောလေဘူး

အပြောနဲ့အလုပ်အဟုတ်ဆောင်တယ်

ဘက်ညီအောင် ဆောင်ယူနှောလို့ 

ရန်သူထောင် အကျဉ်းစခန်းဝယ်

ဆင်းအတက်ရယ် ကြိမ်အဖန်ဖန်နဲ့

ညှဉ်းချက်တွေ ဒဏ်ရာပြင်းလို့နော်

အောင်မေသု ကျဆုံးလေရ

သူ့အလှဒို့ပန်ဆင်မယ် အာဏာရှင် စံနစ်ဆိုးကိုလ

လက်စတုံး ချေမှုန်းကြမယ်လေး။ ။

နေလင်း (ထားဝယ်)

ဦးအောင်မေသု ကျဆုံးတဲ့ နှစ်ပတ်ပတ်လည်နေ့မှာ သူ့အမှာစကားလေး ၂ ခုနဲ့ နိဂုံးပြုပါမယ်။ စကားတခွန်းကတော့

“ ဒီမှာ ကျနော်ပြောမယ် နိုင်ငံရေးလုပ်တယ်ဆိုတာ အာဏာလိုအပ်လို့ လုပ်ရတာပဲ။ တနည်းပြောရင် အာဏာလိုချင်လို့ဗျာ။ အာဏာလိုချင်တယ် ဆိုတာကလည်း ပဒေသရာဇ်တွေ စကားနဲ့ ပြောရရင် ရှင်ဘုရင်လုပ်ချင်တာပဲ။ တခုပဲရှိတယ်။ ရှင်ဘုရင် လုပ်ချင်တဲ့ကောင်ဆိုတာ ညံ့လို့မရဘူး။ ညံ့တဲ့ကောင်းလဲ ဘယ်တော့မှ ရှင်ဘုရင်မဖြစ်ဘူး။’’

ဦးသုရဲ့ ဒီစကားလေးကို စဉ်းစားကြပါကုန်။ သူ့ပြောလေ့တဲ့ နောက်စကားကတော့ . . .

“ ကျုပ်တသက်လုံး နိုင်ငံရေးလုပ်မယ်။ ထောင်ကလွတ်သွားလည်းလုပ်မယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတယ်။ ဒီလို ဒေါ်အောင်ဆန်းစုကြည် ထောက်ခံလို့ မလွှတ်ဘူးဆိုရင် တသက်လုံး ထောင်ထဲမှာထား။ နေမယ်။ မှတ်ထား ရန်သူက ဆန့်ကျင်တာမှန်သမျှ ကျနော်တို့ ထောက်ခံရမယ်။ ရန်သူက ထောက်ခံတာမှန်သမျှ ကျနော်တို့ ဆန့်ကျင်ရမယ်။ ’’

ဒီစကား နှစ်ခွန်းကို ဆင်ခြင်ရင်း ၂၀၂၀ စက်တင်ဘာ ၁၇ နီအောင်မေသု ကျဆုံးတဲ့ ၁၈ နှစ်မြောက်မှာ သူ့ကို ဂုဏ်ပြုကြပါစို့။ ။

မောင်တူး

- - - - ကိုးကား - - - -

၁။ ရဲဘော် နီအောင်မေသု (ခ) ဦးသု ကျဆုံးခြင်း ၁၁ နှစ် အထိမ်းအမှတ် စာအုပ်  ၇- ၁၀- ၂၀၁၃ 

၂။ ခွပ်ဒေါင်းဇာနည် ဒီမိုကရေစီ သူရဲကောင်း ၄ ဦး (ခေတ်သစ်စာပေ)                    မတ် ၂၀၁၇

၃။ မာယာဘလော့ဂ်                                                                          စက်တင်ဘာ ၂၀၀၂

၄။ ရှစ်စက္ကန့်ငြိမ် ၊ စွန့်လွှတ်သူတို့၏ ရာဇဝင်- AAPP                                             မေ ၂၀၀၆

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013