DVB Logo
Home
မြန်မာသတင်း
တယ်လီနော်ကုမ္ပဏီက မြန်မာဝန်ထမ်းများကို အများဆုံး ခန့်အပ်မည်
DVB
·
June 27, 2013
တယ်လီနော်ကုမ္ပဏီက  မြန်မာဝန်ထမ်းများကို အများဆုံး ခန့်အပ်မည်
Donate to DVB

မြန်မာ့ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်းလုပ်ခွင့် လိုင်စင်ရရှိခဲ့တဲ့ နော်ဝေအခြေစိုက် တယ်လီနော်ကုမ္ပဏီက တယ်လီဖုန်း လုပ်ငန်းတွေကို အမြန်အကောင်ထည်ဖော်ပြီး မြန်မာနိုင်ငံသား ကျွမ်းကျင်သူတွေကို အလုပ်ခန့်အပ်ကာ သက်သာတဲ့ဈေးနှုန်းနဲ့ လုပ်ဆောင်မယ်လို့ ကုမ္ပဏီရဲ့ အာရှဒေသဆိုင်ရာ ဆက်သွယ်ရေး ညွန်ကြားရေးမှူး ဂလန်မန်ဒီလစ်က ဒီဗွီဘီကို ပြောပါတယ်။

“မြန်မာက ကျနော်တို့ကုမ္ပဏီအတွက် အလုပ်ခန့်မယ့်လူအများစုဟာ ဒေသခံဝန်ထမ်းတွေပဲ ဖြစ်မှာပါ။ ဒါကြောင့် ကျနော်တို့ ကုမ္ပဏီအသစ်မှာ လိုအပ်တဲ့နေရာတွေ အတွက် ဒေသခံ ကျွမ်းကျင်တဲ့သူတွေကို ခန့်အပ်သွားမှာလည်းဖြစ်ပါတယ်။ ကျနော်တို့က အာရှမှာလည်း လုပ်ငန်း အတွေ့အကြုံတွေရှိပါတယ်။ ကျနော်တို့ရဲ့ ၀န်ဆောင်မှုဟာလည်း မြန်မာလူထုတွေ အားလုံး တတ်နိုင်ရမှာ ဖြစ်ပါတယ်။”

ဆက်သွယ်ရေးနဲ့ နည်းပညာလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံဖို့ ကြိုးစားနေတဲ့ ကုမ္ပဏီတွေထဲက နော်ဝေအခြေစိုက် တယ်လီနော်ကုမ္ပဏီနဲ့ ကာတာအခြေစိုက် အော်ရီဒူးကုမ္ပဏီတို့ကို ရွေးချယ်လိုက်ကြောင်း တင်ဒါစိစစ်ရေးအဖွဲ့က ဒီနေ့ ကြေညာလိုက်တာပါ။

ဥရောပ မြောက်ပိုင်း၊ အရှေ့နဲ့ အလယ်ပိုင်းအပါအ၀င် အာရှဒေသ ဆက်သွယ်ရေး ဈေးကွက်ကြီး ၅ ခုမှာ ဆက်သွယ်ရေးဝန်ဆောင်မှုတွေ ပေးနေတဲ့ တယ်လီနော်ကုမ္ပဏီဟာ ဆက်သွယ်ရေးရင်းနှီးမြှုပ်နှံခွင့် လိုင်စင်ရရှိရင် ၁ နှစ်အတွင်း ဆက်သွယ်ရေးဝန်ဆောင်မှုတွေ ပေးနိုင်မယ်လို့ ကုမ္ပဏီဥက္ကဋ္ဌက ပြောဆိုထားပါတယ်။

၂၀၁၂ ခုနှစ်အထိ တယ်လီနော် မိုဘိုင်းအသုံးပြုသူကမ္ဘာမှာ ၁၄၈ သန်း ရှိပါတယ်။ ၂၀၁၂ ခုနှစ်အတွက် လုပ်ငန်း မတည်ငွေ နော်ဝေခရိုနာ ၁၀၂ ဘီလီယံ အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံဝန်းကျင် ရင်းနှီးမြှုပ်နှံထားပြီး ၀န်ထမ်း ၃ သောင်းကျော် ရှိပါတယ်။

အခုလို ဆက်သွယ်ရေးတင်ဒါ အောင်မြင်သွားတဲ့အတွက် အထူးဝမ်းမြောက်ကြောင်းနဲ့ အပြီးသတ်လုပ်ငန်းစဉ်တွေအတွက် မြန်မာအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ တယ်လီနော်က ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

“ကျနော်တို့ဟာ မြန်မာပြည်သူတွေအတွက် မိုဘိုင်းဖုန်း ၀န်ဆောင်မှု ပေးနိုင်ဖို့အတွက် ကျနော်တို့ရဲ့ အတွေ့အကြုံ၊ နည်းပညာနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို တာဝန်ယူမှုရှိရှိနဲ့ အသုံးချပြီး အကောင်အထည်ဖော်သွားဖို့ သံန္နိဋ္ဌာန်ချထားပါတယ်။ အခုလက်ရှိမှာ လိုင်စင်လုပ်ငန်းရဲ့ နောက်ဆုံး အပြီးသတ်လုပ်ငန်းစဉ်တွေကို မြန်မာအစိုးရနဲ့ ညှိနှိုင်းလုပ်ဆောင်သွားဖို့ ရှိနေပါတယ်” လို့ တယ်လီနော် ဥက္ကဋ္ဌနဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Jon Fredrik Baksaas က ကြေညာချက်မှာ ပြောဆိုပါတယ်။

ကာတာအခြေစိုက် အိုရီဒူးကုမ္ပဏီဟာ အမေရိကန် ဒေါ်လာ ၉ ဘီလီယံ ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံမှာ အကြီးမားဆုံး ဆက်သွယ်ရေး ကုမ္ပဏီဖြစ်တဲ့ အင်ဒိုဆက်ကုမ္ပဏီကိုလည်း ပိုင်ဆိုင်ထားပါတယ်။

အော်ရီဒူးကုမ္ပဏီဟာ အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်ပြီး ၂ နှစ်အတွင်းမှာ မြန်မာ့လူဦးရေ ၉၀ ရာခိုင်နှုန်းအထိ 3G တယ်လီဖုန်း သုံးစွဲခွင့်ရအောင် ပြုလုပ်မယ်လို့ ပြောဆိုထားပြီး တာဝါတိုင်ပေါင်း ၁ သောင်းကိုလည်း တည်ဆောက်သွားမယ်လို့  ပြောထားပါတယ်။

တင်ဒါအောင်မြင်တဲ့ ကုမ္ပဏီစာရင်းထဲမှာ အရန်ကုမ္ပဏီတွေအဖြစ် ပြင်သစ်အခြေစိုက် အော်ရိမ်းကုမ္ပဏီနဲ့ ဂျပန်အခြေစိုက် မာရူဘီနီ ကုမ္ပဏီကို ရွေးချယ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013