
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ တရုတ်နယ်စပ်မြို့ တုန်တုံးမှာရှိတဲ့ သမိုင်းဝင် ကိုရီးယားစစ်ပွဲ အာဇာနည်ကျောက်တိုင်ဆီ သွားရောက်လည်ပတ်ပြီးတဲ့နောက် အောက်တိုဘာ ၂၅ ရက် ကားလမ်းနဲ့ မြောက်ကိုရီးယားနိုင်ငံဆီ ပြန်ရောက်လာပြီလို့ မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာက ဖော်ပြပါတယ်။
ကင်မ်ဂျုံအန်းဟာ စနေနေ့မှာ တန်တုံးမြို့ဆီ သွားရောက်လည်ပတ်ခဲ့ပြီး တရုတ်ပြည်မကြီးအစိုးရနဲ့ မြောက်ကိုရီးယား အစိုးရတို့ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံရေး တိုးချဲ့နိုင်ရေး တွန်းအားပေးမှုကို ကိုယ်စားပြုတဲ့ မကြာသေးမီက ဖွင့်လှစ်ခဲ့တဲ့ တံတားတစင်း ကို ဖြတ်ကျော်ခဲ့ပါတယ်။
မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာက ခရီးစဉ်ရဲ့ သမိုင်းဝင်အလေးချိန်ကို အလေးပေးဖော်ပြခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးကို ၁၉၅၀-၁၉၅၃ ပဋိပက္ခအတွင်း တည်ဆောက်ခဲ့တဲ့ မပျက်စီး နိုင်တဲ့ နှောင်ကြိုးအဖြစ် ဖော်ပြခဲ့ပါတယ်။
ကင်မ်က သူ့ရဲ့ခရီးစဉ်အတွင်း မြောက်ကိုရီးယားပြည်သူတွေဟာ တရုတ်ပြည်သူတွေနဲ့ အတူ တိုက်ပွဲဝင်ခဲ့တဲ့ ကြီးကျယ်ခမ်းနားတဲ့ နှစ်တွေကို ထာဝရမှတ်မိနေမယ်လို့ ပြောပါတယ်။
ကင်မ်က “ကျနော်တို့ရဲ့ တော်လှန်ရေးကို သွေးနဲ့ကူညီခဲ့ကြတဲ့ တရုတ်ပြည်သူတွေအပေါ် မျိုးဆက်အလိုက် တင်ရတဲ့ ကျေးဇူးတရားကို လက်ဆင့်ကမ်းပေးမယ်”လို့ KCNA သတင်းဌာနက ဖော်ပြပါတယ်။
လာမဲ့လမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ဒေသတွင်းခရီးစဉ်မတိုင်မီ တရုတ်နဲ့ မြောက်ကိုရီးယားတို့ရဲ့ စီးပွားရေး ဆက်ဆံရေးကို ခိုင်မာစေဖို့ အခုခရီးစဉ်ကို ပြန်တွန်းအားပေးတဲ့ ခရီးစဉ်အဖြစ် ရှုမြင်ကြပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ရုရှားအစိုးရနဲ့ စစ်ရေးဆက်ဆံရေးကို နက်ရှိုင်းစေခဲ့တဲ့ မြောက်ကိုရီးယားရဲ့ သိမ်မွေ့တဲ့ သံတမန်ရေးဟန်ချက် ထိန်းညှိုတဲ့ လုပ်ဆောင်ချက် ကိုလည်း မီးမောင်းထိုးပြနေပါတယ်။
ကင်မ်ရဲ့ခရီးစဉ်အတွင်း တရုတ်နိုင်ငံရဲ့ စတုတ္ထမြောက် ရာထူးအမြင့်ဆုံးအရာရှိ ဝမ်ဟူနင် လိုက်ပါလာခဲ့ပြီး သမ္မတရှီကျင့်ဖျင်ဆီက နှုတ်ခွန်းဆက်စကားတွေကို နှုတ်ဆင့်ကမ်း ပြောခဲ့တယ်လို့ ဆင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။
မြောက်ကိုရီးယားနိုင်ငံ ပြည်သူ့စစ်တပ်ရဲ့ တပ်ခွဲတွေကို အဆင့်မြင့်ပြီး ကိုယ့်အားကိုယ်ကိုး တိုက်ခိုက်ရေး တပ်ခွဲတွေ ဖြစ်အောင် ပြောင်းလဲဖွဲ့စည်းကြဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက မြို့တော်ပြုံးယမ်းမှာ ၂ ရက်ကြာ ပြုလုပ်ခဲ့တဲ့ တပ်ခွဲမှူးများ အစည်းအဝေးမှာ တိုက်တွန်းလိုက်တယ်လို့ နိုင်ငံပိုင် KRT ရုပ်မြင်သံကြားက အောက်တိုဘာ ၂၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဒီပွဲဟာ စစ်တပ်ကို ပိုမိုတောင့်တင်းခိုင်မာအောင် ဆောင်ရွက်နေတဲ့ ကင်မ်ရဲ့ အဓိက မူဝါဒဦးစားပေးမှုကို အထင်းသား ပြသနေတာ ဖြစ်ပါတယ်။
အောက်တိုဘာ ၂၂ ရက်ကနေ ၂၃ ရက်အထိ ကျင်းပခဲ့တဲ့ မြောက်ကိုရီးယားစစ်တပ် တပ်ခွဲမှူးများ ညီလာခံ မိန့်ခွန်းမှာ ကင်မ်က "ခေတ်သစ် စစ်တပ် တည်ဆောက်ရေး အဓိကပန်းတိုင်" ကို ရောက်ရှိနိုင်ဖို့ တပ်ခွဲတိုင်း အပြည့်အဝ ပြင်ဆင်ထားကြဖို့ တောင်းဆိုခဲ့ပါတယ်။
စစ်တပ်ရဲ့ လာမဲ့ ၅ နှစ်တာ သွားရမဲ့ လမ်းကြောင်းကို အတည်ပြုပေးခဲ့တဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ မြောက်ကိုရီးယား အာဏာရပါတီရဲ့ ၉ ကြိမ်မြောက် ကွန်ဂရက်ညီလာခံမှာလည်း ကင်မ်က နျူကလီးယားနဲ့ ဒုံးကျည်လက်နက်တွေ ပိုမိုတိုးတက်အောင် လုပ်ဆောင်မှုကို ပြန်အတည်ပြုခဲ့သလို သမားရိုးကျ လက်နက်ကိုင် စစ်တပ်တွေကိုလည်း ပိုမိုအင်အားတောင့်တင်းအောင် ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပါတယ်။
ဒါ့အပြင် ကင်မ်ဟာ စနေနေ့က အသစ်ဖွင့်လှစ်လိုက်တဲ့ တံတားကနေတဆင့် အိမ်နီးချင်း တရုတ်နိုင်ငံကို သွားရောက်ခဲ့ကြောင်း တောင်ကိုရီးယား အစိုးရတာဝန်ရှိသူက ပြောပါတယ်။
တရုတ်ဝန်ကြီးချုပ် လီချန်က နယ်စပ်မြို့တမြို့မှာ ကင်မ်ကို သွားရောက်တွေ့ဆုံခဲ့တယ်လို့ အမည်မဖော်လိုတဲ့ တောင်ကိုရီးယား အရာရှိတယောက်က ပြောပါတယ်။











