DVB Logo
Home
မြန်မာသတင်း
သုဝဏ္ဏဘူမိ သထုံမြို့ဟောင်း တူးဖော်မည်
DVB
·
June 27, 2013
Donate to DVB

၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်မှာ မွန်ပြည်နယ်အတွင်းက မွန်လူမျိုးတို့ရဲ့ ရှေးဟောင်းမြို့တော် သုဝဏ္ဏဘူမိ သထုံမြို့ဟောင်း တူးဖော်ရေးလုပ်ငန်းတွေကို လုပ်ဆောင်သွားမယ်လို့ တူးဖော်ရေး လုပ်ငန်းတွေကို ဦးဆောင်တဲ့သူတွေက ပြောပါတယ်။

မွန်ပြည်နယ်အတွင်းက ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ ဖော်ထုတ်ပြီး ဟိုတယ်နဲ့ ခရီးသွားလာရေးလုပ်ငန်းတွေ ပိုမိုးတိုးတက်လာစေဖို့ ရည်ရွယ်ပြီး ဒီမြို့ဟောင်းကို တူးဖော်တာ ဖြစ်တယ်လို့ မွန်ပြည်နယ်က ပြည်နယ်ဝန်ကြီး ဒေါက်တာမင်းနွယ်စိုးက ပြောပါတယ်။

ဘီးလင်းမြိုနယ် ကေလာသတောင်ခြေနားနဲ့ သထုံမြို့ဟောင်းနားက နေရာတွေမှာ တူးဖော်ဖို့ အကြမ်းဖျင်း သဘောတူညီချက် ရရှိပြီဖြစ်တဲ့အတွက် ပြည်ထောင်စုအစိုးရဆီကို ဆက်လက် တင်ပြမယ်လို့ ဆိုပါတယ်။

ဒီမြို့ဟောင်းတူးဖော်ရတဲ့ ရည်ရွယ်ချက်ကို ဒေါက်တာမင်းနွယ်စိုးက “နေရာကတော့ ယဉ်ကျေးမှုရဲ့ အနေအထားအရ တူးသင့်တဲ့နေရာပဲလေ။ ရှေးဟောင်း အဆောက်အအုံဌာနတွေကို ဖော်ထုတ်တာလည်း ပါတယ်။  နောက်ပြီး ဟိုတယ်နှင့်ခရီးသွားလာရေးအတွက် နိုင်ငံခြားခရီးသွားတွေကို ဆွဲဆောင်တာလည်းပါတယ်။နာက်တခုက သုဝဏ္ဏဘူမိနဲ့ ပတ်သက်ပြီးတော့ ကွဲပြားနေတဲ့ အယူအဆတွေ ရှိတယ်။ တချို့တွေက မြန်မာပြည်မှာ မရှိဘူး၊ ဟိုမှာရှိတယ် ဒီမှာရှိတယ်နဲ့ အမျိုးမျိုး ပြောနေတာ။ အဲဒါကိုလည်း ကျနော်တို့က ဒီမှာရှိတယ်ဆိုတာလည်း ပြချင်တာ ပါတယ်” လို့ ရှင်းပြပါတယ်။

သုဝဏ္ဏဘူမိမြို့ဟောင်းတူးဖော်ဖို့ အတွက် အလုပ်ရုံဆွေးနွေးပွဲကို မော်လမြိုင်မှာ ဇွန် ၂၅၊ ၂၆ ရက်နေ့က ကျင်းပခဲ့ပြီး ပညာရှင်တွေက စာတမ်းတွေ ဖတ်ကြားခဲ့သလို အလုပ်ရုံဆွေးနွေးပွဲကိုလည်း လုပ်ဆောင်ခဲ့တယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် တူးဖော်တာကို ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ယဉ်ကျေးမှုဝန်ကြီးဌာနက ဦးစီး လုပ်ဆောင်တာ ဖြစ်ပြီး တူးဖော်ဖို့အတွက် သွားရောက်လေ့လာတာတွေ လုပ်ဆောင်ရမှာ  ဖြစ်သလို ပြည်သူလူထုကို အသိပေးရမှာ ဖြစ်တယ်လို့လည်း သူက ရှင်းပြပါတယ်။

ဒီမြို့ဟောင်းတူးဖော်ဖို့ အတွက် ကြုံတွေရတဲ့ အခက်အခဲနဲ့ ပတ်သက်ပြီးတော့ ဒေါက်တာမင်းနွယ်စိုးက  “ဘာလို့လဲဆိုတော့ လူနေအိမ်ခြေတွေများ ဖြစ်နေပြီလား၊ ဒါလည်း ကျနော်တို့ ပြန်ကြည့်ရမယ်။ လူနေအိမ်ခြေတွေကို ဖယ်ခိုင်းပြီး ကျနော်တို့ တူးရင်လည်း မဖြစ်ဘူး။ ရှဉ့်လဲလျှောက်သာ ပျားလဲစွဲသာ ပုံစံမျိုးနဲ့ ကျနော်တို့က တူးသွားရမှာ။ နောက်တခုက ငွေကြေး ဘတ်ဂျက်အကန့်အသတ်တွေ ရှိနိုင်တယ်။ ကျွမ်းကျင်ပညာရှင်တွေ မလုံလောက်တာ ဖြစ်နိုင်တယ်။ ပြီးတော့ မြေအောက်ရောက်နေတဲ့ဟာ ပြန်တူးတဲ့အခါကျရင် မျှော်မှန်းတဲ့အတိုင်း ဖြစ်မဖြစ်ဆိုတာ တူးကြည့်မှ သိမယ်။ ဒီအခက်ခဲတွေတော့ ရှိနိုင်ပါတယ်” လို့ ပြောပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း ၉၀၀ ကျော်က ကွယ်ပျောက်နေတဲ့ မြို့ဟောင်းအဖြစ် ပညာရှင်တွေက ဒီမြို့နဲ့ ပတ်သက်ပြီးတော့ ယူဆခဲ့သလို ၁၉၇၅ ခုနှစ်တုန်းကလည်း တူးဖော်ရေးလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013