
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ ကွာရန်တင်းဝင်နေတဲ့ တရုတ်ပြည်က ပြန်ရောက် လာသူ တစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ခဲ့တယ်လို့ မူဆယ်ဆေးရုံအုပ် ဒေါက်တာ ဟန်နိုင်စိုး က ပြောကြားပါတယ်။
လူနာဟာ အသက် ၂၉ နှစ်အရွယ် အမျိုးသားတယောက်ဖြစ်ပြီး ရောဂါလက္ခဏာလည်း မပြဘဲ သူ့ရဲ့ ဓာတ်ခွဲနမူနာယူ စစ်ဆေးတဲ့အခါ စက်တင်ဘာ ၁၄ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ပိုးတွေ့ရှိကြောင်း သိရတာဖြစ်ပြီး လက်ရှိ မူဆယ်ဆေးရုံကို ပို့ဆောင်ထားပါတယ်။
တရုတ်ပြည်ကပြန်ရောက်လာသူအားလုံးကို မူဆယ်မြို့ ပြည်ထောင်စု အားကစားကွင်းမှာ ကွာရန်တင်းထားကာ နမူနာယူစစ်ဆေးပြီး အဖြေရလို့ ပိုးမတွေ့ရမှသာ သူတို့ဇာတိ တိုင်းနဲ့ ပြည်နယ်တွေဆီပြန်လွှတ်ပြီး သူတို့နေရပ်မှာ ကွာရန်တင်းဆက်ဝင်ရတာဖြစ်ပါတယ်။
လူနာနဲ့အတူ ပြန်လည်ဝင်ရောက်လာသူ အယောက် ၁၃၀ လောက်ရှိပြီး တရုတ်ပြည်က ပြန်လွှဲလာတဲ့လူတွေ ဖြစ်ကာ အကျဉ်းသားတွေ အများဆုံးပါဝင်တယ်လို့ သိရပါတယ်။
အဆိုပါလူနာနဲ့ ထိတွေ့မိသူ ပရဟိတအဖွဲ့က ၅ ဦး နဲ့ ဝန်ထမ်းတွေကိုလည်း ကွာရန်တင်းထားဖို့ ဆောင်ရွက်နေတယ်လို့ ဂရုဏာလူမှုကူညီရေးအသင်းက ဦးသောင်းထွန်းက ပြောပါတယ်။
မူဆယ်၊ လောက်ကိုင်၊ ချင်းရွှေဟော်တို့မှ နေရပ်ပြန်ပြည်သူတွေ ဝင်ရောက်လာနေပြီး မေလ ၆ ရက်မှ စက်တင်ဘာ ၁၄ ရက် အထိ နေရပ်ပြန်ပြည်သူ အမျိုးသား ၉၈၅၅ ဦး၊ အမျိုးသမီး ၆၂၃၇ ဦး စုစုပေါင်း ၁၆၀၉၂ ဦးရှိနေပါပြီ။
သတင်း- နန်းစံပယ်










