DVB Logo
Home
မေးမြန်းခန်း
ဆက်သွယ်ရေးအော်ပရေတာအောင်သူ ဒီကနေ့ ကြေညာပါမည် – ဒေါက်တာဆက်အောင်
DVB
·
June 27, 2013
Donate to DVB

ဆက်သွယ်ရေးအော်ပရေတာ တင်ဒါအောင်တဲ့ ၂ ခု အမည်စာရင်းကို သတ်မှတ်ချက် အတိုင်း ဒီနေ့ ထုတ်ပြန်ကြေညာမယ်လို့ အမျိုးသားစီမံကိန်းနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန တင်ဒါရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာဆက်အောင်က ဒီဗွီဘီကို ပြောဆိုပါတယ်။

ဇွန် ၂၆ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ တနိုင်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးမျိုးဆွေက ဆက်သွယ်ရေးဥပဒေလို သီးခြားဥပဒေတခုပြဋ္ဌာန်းပြီးမှ နိုင်ငံခြား၊ ပြည်တွင်းနဲ့ ပြည်ပကုမ္ပဏီတွေကို ဆက်သွယ်ရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး ကန်ထရိုက်တင်ဒါခေါ်ဖို့၊ လုပ်ငန်းအပ်နှံဖို့ကို အရေးကြီးအဆိုတင်ခဲ့ရာမှာ အဆို အောင်မြင်ခဲ့ပါတယ်။

ဒါကြောင့် ဒီနေ့ ထုတ်ပြန်ကြေညာဖို့ရှိတဲ့ ဆက်သွယ်ရေးအော်ပရေတာ ကြေညာဖြစ်ပါတော့မလားလို့ မေးမြန်းချက် ကို ဒေါက်တာ ဆက်အောင်က ဖြေဆိုခဲ့တာပါ။

အနောက်နဲ့အရှေ့ဒေသ အချိန်ခြားနားမှုကြောင့် စောင့်စားနေရတာဖြစ်ပြီး ကုမ္ပဏီတွေကို အကြောင်းကြားပြီး နာရီပိုင်းအတွင်း ထုတ်ပြန်ကြေညာချက်ထုတ်ပြန်မယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးအော်ပရေတာ လုပ်ငန်း လုပ်ကိုင်ခွင့်ကို ၄ ခု ချထားပေးထားတဲ့အနက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနဲ့ ရတနာပုံ တယ်လီပို့(စ်)ကုမ္ပဏီတို့က ယှဉ်ပြိုင်စရာမလိုဘဲ အော်ပရေတာ တခုစီ ရရှိထားပြီး ကျန်ရှိတဲ့ အော်ပရေတာ ၂ ခုကို စကာတင် ရွေးချယ်ထားတဲ့ ၁၂ ခုထဲကနေ ရွေးရမှာပါ။ ဒါပေမယ့် တလောက ဆန်ခါတင်ထဲက တခု နုတ်ထွက်သွားတာကြောင့် ၁၁ ခုပဲ ကျန်ရှိပါတယ်။

အဲဒီ ၁၁ ခုထဲကနေ တင်ဒါအောင်မြင်တဲ့ ၂ ခု အမည်စာရင်းကို ဇွန် ၂၇ ရက်နေ့မှာ ထုတ်ပြန်မယ်။ ဒီနောက် ၂၀၁၃ ခုနှစ် ဇူလိုင်နဲ့ စက်တင်ဘာတွေမှာတော့ လိုင်စင်ထုတ်ပေးမယ်လို့ အစီအစဉ်ကို တင်ဒါရွေးချယ်ရေးကော်မတီက ကြေညာထားပါတယ်။

ဒေါက်တာဆက်အောင်ကို ရန်ကုန်အခြေစိုက် ဒီဗွီဘီသတင်းထောက် ဦးသိုက်ဇင်က ဆက်သွယ် မေးမြန်းထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013