DVB Logo
Home
ဆောင်းပါး
တိုင်း(မ်)မဂ္ဂဇင်း ဆောင်းပါးနဲ့ အစိုးရရဲ့ အရေးယူ ဆောင်ရွက်မှု
DVB
·
June 27, 2013
တိုင်း(မ်)မဂ္ဂဇင်း ဆောင်းပါးနဲ့ အစိုးရရဲ့ အရေးယူ ဆောင်ရွက်မှု
Donate to DVB

အားလုံးသိကြတဲ့အတိုင်း လက်ရှိပြည်တွင်းမှာ ဂယက်အရိုက်ဆုံးနဲ့ အပျံ့နှံ့ဆုံးကိစ္စ တခုကတော့ လာမယ့် ဇူလိုင်လဆန်းမှာ ထုတ်ဝေမယ့် ကမ္ဘာကျော် တိုင်း(မ်)မဂ္ဂဇင်း မျက်နှာဖုံးဆောင်းပါးကိစ္စ ဖြစ်ပါတယ်။ မျက်နှာဖုံးမှာ The Face of Buddhist Terror ခေါင်းစဉ် တပ်ထားပြီး အတွင်းမှာတော့ ဆောင်းပါးရှင် ဟန်နာဘိခ်ျ (Hannah Beech) ရဲ့ When Buddhists Go Bad ခေါင်းစဉ်နဲ့ ဖော်ပြထားပါတယ်။ ဒီဆောင်းပါးရဲ့ ဆိုလိုရင်း ဘာလဲ၊ ပြည်တွင်းမှာ ဘယ်လို ဂယက်ရိုက်ခတ်ခဲ့သလဲ၊ အစိုးရက ဒါကို ကိုင်တယ်ဖြေရှင်းဖို့ ဘယ်လို စပြီး ဆောင်ရွက်နေပြီလဲ ဆိုတာ ခုတပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

တိုင်း(မ်)မဂ္ဂဇင်းထဲမှာ ဆောင်းပါးရှင် ဟန်နာဘိခ်ျ ဖော်ပြတာကတော့ သိပ်မကြာသေးခင် ကာလအတွင်း ဗုဒ္ဓဘာသာကိုးကွယ်တဲ့ သီရိလင်္ကာ၊ ထိုင်းတောင်ပိုင်းနဲ့ မြန်မာနိုင်ငံထဲက ပြောင်းလဲလာခဲ့တဲ့ အခြေအနေအကြောင်းတွေပါ။ ကမ္ဘာပေါ်မှာ ကိုးကွယ်တဲ့ ဘာသာအမျိုးမျိုးရှိတဲ့အနက် အရင်က အစွန်းရောက်မှုနဲ့ ပတ်သက်ရင် ဟိန္ဒူ အမျိုးသားရေးဝါဒ၊ အစ္စလာမ် စစ်သွေးကြွ၊ ခရစ်ယာန် အခြေခံဝါဒီ၊ အော်သိုဒေါ့ဂျူး စတဲ့ ဘာသာတွေမှာ ရှိခဲ့ကြောင်း နှစ်ပေါင်း ထောင်ချီ သက်တမ်းရှိခဲ့ပြီဖြစ်တဲ့ ဗုဒ္ဓဘာသာမှာတော့ အခြားဘာသာတွေနဲ့ မတူတဲ့ ထိန်းသိမ်းလိုက်နာမှုတွေရှိတဲ့အတွက် အစွန်းရောက်တွေ နေရာမရတဲ့ ကောင်းမွန်တဲ့ ဘာသာတခုအဖြစ် အမွှမ်းတင် ဖော်ပြပါတယ်။ ဒါပေမယ့် သိပ်မကြာသေးခင်ကာလ သီရိလင်္ကာမှာ ဖြစ်ပျက်ခဲ့တာတွေ၊ မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တာတွေ၊ ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဖြစ်ပျက်ခဲ့တာတွေကို ဆက်စပ်ထောက်ပြပြီး ဗုဒ္ဓဘာသာအနေနဲ့လည်း အခြားဘာသာတွေ နည်းတူ မူလ ပင်ကိုယ်သဘာဝနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ ပေါ်ပေါက်လာပြီး ဒါကို သူက ဘာသာရေးတိုင်းမှာ ရှိတတ်တဲ့ အဖျက်လုပ်ငန်းရဲ့ လှည့်စားမှုအဖြစ် ရှင်းပြထားပါတယ်။

သူရဲ့ အဓိကဆိုလိုရင်းကတော့ အစွန်းရောက်သူတချို့ကြောင့် ဗုဒ္ဓဘာသာရဲ့ ပုံရိပ် ညှိုးနွမ်းခဲ့ရတာကိုပါ။ ဗုဒ္ဓဘာသာကို စော်ကားတာ၊ တိုက်ခိုက်တာနဲ့ ပုံပျက်ပန်းပျက်ဖြစ်အောင် ရေးသားတာမျိုး မပါဝင်ပါဘူး။ ဒါပေမယ့် နောက်ပိုင်း တိုင်း(မ်)မဂ္ဂဇင်းပါ ဆောင်းပါးကို နိုင်ငံတော် သမ္မတရုံးနဲ့ ပုဂလိကသတင်းစာတချို့က လက်မခံနိုင်ဘူးဆိုပြီး ကန့်ကွက်တဲ့သတင်းတွေ ထွက်ပေါ်လာပါတယ်။ ကန့်ကွက်တယ်ဆိုပေမယ့် ဆောင်းပါးပါ ဘယ်အချက်အလက်ဟာ မှားယွင်းနေတယ်၊ ဘယ်အချက်အလက်တွေကတော့ သတင်းစာကျင့်ဝတ်နဲ့ မကိုက်ညီပါဘူး ဆိုပြီး စနစ်တကျ ထောက်ပြထားတာကိုတော့ မတွေ့ရပါဘူး။ တချို့သတင်းစာတွေကတော့ တိုင်း(မ်)မဂ္ဂဇင်းကပဲ နိုင်ငံတကာက ဗုဒ္ဓဘာသာကို ပုံဖျက်လိုသူတွေရဲ့ အထောက်အပံ့ရယူ ရေးသားတယ်ဆိုတဲ့အထိ ကလေးကလားဆန်ဆန် ရေးကြတာ တွေ့မြင်ရပါတယ်။ ပြောရရင် ကိုယ့်တိုင်းပြည်မှာ ပျက်ခဲ့ရတဲ့ ဗုဒ္ဓဘာသာရဲ့ ပုံရိပ်ကောင်းအောင် ဘာတွေ လုပ်ရမလဲ ဆိုတာ အဖြေမရှာပဲ ဘာသာရေးကို အကြောင်းပြုပြီး မီးလောင်ရာလေပင့် အမြတ်ထုတ်ဖို့ ကြိုးစားကြတာတွေသာ တွေ့ရပါတယ်။

အခုတော့ ဇွန် ၂၅ ရက်နေ့မှာ အစိုးရပြန်ကြားရေးဝန်ကြီးဌာနဟာ အစည်းအဝေးတရပ် ကျင်းပပြီး တိုင်း(မ်)မဂ္ဂဇင်းပါ ဆောင်းပါးကိစ္စ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ဆွေးနွေးပွဲမှာ တိုင်း(မ်)မဂ္ဂဇင်းပါ ဖော်ပြချက်ဟာ ပြည်တွင်းမှာ တည်ဆောက်နေတဲ့ ဘာသာပေါင်းစုံကြားက နားလည်မှုတည်ဆောက်ရေး လုပ်ငန်းစဉ်ကို အနှောင့်အယှက် ဖြစ်စေနိုင်တယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆၁၊ ၃၆၂၊ ၃၆၃ နဲ့ ၃၆၄ ပါ နိုင်ငံသားတွေရဲ့ မူလ အခွင့်အရေးနဲ့ တာဝန်တွေကိုလည်း ဖောက်ဖျက်ရာ ကျရောက်နိုင်တယ်လို့ သုံးသပ်ပြီး အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီက လိုအပ်သလို အရေးယူဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံလိုက်ပါပြီ။

တကယ်တော့ ဒီကိစ္စ တာဝန်သိ မီဒီယာ၊ သတင်းစာဆရာတချို့နဲ့ နိုင်ငံရေးသမားတချို့ ပြောနေတာ ကြာပါပြီ။ အကြမ်းဖက်မှုတွေ ဖြစ်ပွားလာရတဲ့ အကြောင်းရင်းခံဟာ အခြားဘာသာ တခုကို မုန်းတီးအောင် ပုံစံအမျိုးမျိုးနဲ့ ဟောပြောတာ၊ ၀ါဒဖြန့်ချိမှုလုပ်တာတွေကနေ စတဲ့အကြောင်း၊ ပြည်သူတွေကြားမှာ မုန်းတီးမှုဟာ လောင်စာတွေလို ပျံ့နှံ့သွားပြီဆိုရင် ဘာပြဿနာ ပေါ်ပေါ်၊ ဘယ်လောက် သေးငယ်တဲ့ အကြောင်းအချက်တွေပဲဖြစ်ဖြစ် ဘာသာရေးဆန်တဲ့ အကြမ်းဖက်မှုအဖြစ် ကူးပြောင်းသွားနိုင်တဲ့အကြောင်း ထောက်ပြခဲ့ကြတာ ဖြစ်ပါတယ်။ဒီအတွက် အကြမ်းဖက်မှု ဖြစ်လာတာနဲ့ ချက်ခင်း ထိထိရောက်ရောက် အရေးယူဖို့၊ တရားဥပဒေအရ မျှမျှတတ ဆုံးဖြတ်ပြီး ဘယ်လို ဆုံးဖြတ်အရေးယူခဲ့သလဲ ဆိုတာ ပြည်သူတွေကို ပွင့်လင်း မြင်သာမှုရှိရှိ သတင်းထုတ်ပြန်ပေးဖို့၊ နောက် အကြမ်းဖက်မှုတွေ ဖြစ်ပွားစေတဲ့ အရင်းခံ အကြောင်းတရားဖြစ်တဲ့ အမုန်းတရား ဟောပြော ၀ါဒဖြန့်ချိတာတွေကို ထိထိရောက်ရောက် တားမြစ် အရေးယူဖို့ လိုတယ်ဆိုပြီး တိုက်တွန်းခဲ့ကြပါတယ်။

ဒါပေမယ့် ဒီနေ့ကာလ အထိ အစိုးရဟာ အဲဒါတွေအားလုံး တခုမှ ကောင်းကောင်း မလုပ်ခဲ့ပါဘူး။ ဘာသာခြားက လူများစု ဗုဒ္ဓဘာသာဝင်တွေအပေါ် ကျူးလွန်တာတွေကိုသာ အပြင်းထန်ဆုံး ပြစ်ဒဏ်ပေးပြီး အဲဒါကိုပဲ သတင်းထုတ်ပြန်၊ နိုင်ငံရေး အမြတ်ထုတ်တာကိုပဲ လုပ်ခဲ့ပါတယ်။ အကျိုးဆက်အဖြစ် အမုန်းတရား ဖြန့်ဖြူးသူတွေ၊ အကြမ်းဖက်သူတွေ အတင့်ရဲသထက် ရဲလာပြီး ရခိုင်ကနေ မိတ္တီလာ၊ မိတ္တီလာကနေ ပဲခူးတိုင်း၊ ပဲခူးတိုင်းကနေ လားရှိုး အကြမ်းဖက်မှုတွေ ကူးစက်သွားခဲ့သလို နေရာဒေသ အတော်များများမှာ ပြည်သူတွေ ကျီးလန့်စာစား ဖြစ်ခဲ့ရတာ ဒီနေ့အထိပါပဲ။ အခုတော့ ပြည်ထဲရေးဝန်ကြီး ဦးဆောင်တဲ့ကော်မတီက အရေးယူ ဆောင်ရွက်တော့မယ်လို့ ဆိုပါတယ်။ တကယ်ပဲ အကြမ်းဖက်သမားတွေကို အရေးယူမလား၊ အမုန်းတရား ဟောပြောမှုတွေ ရပ်တန့်သွားအောင် ဖော်ထုတ်မလား၊ ဒါမှမဟုတ် အရင် စစ်အာဏာရှင်ခေတ်တုန်းက လုပ်ခဲ့သလို ဒီခေါင်းစဉ်အောက်မှာ နိုင်ငံရေးရန်သူတွေကို ချေမှုန်းမလား ဆိုတာကိုတော့ မကြာမီ တွေ့မြင်ကြရတော့မှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013