DVB Logo
Home
မြန်မာသတင်း
မြစ်ကူးတံတားဆောက်မည့် သတင်းကြောင့် ဒလတွင် မြေဈေးတက်
DVB
·
June 27, 2013
မြစ်ကူးတံတားဆောက်မည့် သတင်းကြောင့် ဒလတွင် မြေဈေးတက်
1 / 2
Donate to DVB

ရန်ကုန်-ဒလ မြစ်ကူးတံတားစီမံကိန်းတခု ဒီနှစ်ကုန်ပိုင်းလောက် စတင် အကောင်အထည်ဖော်မယ်ဆိုတဲ့ သတင်းကြောင့် ဒလမြို့နယ်မှာ မြေကွက်တွေ ပုံမှန်ထက် လေး ငါးဆလောက် ဈေးတက်ကုန်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒလမြို့မှာ  အရင်က ကျပ် သိန်းရာကျော်တန်တဲ့  ပေ ၄၀ ပတ်လည် မြေ ၁ ကွက်ကို အခု  ကျပ်သိန်း ၃၀၀၀ လောက် ဈေးပေါက်နေပြီလို့ မြို့ခံ  ဦးလှအောင်က ပြောပါတယ်။

“ပေ ၄၀ ကွက်ကို ၂၅၀-၃၀၀ ၀န်းကျင်ပဲရှိတယ်လေ။ အများဆုံးမှ ၈၀၀ ပေါ့။ အခုကတော့ ၃၀၀ တန်က ၁ ထောင်လောက်ဖြစ်နေပြီ။ သိန်း ၇၀၀-၈၀၀ တန်က ၃၅၀၀-၄၀၀၀ ဖြစ်နေပြီ။ တံတားနဲ့ နီးရင် ဖျက်ရမယ်ဆိုတဲ့ အသံတွေ ထွက်နေတာတောင် အဲဒီနားမှာ အရောင်းအ၀ယ်သွက်နေတာ။ ရန်ကုန်ကလုပ်ငန်းရှင်တွေအ၀ယ်များတယ်ဗျ။”

ဒလမြို့နယ်အတွင်း ဆင်ခြေဖုံးရပ်ကွက်တွေအထိ ငွေကြေးအရင်းအနှီးရှိတဲ့  လုပ်ငန်းရှင်တွေက မြေကွက်လိုက် ၀ယ်တာမျိုးတွေ ရှိနေတဲ့အကြောင်းနဲ့ တံတားဆောက်ဖို့ လျာထားတဲ့နေရာနဲ့ နီးရင်ပိုဈေးကောင်းတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

အရင်ကလည်း ရန်ကုန်နဲ့ ဒလတံတားထိုးမယ်လို့ သတင်းထွက်ပေါ်ခဲ့ဖူးတာကြောင့် ဒလမြို့နယ်မှာ  မြေကွက်တွေ ဈေးတက်ခဲ့ဖူးပါတယ်။

အိမ်ခြံမြေအကျိုးဆောင်တချို့ကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာတော့ ပွဲစားနဲ့ ၀ယ်တာထက် ၀ယ်သူနဲ့ ရောင်းသူ တိုက်ရိုက်ပြောဆိုပြီး အရောင်းအ၀ယ်ဖြစ်တာများတယ်လို့ ပြောပါတယ်။

ရန်ကုန်-ဒလမြစ်ကူးတံတားကို ဒီနှစ် အောက်တိုဘာလလောက်မှာ ကိုရီးယားကုမ္ပဏီတခုနဲ့ ပူးပေါင်းပြီး ဆောက်လုပ်သွားဖို့ အစီအစဉ်ရှိတယ်လို့ အမည်မဖော်လိုတဲ့  နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းတံတားအင်ဂျင်နီယာဌာန တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဖြစ်တန်စွမ်း အစီရင်ခံစာမှာ တံတားဆောက်သင့်ပါတယ်လို့ ရေးရင်တော့ တံတားဆောက်ဖို့ နီးစပ်သွားပါပြီ။ နှစ်နိုင်ငံအစိုးရက အစီရင်ခံစာပေါ်မူတည်ပြီး ဆုံးဖြတ်ကြမှာပါ။ အောက်တိုဘာမှာ အစီရင်ခံစာ အကြမ်းပြီးမယ်၊ နိုဝင်ဘာလမှာ မြန်မာနိုင်ငံဘက်ကို အစီရင်ခံစာပေးမယ်။ ပေးရင် နှစ်နိုင်ငံသက်ဆိုင်ရာဝန်ကြီးဌာနတွေ ဆွေးနွေးဆုံးဖြတ်ပေးရမှာပါ။”

တံတားပေအရှည်နဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ စစ်ဆေးတိုင်းထွာချက် အစီရင်ခံစာအတည်ပြုပြီးမှ ဆုံးဖြတ်နိုင်မယ်လို့ အင်ဂျင်နီယာချုပ်ရုံး တာဝန်ရှိသူကဆိုပါတယ်။

လောလောဆယ်တော့ တံတားဆောက်ဖို့ကို ရန်ကုန်မြို့ ဘုန်းကြီးလမ်းဘောတံတားနေရာကနေ ဒလမြို့နယ်၊ ကမာကသစ်ရပ်ကွက်နဲ့ ငြိမ်းချမ်းရေးသံတမန်ဆိပ် နေရာအပါအ၀င် နေရာ ၃ နေရာ ကို စမ်းသပ်ရွေးချယ်ထားပါတယ်။

တံတားဆောက်တဲ့အခါ တံတားဧရိယာနဲ့ မလွတ်ကင်းတဲ့အိမ်တွေကို ဖယ်ရှားနိုင်ချေရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာကြောင့်လည်း စမ်းသပ်လျာထားနေရာ အနီးက ဒေသခံတတွေကတော့ မြေသိမ်းခံရပြီး နေစရာနေရာပျောက်မှာကို စိုးရိမ်နေကြပါတယ်။

ဒါပေမယ့် မြို့ခံအများစုကတော့  တံတားဆောက်ပြီးသွားရင် ဒလနေပြည်သူတွေ နေ့စဉ် ရန်ကုန်မြစ်ကို သဗ္ဗာန်စီးပြီး ကူးစရာမလိုတော့ဘဲ လမ်းပန်းဆက်သွယ်ရေး ပိုအဆင်ပြေသွားမယ်လို့ မျှော်လင့်နေပါတယ်။

ဒလမြို့ခံ တဦးဖြစ်တဲ့ ဦးလှဝေက “ဒလမြို့နယ်မှာ အများစုက အခြေခံလူတန်းစားတွေ နေတယ်လေ။ တံတားဖြစ်လာတော့ အများစုက ၀မ်းသာကြတယ်။ သဗ္ဗာန်နဲ့သွားရင် တော်တော်ဒုက္ခရောက်တယ်လေ၊ အသက်တချောင်း မသေသင့်ဘဲသေရတယ်၊ အချိန်တွေ မကြာသင့်ဘဲ ကြန့်ကြာတယ်၊ တံတားတစင်းပေါ်လာတော့ မြို့နယ်ဖွံ့ဖြိုးတိုးတက်တယ်။ မြို့နေလူထုရဲ့ ကျန်းမာရေးကဏ္ဍလဲ တံတားနဲ့ဆိုတော့ အရေးပေါ်သွားလာလို့ရတော့ အများကြီးကောင်းသွားတယ်” လို့ ပြောပါတယ်။

တံတားဆောက်ဖို့ကိစ္စ  ပြီးခဲ့တဲ့သီတင်းပတ်က  ဒလမြို့ကို လာရောက်လေ့လာသွားတဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီးက  ပြည်သူတွေ ထိခိုက်နစ်နာမှု နည်းပါးအောင် မြစ်ကူးတံတားကို ခရုပတ်ပုံစံဆောက်မယ်လုပ်မယ်လို့  ပြောကြားခဲ့တယ်လို့လည်း ဒလမြို့ခံတွေကပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013