DVB Logo
Home
မြန်မာသတင်း
ဆက်သွယ်ရေးတင်ဒါကို နိုင်ငံတကာစံနှုန်းနှင့်အညီ ဆောင်ရွက်ခဲ့ဟု ဦးရဲထွဋ်ပြော
DVB
·
June 26, 2013
ဆက်သွယ်ရေးတင်ဒါကို နိုင်ငံတကာစံနှုန်းနှင့်အညီ ဆောင်ရွက်ခဲ့ဟု ဦးရဲထွဋ်ပြော
Donate to DVB

ဆက်သွယ်ရေးအော်ပရေတာတင်ဒါကို နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ အဆင့်ဆင့် စီစဉ်ဆောင်ရွက်ခဲ့တာဖြစ်တဲ့အတွက် ပွင့်လင်းမြင်သာမှုနဲ့ မှန်ကန်မှုအတွက် အာမခံနိုင်တယ်လို့ သမ္မတပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ဒီဗွီဘီကို ဇွန် ၂၆ ရက် ညဦးပိုင်းမှာ ပြောပါတယ်။

ဇွန်လ ၂၆ ရက်နေ့ ပြည်သူ့လွတ်တော်အစည်းအဝေးမှာ  တနိုင်းမဲဆန္ဒနယ် လွှတ်တော်အမတ် ဦးမျိုးဆွေက ဆက်သွယ်ရေးဥပဒေလို သီးခြားဥပဒေတခုပြဋ္ဌာန်းပြီးမှ နိုင်ငံခြား၊ ပြည်တွင်း၊ ပြည်ပကုမ္ပဏီတွေကို ဆက်သွယ်ရေးလုပ်ငန်းနဲ့ပတ်သက်ပြီး ကန်ထရိုက်တင်ဒါခေါ်ဖို့၊ လုပ်ငန်းအပ်နှံဖို့ကို အရေးကြီးအဆိုတင်ခဲ့ရာမှာ အဆို အောင်မြင်ခဲ့ပါတယ်။

ဒါကြောင့် ဇွန် ၂၇ ရက်နေ့ ထုတ်ပြန်ဖို့ရှိတဲ့ ဆက်သွယ်ရေးအော်ပရေတာ ကြေညာဖို့ နှောင့်နှေးနိုင်မလားလို့ မေးမြန်းချက်ကို ဦးရဲထွတ်က ပြန်လည်ဖြေဆိုခဲ့တာပါ။

“လွတ်တော်က တိုက်တွန်းတာကတော့ ဆက်သွယ်ရေးဥပဒေကြမ်းဆွေးနွေးနေဆဲ ဖြစ်တဲ့အတွက်ကြောင့်ဆိုတော့ ဒါက တိုက်တွန်းတဲ့အဆိုပါခင်ဗျ။” ဆက်သွယ်ရေးအော်ပရေတာ ၂ ခု ကြေညာဖို့ ရှိ မရှိဆိုတာ ဇွန် ၂၇ ရက်နေ့မှ သိရမယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။

ဆက်သွယ်ရေးအော်ပရေတာ တင်ဒါခေါ်ခဲ့တာဟာ နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများ ဥပဒေမှာ သတ်မှတ်ထားတဲ့ တင်ဒါခေါ်ခြင်းလုပ်ငန်းများ စည်းမျဉ်းတွေနဲ့အညီ တင်ဒါခေါ်ထားခဲ့တာလို့ ဦးရဲထွတ်က ရှင်းပြပါတယ်။

“ကုမ္ပဏီ ၉၀ ကျော်ထဲမှာ ကုမ္ပဏီတွေမှာလည်း နောက်ကြောင်းခံ အမျိုးမျိုး၊ အကျိုးစီးပွားအမျိုးမျိုးနဲ့ ပါနေကြတဲ့အခါကျတော့ ၁၂ ခုပဲ ကျန်တဲ့အချိန်ကစပြီးတော့ ဝေဖန်မှုတွေ အမျိုးမျိုးရှိတာလည်း ကျနော်တို့ ကြားပါတယ်။ သို့သော် ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ အစိုးရအဖွဲ့အနေနဲ့ကတော့ နိုင်ငံတကာစံနှုန်းတွေနဲ့အညီ အဆင့်ဆင့် စီစစ်ဆောင်ရွက်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပွင့်လင်းမြင်သာမှုနဲ့ မှန်ကန်မှုအတွက် အာမခံနိုင်တယ်လို့ ကျနော်ပြောနိုင်ပါတယ်” လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးအော်ပရေတာလုပ်ငန်း လုပ်ကိုင်ခွင့်ကို ၄ ခု ချထားပေးထားတဲ့အနက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) နဲ့ ရတနာပုံ တယ်လီပို့ ကုမ္ပဏီတို့က ယှဉ်ပြိုင်စရာမလိုဘဲ  အော်ပရေတာ တခုစီ ရရှိထားပြီး  ကျန်ရှိတဲ့ Operator ၂ ခုကို စကာတင် ရွေးချယ်ထားတဲ့ ၁၂ ခုထဲကနေ ရွေးရမှာပါ၊ ဒါပေမယ့် တလောက စံကာတင်ထဲက တခု နုတ်ထွက်သွားတာကြောင့် ၁၁ ခုပဲကျန်ရှိပါတယ်။

အဲဒီ ၁၁ ခုထဲကနေ တင်ဒါအောင်မြင်တဲ့ နှစ်ခု အမည်စာရင်းကို ဇွန် ၂၇ ရက်နေ့မှာ ထုတ်ပြန်မှာဖြစ်ပြီး ဇူလိုင်နဲ့ စက်တင်ဘာတွေမှာတော့ လိုင်စင်ထုတ်ပေးမယ်လို့ အစီအစဉ်ကို တင်ဒါရွေးချယ်ရေးကော်မတီက ကြေညာထားပါတယ်။

ဆက်သွယ်ရေးဝန်ကြီးဌာနအကြီးအကဲတွေကတော့ မြန်မာနိုင်ငံ တယ်လီဖုန်း အော်ပရေတာ ကုမ္ပဏီအဖြစ် ဆောင်ရွက်လိုတဲ့ ကုမ္ပဏီတွေဟာ ငွေကြေးအင်အား အများဆုံး အသုံးပြုနိုင်ပြီး အော်ပရေတာလုပ်ငန်း အတွေ့အကြုံ အများဆုံးရှိသူတွေကို အဓိကထား ရွေးချယ်မယ်လို့ ပြောထားပါတယ်။
အမျိုးသားစီမံကိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန တင်ဒါ ရွေးချယ်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ သက်အောင်ကလည်း မေ ၁၃ ရက်နေ့က လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒီ အော်ပရေတာရွေးချယ်တဲ့ ကိစ္စဟာ ဝန်ကြီးဌာနတခုရဲ့ ကိစ္စမဟုတ်ဘဲ တနိုင်ငံလုံးရဲ့ ဂုဏ်သိက္ခာနဲ့ ဆိုင်တဲ့ကိစ္စ ဖြစ်ကြောင်း၊ ကိုယ်နဲ့သိတဲ့ လုပ်ငန်းရှင်တွေပါတဲ့ ကုမ္ပဏီကို လက်သိပ်ထိုး ရွေးချယ်တဲ့ ပုံစံနဲ့ လုပ်မှမဟုတ်ကြောင်းနဲ့  ပွင့်လင်းမြင်သာမှု ရှိရှိနဲ့သာ ရွေးချယ်ပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013