မန္တလေးတိုင်း ရမည်းသင်းမြို့တွင် ကုန်တင်ယာဉ် ၇၀၀ ခန့် ပိတ်မိနေ
DVB
·
September 13, 2020

မန္တလေးတိုင်းကို ရန်ကုန်တိုင်းနဲ့ ရခိုင်ပြည်နယ်ကနေ ဝင်လာတဲ့ ကုန်တင်ယာဉ်တွေကို ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် ပြောင်းလဲမောင်းနှင်ရမယ်ဆိုတဲ့ ညွှန်ကြားချက်ကြောင့် ရမည်းသင်းမြို့မှာ စက်တင်ဘာ ၁၂ ရက်နေ့က ကုန်တင်ယာဉ် ၇၀၀ လောက် ပိတ်မိနေတယ်လို့ မန္တလေးတိုင်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးကျော်သူရက ပြောပါတယ်။
ရမည်းသင်းမြို့ စစ်ဆေးရေးဂိတ်မှာ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေ လဲလှယ်မောင်းနှင်ဖို့ ၁၁ နာရီလောက်မှာ အမိန့်ညွှန်ကြားချက် ထွက်လာတော့ အဲဒီနောက်ပိုင်း ရောက်လာတဲ့ကား ၇၀၀ ဝန်းကျင်လောက် ပိတ်မိနေတယ်လို့ တာဝန်ရှိသူတဦးက စက်တင်ဘာ ၁၂ ရက်က ပြောပါတယ်။
ပိတ်မိနေတဲ့ကားတွေထဲက မန္တလေးတိုင်းကိုဖြတ်ပြီး အခြား တိုင်းနဲ့ပြည်နယ်တွေကို သွားရောက်မယ့်ကားတွေကို စိစစ်ပြီး လွှတ်ပေးနေတယ်လို့ သိရပါတယ်။
ဒီလိုပိတ်မိနေတဲ့ အခက်အခဲတွေကြောင့် သွားလာတဲ့ယာဉ် နည်းသွားပြီး ကုန်သည်က တန်ဆာခပိုပေးပြီး တင်လာပါက ကုန်ဈေးနှုန်း မြင့်တက်မှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ ကုန်တင်ယာဉ် လုပ်ငန်းရှင်တချို့က ပြောပါတယ်။
ကျော်ဇေယျ (ရွှေကူ)