DVB Logo
Home
မေးမြန်းခန်း
ကော်မရှင်ရဲ့လုပ်ရပ်က ဥပဒေ မဆန်ဘူး၊ လုပ်ထုံးလုပ်နည်း မဆန်ဘူး – ဦးဖေသန်း
DVB
·
June 26, 2013
ကော်မရှင်ရဲ့လုပ်ရပ်က ဥပဒေ မဆန်ဘူး၊ လုပ်ထုံးလုပ်နည်း မဆန်ဘူး – ဦးဖေသန်း
Donate to DVB

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ သူတို့လုပ်ပေးချင်တဲ့အချိန်မှ ရွေးကောက်ပွဲ လုပ်ပေးမယ်ဆိုတဲ့သဘောမျိုး ဖြစ်နေလို့ ဥပဒေမဆန်ဘူး၊ လုပ်ထုံးလုပ်နည်း မဆန်ဘူးလို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်းက ဝေဖန်လိုက်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ဖို့ အချိန်အကန့်အသတ်တခု သတ်မှတ်ပြဋ္ဌာန်းပေးဖို့ ရှိ၊ မရှိ အပါအ၀င် ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ မေးခွန်း ၃ ခုကို ဒီနေ့ကျင်းပတဲ့ပြည်သူ့လွှတ်တော်ထဲ ဦးဖေသန်းက မေးမြန်းရာမှာ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရဲ့ ပြန်လည်ဖြေကြားချက်အပေါ် အခုလို ဝေဖန်လိုက်တာပါ။
ဦးဖေသန်းကို ဆက်သွယ်မေးမြန်းထားပါတယ်။



[caption id="attachment_41022" align="alignleft" width="300" caption="ဦးဖေသန်း (ဓာတ်ပုံ - ပြည်သူ့လွှတ်တော်ဝက်ဘ်ဆိုဒ်)"][/caption]

ဒီနေ့ လွှတ်တော်မှာ ရွေးကောက်ပွဲပြုလုပ်ဖို့ အချိန်ကာလ သတ်မှတ်ပြဋ္ဌာန်းပေးဖို့ အစီအစဉ်ရှိ၊ မရှိ မေးတယ်လို့ သိရပါတယ်။


“မေးခွန်း ၃ ခုမေးပါတယ်။ တခုက ပထမအကြိမ်ရွေးကောက်ပွဲအပြီး လစ်လပ်လျက်ရှိတဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးလွှတ်တော်မှာ လစ်လပ်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်အရေအတွက်နဲ့ မဲဆန္ဒနယ်စာရင်း သိလိုပါသည် ဆိုတာ မေးတယ်။ နောက်တချက်က ဒုတိယအကြိမ် ကြားဖြတ်ရွေးကောက်ပွဲလုပ်ဖို့ အစီအစဉ်ရှိ၊ မရှိနဲ့.လုပ်ပေးမယ်ဆိုရင် မည်သည့်နေ့ရက်တွင် လုပ်ပေးမည်သော်လည်းကောင်း၊ မလုပ်ပေးနိုင်ပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုပါသည်လို့ မေးတယ်။ နံပါတ် ၃ က ကြားဖြတ်ရွေးကောက်ပွဲလုပ်နိုင်ရန် အချိန်ကာလအကန့်အသတ် သတ်မှတ်ပြဋ္ဌာန်းပေးရန် အစီအစဉ်ရှိ၊ မရှိ ဖြေကြားပေးပါရန်ဆိုပြီး မေးပါတယ်။”

ပထမမေးခွန်းနဲ့ ပတ်သက်ပြီး ဘာများ ပြန်ကြားပါလဲ။

“ပြည်နယ်နဲ့ တိုင်းအဆင့်မှာ ၄ နေရာရှိပါတယ်တဲ့ ပြည်ထောင်စုအဆင့် ပြည်သူ့လွှတ်တော်မှာ ၆ နေရာနဲ့ အမျိုးသားလွှတ်တော်မှာ ၄ နေရာ စုစုပေါင်း ၁၄ နေရာရှိတယ်လို့ ပြောတယ်။ ဒုတိယမေးခွန်းနဲ့ပတ်သက်လို့ ရွေးကောက်ပွဲလုပ်တယ်ဆိုတာက အချိန်အခါအားလျော်စွာပဲလုပ်ပေးနိုင်တယ်။ သင့်တော်တဲ့အချိန်အခါမှာပဲ လုပ်ပေးတာဖြစ်တယ်။ ရွေးကောက်ပွဲဥပဒေမှာလည်း မဖြစ်မနေ လုပ်ရမယ်လို့ ပြဋ္ဌာန်းလေ့မရှိဘူး။ အခုအခါ ၂၀၁၅ အတွက် ကြိုတင်ပြင်ဆင်မှုများလုပ်နေလို့ အနည်းငယ်သာ လစ်လပ်နေတဲ့နေရာတွေကို လုပ်ပေးဖို့ အစီအစဉ်မရှိသေးဘူးလို့ ဖြေပါတယ်။ တတိယမေးခွန်းကိုတော့ ကန့်သတ်ချက်အစီအစဉ်၊ လုပ်ငန်းစဉ်တွေမရှိဘူးဆိုတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သူလုပ်ချင်တာလုပ်လို့ရတယ်ဆိုတဲ့ သဘောဖြစ်နေလို့ ပြည်သူတွေအတွက် သင့်တော်ပြီး ရွေးကောက်ပွဲကော်မရှင်အပေါ်မှာ သို့လော သို့လော ဖြစ်ချင်စရာတွေ ဖြစ်လာတယ်။ ဒါဟာ လွှတ်တော်ရဲ့ ဥပဒေတွေ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ နည်းဥပဒေတွေမှာ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ်၊ လုပ်ထုံးလုပ်နည်းတွေ၊ မူတွေဟာ အချိန်ကန့်သတ်ချက်ရှိသင့်တယ်။ မဖြစ်မနေလိုတယ်။

“ဥပမာ တနှစ်တကြိမ်လုပ်မလား၊ လွှတ်တော်သက်တမ်း ကာလတခုမှာ ဘယ်နှကြိမ်လုပ်မယ်၊ ဒါမှမဟုတ် လစ်လပ်တဲ့ ကိုယ်စားလှယ်ဦးရေ ဘယ်လောက်ရှိမှလုပ်မယ်ဆိုတဲ့ အကန့်အသတ်တိတိကျကျ သတ်မှတ်ပေးထားမှ ဖြစ်မယ်လို့ ကျနော်က တင်ပြပါတယ်။ အခုရွေးကောက်ပွဲပြီးလို့ ၁ နှစ်ခွဲအကြာမှာ ပထမအကြိမ် ကြားဖြတ်ရွေးကောက်ပွဲလုပ်တယ်၊ ဒုတိယအကြိမ် ကြားဖြတ် ရွေးကောက်ပွဲကျမလုပ်တော့ဘူး။ ရွေးကောက်ပွဲကော်မရှင်ကလည်း ဘာမှမပြောတော့ဘူး။ ရွေးကောက်ပွဲကော်မရှင်က ကြေညာမှပဲ သိဖို့ဆိုတာထက် ကြားဖြတ်ရွေးကောက်ပွဲလုပ်ဖို့ ရွေးကောက်ပွဲရဲ့ နည်းဥပဒေ၊ ဥပဒေတွေမှာ အချိန်အကန့်အသတ်တွေ ထည့်သွင်းရေးပေးဖို့ လိုတယ်လို့ ကျနော်က တင်ပြပါတယ်။ အဲဒါကျ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ဘာပြောလဲဆိုတော့ ပထမတချက်လို အနည်းငယ်သာ လစ်လပ်နေတဲ့အချိန်မှာ လုပ်ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေတွေမှာလည်း ကြားဖြတ်ရွေးကောက်ပွဲကို ဘယ်နှကြိမ်လုပ်ရမယ်၊ မဖြစ်မနေလုပ်ရမယ်ဆိုတာမျိုး သတ်မှတ်ချက်မရှိလို့ သင့်လျော်တဲ့အချိန်အခါ၊ အခြေအနေမှာ လုပ်ပေးမယ်ပြောတယ်။ တကယ်လို့ တိတိကျကျ သတ်မှတ်စေချင်ရင်လည်း ဒါဟာ ဥပဒေကို တိတိကျကျပြဋ္ဌာန်းဖို့ လွှတ်တော်မှာ တာဝန်ရှိတယ်။ လွှတ်တော်က တိတိကျကျပြဋ္ဌာန်းပေးမယ်ဆိုရင် ကျနော်တို့လုပ်ပါမယ်ဆိုပြီး ကော်မရှင်ဥက္ကဋ္ဌက ဖြေသွားတယ်။”

သူ့အဖြေအပေါ် ကျေနပ်မှုရှိပါလား။

“ကျေနပ်မှုမရှိပါဘူး။ ပြည်သူ့လွှတ်တော်ဆိုင်ရာ ရွေးကောက်ပွဲဥပဒေ အပိုဒ် ၈၉ မှာ လွှတ်တော်တွင် တစုံတရာသောအကြောင်းကြောင့် လွှတ်တော်ကိုယ်စားလှယ်များ လစ်လပ်ခဲ့ရင် ဥပဒေနဲ့အညီ အစားထိုးရွေးကောက်ရမည်လို့ အတိအကျ ရေးထားတာ။ တခြားဥပဒေတွေမှာ မပါခဲ့ပေမယ့် ပြည်သူ့လွှတ်တော်ဆိုင်ရာရွေးကောက်ပွဲဥပဒေမှာ ကျနော်တင်ပြတဲ့အထဲမှာလည်း ပါပါတယ်။ အဲဒါမျိုးဆိုရင်တော့ ရွေးကောက်ပွဲကော်မရှင်မှာ လုပ်ကိုလုပ်ရမယ့် တာဝန်ရှိပါတယ်။ နည်းတာ များတာနဲ့ မဆိုင်ပါဘူး။ အလုပ်များတယ်ဆိုတာနဲ့ မဆိုင်ပါဘူး။ အစားထိုး ရွေးကောက်ပွဲ လုပ်ရမယ်ဆိုတာ ဖော်ပြထားပါတယ်။ နည်းဥပဒေမှာ မထည့်တာတော့ သူတို့အပိုင်းပေါ့။ ဒါပေမယ့် ဒီ့ထက်ပိုပြီး ပြည့်စုံရင်တော့ ပိုကောင်းမှာပေါ့။ ဒါကြောင့် ဥပဒေမှာတော့ ခေါင်းစည်းအားဖြင့်တော့ ပါပါတယ်။ ဒါပေမယ့် ဘယ်အချိန်မှာ လုပ်ရမယ်ဆိုတာ နည်းဥပဒေမှာ ထည့်မထားတော့ ဒီအပေါ်မှာ အားနည်းချက်ရှိတယ်လို့ ကျနော်ထင်ပါတယ်။

“ဒါကြောင့် ဒီကနေ့ လွှတ်တော်ရဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေကို ပြန်ပြင်နိုင်အောင် ကျနော်တို့ ကြိုးစားရမှာပါ။ မဟုတ်ရင် ကော်မရှင်ရဲ့ လုပ်ရပ်ဟာ ငါလုပ်ချင်တဲ့အခါမှာ လုပ်မယ်ဆိုတဲ့ သဘောမျိုး ဖြစ်နေတော့ ဥပဒေမဆန်ဘူး၊ လုပ်ထုံးလုပ်နည်း မဆန်ဘူးပေါ့။ နောက်တခုက လွှတ်တော်ကိုယ်စားလှယ်တွေ မရှိတဲ့ဒေသတွေမှာ ပြည်သူတွေက အခွင့်အရေး ဆုံးရှုံးမှာ အများကြီး ရှိတယ်။ နည်းတာ၊ များတာနဲ့လည်း မဆိုင်ပါဘူး။ အများကြီး အခွင့်အရေး ဆုံးရှုံးပါတယ်။ သူတို့ ဒေသရဲ့ အခက်အခဲတွေ၊ ပြဿနာတွေ၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို တင်ပြနိုင်တဲ့အခွင့်အရေး လွှတ်တော်ကိုယ်စားလှယ်တွေ မရှိတဲ့အခါမှာ အခွင့်အရေးက ဆုံးရှုံးသွားပါတယ်။ ဒါကြောင့် ကျနော်တို့က နေရာနည်းတယ်၊ များတယ်နဲ့ မဆိုင်ဘဲ လစ်လပ်ရင် လစ်လပ်သလို လုပ်ပေးသင့်တယ်လို့ ယူဆတဲ့အတွက် ကော်မရှင်ဥက္ကဋ္ဌကြီးရဲ့ အဖြေကို အားရကျေနပ်မှုမရှိပါဘူး။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013