
ရှေ့တပတ်မှာ ဧရာမငလျင်ကြီး ထပ်ဖြစ်နိုင်ခြေ မြင့်လာတယ်လို့ ဂျပန်တာဝန်ရှိသူတွေက သတိပေးလိုက်ပါတယ်။
ဧပြီ ၂၀ ရက်က အင်အား ၇ ဒသမ ၇ ရှိတဲ့ ငလျင်ကြီး ဂျပန်အရှေ့မြောက်ကမ်းရိုးတန်းမှာ လှုပ်ခတ်ခဲ့လို့ ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့ပြီး ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ခဲ့ရပါတယ်။
တိုကျိုမြို့တော်နဲ့ မိုင် ၃၃၀ အကွာ အီဝါတဲစီရင်စုမှာ လူပေါင်းများစွာကို ကုန်းမြင့်ပိုင်းဆီ ရွှေ့ပြောင်းစေခဲ့ပါတယ်။
အကြီးဆုံး ဆူနာမီလှိုင်းဟာ ၈၀ စင်တီမီတာပဲ ရှိခဲ့ပြီး နာရီပိုင်းအကြာမှာတော့ သတိပေးချက်ကို ပြန်ရုပ်သိမ်းခဲ့ပါတယ်။
ငလျင်ကြောင့် ကြီးကြီးမားမား ထိခိုက်ပျက်စီးမှု မရှိဘူးလို့ အစိုးရအဖွဲ့ အတွင်းဝန် မီနိုရူ ကီဟာရာက ပြောပါတယ်။
ဟော့ကိုင်းဒိုးဒေသမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသူ မချောစုသွေးကတော့ ငလျင်သတိပေးချက် ကြားကြားချင်း အောက်ထပ်ကို ပြေးဆင်းခဲ့ရပေမဲ့ ဒီတခါ လှုပ်ခတ်မှုက သိပ်မပြင်းဘူးလို့ ဘီဘီစီကို ပြောပါတယ်။
ဒါပေမဲ့ ပိုကြီးတဲ့လှိုင်းတွေ ဖြစ်စေမဲ့ ငလျင်တွေ လာမဲ့ရက်ပိုင်းမှာ ဖြစ်လာနိုင်တယ်လို့ ဂျပန်မိုးလေဝသအေဂျင်စီ (JMA) က သတိပေးထားပါတယ်။
အင်အား ၈ ဒသမ ၀ နဲ့အထက်ရှိတဲ့ ငလျင်ကြီး (mega-quake) ဖြစ်နိုင်ခြေဟာ ၁ ရာခိုင်နှုန်းခန့် ရှိတယ်လို့ JMA က ခန့်မှန်းထားပါတယ်။ ဒါဟာ ပုံမှန်အခြေအနေဖြစ်တဲ့ ၀ ဒသမ ၁ ရာခိုင်နှုန်းထက်စာရင် ၁၀ ဆ ပိုများနေတယ်လို့ ပညာရှင်တွေက သုံးသပ်ထားပါတယ်။











