DVB Logo
Home
မြန်မာသတင်း
လူထုတောင်းဆိုမှုကြောင့် တသီးပုဂ္ဂလဝင်ပြိုင်ခြင်းဖြစ်ဟု ကယားလွှတ်တော်ဥက္ကဋ္ဌပြော
DVB
·
September 12, 2020
လူထုတောင်းဆိုမှုကြောင့် တသီးပုဂ္ဂလဝင်ပြိုင်ခြင်းဖြစ်ဟု ကယားလွှတ်တော်ဥက္ကဋ္ဌပြော
Donate to DVB

လူထုရဲ့တောင်းဆိုမှုအရ ၂၀၂၀ ရွေးကောက်ပွဲကို တသီးပုဂ္ဂလအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်တာလို့ ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးက ပြောပါတယ်။

“ကျနော်အခု တသီးပုဂ္ဂလပြိုင်တယ်ပေါ့။ ဒါလည်းပဲ ကျနော်က တရားဝင်တော့ ငါက အန်အယ်လ်ဒီက မပါလို့ တသီးပုဂ္ဂလပြိုင်တယ် မဟုတ်ပါဘူး။ ကျနော်ပြောခဲ့သလိုပဲ လူနဲ့ပါတီကို ပါတီကြည့်မယ်၊ ပါတီနဲ့ပြည်သူ ပြည်သူကို ကြည့်မယ်ဆိုတော့ ကျနော့်အမျိုးသမီးကို ကျနော့်မဲဆန္ဒနယ်ကို လွှတ်တယ်။ ပြီးတော့ မဲဆန္ဒနယ်က ပြည်သူရဲ့ဆန္ဒအရ ကျနော် တသီးပုဂ္ဂလပြိုင်တာပါ။”

သူ့အနေနဲ့ အရင် ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရရှိတဲ့ ရှားတောမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှာပဲ ပြန်လည်ဝင်ရောက်အရွေးခံမယ်လို့ ဆိုပါတယ်။

တသီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်တာကြောင့် အန်အယ်လ်ဒီပါတီကနေ ဩဂုတ် ၁၀ ရက်နေ့မှာ နုတ်ထွက်ခွင့်ပြုခဲ့တယ်လို့ ဦးလှထွေးက ပြောပါတယ်။

“ကျနော်က နုတ်ထွက်တာမဟုတ်ဘူး။ သူတို့က နုတ်ထွက်ခိုင်းတာ။ ၆ ရက်နေ့မှာ နုတ်ထွက်ခိုင်းတယ်။ နုတ်ထွက်ခိုင်းတဲ့နေ့မှာပဲ ကျနော်က နုတ်ထွက်စာတင်လိုက်တယ်။ ၈ လပိုင်း ၁၀ ရက်နေ့မှာ နုတ်ထွက်စာ ကျပြီးသားပါ။ ”

အန်အယ်လ်ဒီပါတီကနေ ဝင်ရောက်အရွေးခံဖို့ ကိုယ်စားလှယ်လောင်းတင်ခဲ့ပြီး ရပ်မိရပ်ဖက ရွေးချယ်လို့ ပါဝင်လာခဲ့သလို မြို့နယ်နဲ့ ပြည်နယ်အဆင့်မှာလည်း ဦးစားပေးအနေနဲ့ ပါဝင်လာခဲ့ပေမယ့် ဗဟိုရွေးချယ်မှုမှာ မပါတော့ဘူးလို့ ပြောပါတယ်။

“ပြောမယ်ဆိုရင် ရပ်မိရပ်ဖ ၅ ဦး ကျနော်တို့မြို့နယ်ကနေ တင်လာတယ်။ အဲ့ဒီမှာက ကျနော်တို့ မြို့နယ် EC က ၁၇ ယောက်ရှိတယ်။ အဲဒီမှာ ၁၅ မဲ ၂ မဲ ကျနော်က ၁၅ မဲရတယ်။ ကျနော်နဲ့ ပြိုင်မယ်လူက ၂ မဲရတယ်။ ပြည်နယ် EC မှာကျတော့ ၁၉ ယောက်ရှိတယ်။ ကျနော်က ၁၇ မဲ၊ ၂ မဲ။ ကျနော်အဲဒီပေါ်က သဘောထားကိုတော့ အဖြေထပ်မပေးချင်ပါဘူး။ ဒီမှာအောက်ခြေမှာ ခိုင်မှာလျက်သားနဲ့ အပေါ်က မရဘူးဆိုတာတော့ .. သူတို့လည်း ရည်ရွယ်ချက်ရှိမှာပေါ့။ ”

ဦးလှထွေးဟာ ၂၀၁၅ ရွေးကောက်ပွဲတုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားပြုဝင် ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့ပြီး လွှတ်တော်ဥက္ကဋ္ဌအဖြစ် တင်မြောက်ခံခဲ့ရပါတယ်။

ကယားပြည်နယ် ဖားဆောင်းမြို့နယ်အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးစိုင်းသန်းရွှေ၊ ဖရူဆိုမြိုနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမူနဲ့ အန်အယ်လ်ဒီပါတီဝင်တချို့လည်း အောက်ခြေမှာ ပါတီကိုယ်စားလှယ်ရွေးချယ်ပြီး ဗဟိုအဆင့်မှာမပါလာလို့ တသီးပုဂ္ဂလ အဖြစ်ဝင်ရောက်ယှဉ်တာ ရှိနေပါတယ်။

ကယားပြည်နယ်မှာ တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၂ ဦးအပါအဝင်  နိုင်ငံရေးပါတီ ၁၃ ခုမှ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၂၇၂ ဦးရှိကြောင်း ရွေးကောက်ပွဲ ကော်မရှင်ရဲ့သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013