DVB Logo
Home
မြန်မာသတင်း
ဖြူးမြို့ ညောင်ပင်သာတောင်သူ ၄၉ ဦး ဖမ်းဆီးခံရ
DVB
·
June 25, 2013
Donate to DVB

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်အတွင်းက ညောင်ပင်သာကျေးရွာ တောင်သူလယ်သမားတွေနဲ့ မြတ်အိနြေ္ဒကုမ္ပဏီအကြား လယ်ယာမြေကိစ္စ အငြင်းပွားမှုနဲ့ပတ်သက်ပြီး လယ်သမား ၄၉ ဦး ဖြူးမြို့နယ်ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။

လွန်ခဲ့တဲ့နှစ် သုံးဆယ်လောက်ကစပြီး အစိုးရကို သီးစားပေး လယ်လုပ်ခဲ့ကြတဲ့  ပဲခူးတိုင်း ဖြူးမြို့နယ် ညောင်ပင်သာရွာက   တောင်သူလယ် သမား ၄၉ ဦးဟာ ဇွန်လ ၂၄ ရက် မွန်းလွဲ ၃ နာရီလောက်မှာ ဖမ်းဆီးခံရတာဖြစ်ပြီး ညောင်ပင်သာရဲစခန်းမှာ ထိန်းသိမ်းခံနေရတာပါ။

အဖမ်းဆီးခံထားရတဲ့ တောင်သူတွေထဲမှာ  အမျိုးသမီး ၅ ပါဝင်ပြီး ၂ ဦးကတော့ ဖမ်းဆီးခံရချိန်မှာ သတိလစ်လဲကျသွားတဲ့အတွက် ဆေးရုံတင်ထားရတယ်လို့ သမီးနဲ့ အစ်မဖြစ်သူ အဖမ်းဆီးခံထားရတဲ့ ဒေသခံတောင်သူ  ဦးတင့်ငွေက ပြောပါတယ်။

“ကုမ္ပဏီကစက်တွေက တောင်သူတွေလုပ်ပိုင်ခွင့်ရထားတဲ့ လယ်တွေပေါ် အတင်းဝင်ရောက်ထွန်ယက်လို့ တောင်သူတွေကနေ မေတ္တာရပ်ခံစာစောင် လက်ကမ်းစာပေးပါတယ်။ ကျနော်တို့သည် မိသားစု ၁၄၁ ဦးအတွက် တောင်သူတွေတောင်းဆိုထားတာပါ။ ဧက ၁၀၀၀ ထောင်ထဲမှာရှိတဲ့ အကွက်ထဲကို ထွန်စက်နဲ့ ၀င်မောင်းတော့ မေတ္တာရပ်ခံခဲ့ပါတယ်။ တို့ဒေသခံတောင်သူတွေ စားဝတ်နေရေးအတွက် တောင်းဆိုထားတာ မပြေလည်သေးလို့ မမောင်းပါနဲ့ဦး။ နိုင်ငံတော်အကြီးအကဲတွေ အဆုံးအဖြတ်ခံယူပြီးမှ မောင်းဖို့ ပြောခဲ့ပါတယ်။”

စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်တဲ့   မြတ်အိနြေ္ဒကုမ္ပဏီဟာ  ညောင်ပင်သာရွာက လယ်ယာမြေတွေပေါ်မှာ သူတို့ရဲ့ ပြောင်းစိုက်ပျိုးရေး စီမံကိန်းကို အကောင်အထည်ဖော်ဖို့အတွက် လယ်သမားတွေနဲ့  သဘောတူညီချက်ယူပြီး ဆောင်ရွက်ခဲ့တာပါ။

ဒါပေမယ့် ကုမ္ပဏီဟာ  တောင်သူတချို့ကိုပဲ မြေနေရာ လျော်ကြေးပေးခဲ့ပြီး  မြေနေရာအစားပြန်ပေးဖို့ပါအ၀င် ကျန်တဲ့ သဘောတူညီထားချက်တွေကို အခုအချိန်ထိ မလိုက်လျောသေးဘူးလို့ တောင်သူတွေက ပြောပါတယ်။

အဲ့ဒါကြောင့် လျော်ကြေးမရတဲ့ ဒေသခံတောင်သူတွေဟာ သူတို့လုပ်ကိုင်စားသောက်နေတဲ့ မြေယာတွေမှာ ဖယ်မပေးပဲ ဆက်လက်လုပ်ကိုင်နေခဲ့ပါတယ်။
ကုမ္ပဏီက ပြီးခဲ့တဲ့နှစ် အောက်တိုဘာလလောက်ကတည်းက  တောင်သူတွေကို ဖယ်ရှားပေးဖို့ နေရာရွှေ့ခိုင်းခဲ့ပေမယ့် ပြောင်းမပေးတဲ့အတွက် အဲ့ဒီကုမ္ပဏီက  မနေ့က လာရောက်မောင်းနှင်ခဲ့ပြီးနောက် ဖမ်းဆီးမှုတွေ ဖြစ်ပွားခဲ့တာလို့ တောင်သူတွေက ပြောပါတယ်။

ဒါနဲ့ပတ်သက်ပြီး ဖြူးမြို့နယ် အန်အယ်လ်ဒီပါတီ အတွင်းရေးမှူး ကိုကျော်အေးဝင်းက “လယ်သမားတွေအတွက် ကာကွယ်ပေးတဲ့ ဥပဒေထိထိရောက်ရောက် မရှိတော့ သိပ်ထိထိရောက်ရောက် အကူအညီမပေးနိုင်ဘူး။ လောလောဆယ် ပြဿနာကတော့ ဖမ်းထားတဲ့ လယ်သမားတွေကို ထမင်းထုတ်ပို့ပေးဖို့ စီစဉ်နေတယ်” လို့ ပြောပါတယ်။

ကုမ္ပဏီနဲ့ တောင်သူလယ်သမားတွေ ဖြစ်နေတဲ့ ပြဿနာကို ဦးဆောင် ကိုင်တွယ်ဖြေရှင်းပေးမယ့်သူလည်း မရှိသေးဘူးလို့ လယ်သမားတွေက ပြောပါတယ်။

ဖြူးမြို့နယ် ညောင်ပင်သာကျေးရွာ ဒေသခံ တောင်သူတွေကတော့  ဒီကိစ္စကို အစိုးရ တာဝန်ရှိတဲ့သူတွေက  မှန်မှန်ကန်ကန်ဆုံးဖြတ်ပေးစေချင်တယ်လို့ ပြောကြပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံထားရသူတဦးရဲ့ ဇနီးဖြစ်သူ   ဒေါ်မွန်မွန်မြင့်က “ကျမတို့က သီးစားခပေးပြီးလုပ်လာတာ ၂၃ နှစ်ရှိသွားပြီ။ ၂၀၁၂ ခုနှစ် ၁၀ လပိုင်းမှာ ကုမ္ပဏီကရောက်လာပြီး ကျမတို့ကို အတင်းထွက်ခိုင်းတယ်၊ စာတွေထုတ်ပြီး၊ ကျမတို့လည်း လုပ်စားစရာမရှိလို့ ပေကပ်နေတယ်။ စက်တွေအကြိမ်ကြိမ် လာမောင်းတယ်။ ကျမတို့ကတားတော့ အခု ဖြူးတရားရုံးမှာ လယ်သမားတဦးကို ၆ မှု၊ ၇ မှုနဲ့ စွဲထားတယ်။ ဖမ်းချင်ရင်လည်း ကျမတို့ တမိသားစုလုံး အဖမ်းခံသွားမယ်” လို့ ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ လယ်သမားတွေဟာ နယ်မြေကျူးကျော်မှု ၀တ္တရားနှောင့်ယှက်မှုတွေနဲ့ အရေးယူခံရဖွယ်ရှိနေပါတယ်။ ဒီပြဿနာနဲ့ပတ်သက်ပြီး ညောင်ပင်သာရဲစခန်းနဲ့ သက်ဆိုင်ရာ ကုမ္ပဏီကို ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

မြန်မာနိုင်ငံ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေအနှံ့ လယ်သမားတွေရဲ့  လယ်ယာမြေ သိမ်းဆည်းခံရမှု ပြဿနာတွေ ဆက်တိုက်ဖြစ်ပေါ်နေပြီး အစိုးရကတော့ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်းပြီး  ကွင်းဆင်းစုံစမ်းလေ့လာမှုတွေ ပြုလုပ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013