DVB Logo
Home
Lead Story
ကိုဗစ်တိုက်ပွဲကြားက မသန်စွမ်းအမျိုးသမီးများ
DVB
·
September 11, 2020
ကိုဗစ်တိုက်ပွဲကြားက မသန်စွမ်းအမျိုးသမီးများ
1 / 2
Donate to DVB

ကိုရိုနာဗိုင်းရပ်စ်ပိုးကို ချေမှုန်းမယ့်ဆေးဝါးပတ်သက်ပြီး ကမ္ဘာကြီးမှာ အမြင်အမျိုးမျိုးရှိကြပေမယ့် ရောဂါကူးစက်တာကို ရပ်တန့်ဖို့အတွက် လုပ်ဆောင်ကြတဲ့နည်းလမ်းကတော့ သိပ်မကွာခြားလှပါဘူး။

ရောဂါပိုးကူးဆက်ခံရတဲ့သူ ဒါမှမဟုတ် ကူးဆက်ခံရနိုင်ကြောင်းသံသယရှိသူကို အခြားသူတွေနဲ့ သီးခြားခွဲထားပြီး ပိုးဆက်မပျံ့အောင်လုပ်တဲ့နည်းကို ကျင့်သုံးကြပါတယ်။

သာမန်အခြေအနေမှာ ဒါဟာပြဿနာမဟုတ်ပေမယ့် မသန်စွမ်းတွေအတွက်ကတော့ သာမန်လူနာတွေနဲ့မတူတဲ့ အခက်အခဲတွေရှိကြပါတယ်။

တကျော့ပြန်ကိုဗစ်မှာ ရောဂါပိုးကူးစက်ခံရတဲ့သူအများအပြားတွေ့တဲ့ ရခိုင်ပြည်နယ်မှာ မသန်စွမ်း ၁၃ ဦးထက်မနည်းဟာ ဆေးရုံ (ဒါမှမဟုတ်) နေအိမ်တွေမှာ သီးခြားနေထိုင်ရတာတွေရှိတယ်လို့ မသန်စွမ်းသူများ Covid-19 အရေးပေါ်တုံ့ပြန်ရေးပူးပေါင်းကော်မတီရဲ့ စာရင်းဇယားတွေကို အခြေခံပြီး မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ်က စက်တင်ဘာ ၂ ရက်ကထုတ်ပြန်ပါတယ်။ 

အဲဒီထဲက သုံးပုံနှစ်ပုံဟာ အမျိုးသမီးတွေဖြစ်ပါတယ်။ သူတို့တွေဟာ ကိုယ်အင်္ဂါ၊ အကြားအာရုံနဲ့ ဉာဏ်ရည်မသန်စွမ်းသူများ ဖြစ်ကြပါတယ်။

ရခိုင်ပြည်နယ်မှာ ပိုးတွေ့လူနာ များလာပြီးနောက်ပိုင်း Quarantine ဝင်ရမည့်စာရင်းထဲ မသန်စွမ်းများ ပါဝင် လာတာကြောင့် ၎င်းတို့ကို အစိုးရသတ်မှတ်ထားတဲ့နေရာမှာသီးခြားနေထိုင်တဲ့ (Facility Quarantine – FQ) အစား မိမိနေအိမ်တွင် သီးခြားနေထိုင်ခြင်း (Home Quarantine- HQ) ထားပေးဖို့ ပြည်နယ်အစိုးရကို တောင်းဆိုခဲ့တယ်လို့ မြန်မာနိုင်ငံ မသန်စွမ်းသူများ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးမြတ်သူဝင်းက ပြောပါတယ်။

“ FQ မှာ အမျိုးသမီးတွေက အိမ်သာကအစ သက်တောင့် သက်သာ မရှိဘူး။ အမျိုးသား မသန်စွမ်းက ဖြစ်သလိုဖြေရှင်း လို့ရပေမယ့်၊ အမျိုးသမီးကျတော့ ဖြေရှင်းဖို့ ခက်တာတွေ ရှိပါတယ်” လို့ ဦးမြတ်သူဝင်းက ပြောပါတယ်။

ဒီနည်းလမ်းက မသန်စွမ်းတွေအတွက် အဆင်ပြေတယ်လို့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ Quarantine နေနေရတဲ့ ဉာဏ်ရည်မသန်စွမ်းသူ အမျိုးသမီးရဲ့ ဦးလေးက ဆိုသည်။

“ကိုယ့်အိမ်မှာကိုယ် နေရတာ ဖြစ်တဲ့ အတွက်ပုံမှန်ပါပဲ။ ဟိုမှာ သူတို့ကို ထားမယ်ဆိုရင် အဆင်ပြေမှာ မဟုတ်ဘူးလေ။ သူက ကလေး တစ်ယောက်လိုပဲ နေနေတာဆိုတော့ စောင့်ကြည့်နေရတာ” လို့ သူ့တူမရဲ့အခြေအနေကို အဲဒီအမျိုးသားကရှင်းပြပါတယ်။

တကယ်လို့သာ အစိုးရသတ်မှတ်ထားတဲ့နေရာမှာသီးခြားနေထိုင်တဲ့ (Facility Quarantine – FQ) ဝင်ရမယ်ဆိုရင် မသန်စွမ်းသူတွေကို သီးခြားစောင့်ကြည့်ပေးဖို့ လိုတာကြောင့် သူတို့အတွက်ခက်ခဲမယ်လို့လည်း သူကဆိုပါတယ်။

ကိုဗစ်ကပေးတဲ့ ပြဿနာဟာ မသန်စွမ်းအမျိုးသမီးတွေအတွက် တိုက်ရိုက်မဟုတ်ဘဲ သွယ်ဝိုက်ပြီး ထိခိုက်တာတွေလည်း ရှိနေပါသေးတယ်။ သူတို့ကိုယ်တိုင် ရောဂါပိုးရဲ့ခြိမ်းခြောက်တာ ခံရတာမဟုတ်ပေမယ့် သူတို့ကို စောင့်ရှောက်နေသူတွေ Quarantine ဝင်ရတဲ့အခါမှာလည်း မသန်စွမ်းတွေဟာ အခက်ကြုံကြရပါတယ်။

ရခိုင်ပြည်နယ် စစ်တွေကမှာ ခြေထောက် မသန်စွမ်းဖြစ်နေတာကြောင့် ဂျိုင်းထောက်နဲ့ သွားရပြီးတဲ့ အသက် ၄၀ အရွယ်အမျိုးသမီးတစ်ဦးဟာ သူ့အိမ်မှာ မိမိနေအိမ်တွင် သီးခြားနေထိုင်းခြင်း (Home Quarantine- HQ) ဝင်နေရတာပါ။ သူ့ကိုအကူအညီပေးနေတဲ့သူလဲ အစိုးရသတ်မှတ်ထားတဲ့နေရာမှာသီးခြားနေထိုင်တဲ့ (Facility Quarantine – FQ) ဝင်နေရတာကြောင့် သူ့အတွက် အခက်အခဲတွေ့နေရတယ်လို့ဆိုပါတယ်။

“အရင် ကူလုပ်ပေးတဲ့သူက Quarantine ဝင်နေရတော့ ရေချိုးခန်းထဲ ဝင်ရင်လည်း ချော်လဲမှာ အရမ်းကြောက်တယ်”လို့ ပြီးခဲ့တဲ့နှစ်က ချော်လဲရာကနေ ပေါင်ကျိုးသွားခဲ့တာကြောင့် တခြားသူအကူအညီနဲ့ သွားလာနေရတဲ့ အဆိုပါအမျိုးသမီးကပြောပါတယ်။



ကိုဗစ်ကြောင့် အလုပ်လက်လွှတ်ဆုံးရှုံးသွားရသော မသန်စွမ်းအမျိုးသမီးများအား ကူညီထောက်ပံ့စဉ် / Photo – U Myat Thu Win’s Facebookရခိုင်ပြည်နယ်အတွင်း ကိုဗစ် ကူးစက်မှု မရှိခင်က မိသားစုဝင်တွေရဲ့ ကူညီမှုနဲ့ နေထိုင်ခဲ့တာကြောင့် အခုချိန်မှာ သူ့အားသူ ကိုးပြီး နေနေရတဲ့ အချိန်မှာ စိတ်ပိုင်း ဆိုင်ရာပါ ထိခိုက်မှုတွေ ရှိတယ်လို့ လည်းသူက ဆိုပါတယ်။

“ပရဟိတ ဘက်ကသူတွေ ထမင်းလာပို့လို့ ခြံရှေ့ကိုသွားယူရင် ချော်မလဲအောင်သွားရတော့ အရမ်းကို စိုးရိမ်ပြီး ခန္ဓာကိုယ်တွေပါတုန်သွားတာ” လို့ သူက ဆိုပါတယ်။

သူနဲ့ အတူ တအိမ်ထဲ Home Quarantine ဝင်နေတာဟာလည်း လသားအရွယ်ကလေးနဲ့မိခင် ဖြစ်နေတာကြောင့် အချိန်ပြည့် အားကိုးလို့မရဘူးလို့လည်း သူက ဆိုပါတယ်။

Quarantine ဝင်ရမယ့် မသန်စွမ်းတွေဟာ သူတို့အခက်အခဲတွေကို လူမှုဝန်ထမ်းဦးစီးဌာန၊ Quarantine စင်တာကို စီမံခန့်ခွဲတဲ့ သူတွေနဲ့ ညှိနှိုင်းပြီး ဒေသဆိုင်ရာ ကိုဗစ်ကော်မတီများနဲ့လည်း ချိတ်ဆက် အကူအညီတောင်း နိုင်အောင်စီစဉ်ပေးထားတယ်လို့ ပြည်သူ့ကျန်းမာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ သန်းနိုင်စိုးက ပြောပါတယ်။

“ရန်ကုန်မှာ ဝင်တဲ့ဟာတောင်မှ တစ်ချို့ ဟာတွေ အဆင်မပြေတာတွေ ဒါမျိုးလေးတွေ ရှိတဲ့ အခါကျတော့ နယ်မှာဆိုတော့ ပိုမပြည့်စုံတာတော့ ရှိမှာပေါ့။ ဒါပေမဲ့ တတ်နိုင်သလောက်တော့ သည်းခံပြီး နေရပေမယ့် အခြေခံ လိုအပ်ချက်တွေကတော့ ရှိ နေ တာပေါ့” လို့ ဒေါက်တာ သန်းနိုင်စိုးက ဆိုပါတယ်။

ကိုဗစ်ဟာ Quarantine ဝင်စရာမလိုတဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကင်းစင်တဲ့ မသန်စွမ်းတွေကိုလည်းခြောက်လှန့် နေခဲ့ပါတယ်။

“အခု ကိုဗစ်ကာလမှာ မသန်စွမ်းတွေရဲ့ အဓိက အခက်အခဲကတော့ စားဝတ်နေရေး အခက်အခဲ ဖြစ်တာပါပဲ။ ဘာကြောင့်လဲ ဆိုတော့ အလုပ်ရှိတဲ့ မသန်စွမ်းတွေကလည်း အလုပ်အကိုင် စွန့်လွတ်လိုက်ရတာ ရှိတယ်” လို့ မြန်မာနိုင်ငံ မသန်စွမ်းသူများ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးမြတ်သူဝင်းက ပြောပါတယ်။

ဒီအတွက်ကြောင့် အစိုးရဘက်က မသန်စွမ်းတွေအတွက် ရောဂါပိုးကူးဆက်ခံရတဲ့သူကို ကျပ်နှစ်သိန်း၊ Facility Quarantine ဝင်သူကို ကျပ်တစ်သိန်းခွဲ၊ Home Quarantine- HQ ဝင်သူကို ကျပ်ရှစ်သောင်း နဲ့ လော့ဒေါင်းနဲ့စီးပွားရေး ခက်ခဲတဲ့သူဆိုရင် ကျပ်ငါးသောင်း ထောက်ပံ့နေတယ်လို့လဲသူကဆိုပါတယ်။ စက်တင်ဘာ လဆန်းပိုင်းအထိ မသန်စွမ်း ၆၆၅ ဦးကို အဆိုပါထောက်ပံ့ကြေးများပေးထားတယ်လို့လည်း သူကဆိုပါတယ်။

စိတ်ပိုင်းနဲ့ရုပ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုတွေရှိနေပေမယ့် မသန်စွမ်းတွေအတွက်ကတော့ သာမန်လူတွေထက် ပိုအကူအညီလိုအပ်တာအသေအချာပါ။ စစ်တွေက Quarantine ဝင်နေရတဲ့ အသက် ၄၀ အရွယ် မသန်စွမ်းအမျိုးသမီးကတော့ သူ့လိုအပ်ချက်ကို အခုလိုပြောပါတယ်။

“ဖြစ်နိုင်ရင် အခုလို Quarantine ဝင်နေရတဲ့ အချိန်မှာ ဘေးနားမှာ ကူပေးမယ့်သူ လူတစ်ယောက်တော့ လိုချင်ပါတယ်”

မိုးမိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013