ထုတ်ဝေဖို့ စီစဉ်ပြီးမှ မထုတ်ဖြစ်လိုက်တဲ့ မန္တလေးအခြေစိုက် မြန်မာဓိက သတင်းစာ အဖွဲ့သားတွေက မြန်မာ့သ၀ဏ်သတင်းစာအမည်နဲ့ နေ့စဉ်သတင်းစာ ထုတ်ဝေတော့မယ်လို့ ပြောကြားလိုက်ပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာနက ဒီနေ့ရက်စွဲနဲ့ ထပ်မံထုတ်ဝေခွင့်ပြုလိုက်တဲ့ ပုဂ္ဂလိကသတင်းစာ ၅ စောင်ထဲ မြန်မာ့သ၀ဏ်နဲ့ မြန်မာဝတီ နေ့စဉ်သတင်းစာ ၂ စောင်ဟာ မန္တလေးမြို့အခြေစိုက် ထုတ်ဝေကြမယ့် သတင်းစာတွေဖြစ်ပြီး မြန်မာ့သ၀ဏ်ကတော့ မထုတ်ဖြစ်လိုက်တဲ့ မြန်မာဓိက သတင်းစာအဖွဲ့သားတွေ ဦးစီးထုတ်ဝေကြမယ်လို့ အယ်ဒီတာချုပ် မောင်တင်သစ်က ပြောပါတယ်။
မြန်မာ့သ၀ဏ်သတင်းစာကို လာမယ့် ဩဂုတ်လဆန်းပိုင်းလောက် စထုတ်နိုင်ဖို့ ရည်မှန်းထားပြီး သတင်းစာရဲ့ မူဝါဒ ၂ ခုနဲ့ ပတ်သက်လို့ မောင်တင်သစ်က အခုလို ပြောပါတယ်။
“သတင်းစာမူဝါဒကတော့ နံပါတ် ၁ အနေနဲ့ကတော့ ဒီမိုကရေစီစံနှုန်း၊ ဒီမိုကရေစီစံနှုန်းနဲ့ ညီညွတ်တဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့။ နံပါတ် ၂ ကတော့ အမျိုးသားအကျိုးစီးပွား၊ အမျိုးသားအကျိုးစီးပွား ကာကွယ်စောင့်ရှောက်တဲ့ လူ့အဖွဲ့အစည်းဖြစ်ရေး ဒီအခြေခံမှာ သွားတာပါ။”
ဒီသတင်းစာမှာ မန္တလေးမြို့က သတင်းစာဆရာတွေဖြစ်တဲ့ မင်းထက်ငြိမ်းချမ်း၊ ရဲရင့်အောင်၊ ကိုအောင်မှိုင်းဆန်းတို့ သတင်းစာထုတ်မယ့် အယ်ဒီတာအဖွဲ့ထဲ ပါဝင်ကြမှာဖြစ်ပါတယ်။
သတင်းစာကို မန္တလေးမြို့နဲ့ အထက်မြန်မာပြည် ဒေသတွေဆီ အဓိကထား ဖြန့်ချိသွားမှာဖြစ်ပြီး နောက်ပိုင်း နေပြည်တော်ဘက် ဖြန့်မယ်လို့ သိရပါတယ်။
မြန်မာအစိုးရ ပုံနှိပ်သူများ ထုတ်ဝေသူများ မှတ်ပုံတင်နဲ့ ဖြန့်ချိရေးလုပ်ငန်း ကြီးကြပ်မှုဗဟို အဖွဲ့က People Net Daily သတင်းစာ၊ မြန်မာ့သ၀ဏ်နေ့စဉ်၊ မြန်မာဝတီနေ့စဉ်၊ မြန်မာနေ့စဉ်နဲ့ Victory နေ့စဉ် သတင်းစာ ၅ စောင်ကို ထုတ်ဝေခွင့် ထပ်ချပေးလိုက်တာပါ။ မြန်မာနိုင်ငံမှာ ဒီနေ့ ထုတ်ဝေခွင့် ထပ်ရတဲ့ သတင်းစာ ၅ စောင် အပါအ၀င် စုစုပေါင်း ပုဂ္ဂလိက နေ့စဉ်သတင်းစာ ၂၆ စောင်ရှိပြီဖြစ်ပြီး၊ လက်ရှိ ၁၀ စောင်လောက် ထုတ် ဝေဖြန့်ချိနေပါတယ်။










