
ရခိုင်ပြည်နယ်အစိုးရအဖွဲ့အား အလိုမရှိကြောင်း ဆန္ဒပြခဲ့လို့ ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ၃ ဦးကို ပြန်လွှတ်ပေးဖို့ ရခိုင်ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင်တွေက စက်တင်ဘာ ၁၀ ရက် နေ့လယ်က စစ်တွေမြို့မရဲစခန်းရှေ့မှာ တောင်းဆို ဆန္ဒပြပါတယ်။
ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကိုတိုးတိုးအောင်၊ ကျော်နိုင်ဌေးနဲ့ ဦးသန်းနိုင်တို့တို့ ၃ ဦးဟာ စက်တင်ဘာ ၉ ရက်က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးရှေ့မှာ ''4G အင်တာနက်ပြန်ဖွင့်ပေးရေး'' ''No Bloody Government '' ''No Murder Army'' ''ပြည်နယ်အစိုးရအား အယုံအကြည်မရှိ'' ဖက်ဆစ်လူသတ်ဝါဒ ဆန့်ကျင်ကြ'' ဆိုတဲ့ ပိုစတာတွေနဲ့ တောင်းဆိုခဲ့ကြပြီးနောက် ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ 4G အင်တာနက်ပြန်ဖွင့်ပေးရေးနဲ့ ဖက်ဆစ် လူသတ်ဝါဒဆန့်ကျင်ရေး အတွက် မန္တလေးမြို့မှာလည်း ဒီကနေ့မနက် ဗကသ ကျောင်းသားတွေ ဆန္ဒပြခဲ့ကြပါတယ်။
Photo - Morn Hteet / MPA










