DVB Logo
Home
မြန်မာသတင်း
မွန်နှင့်ကရင်ပြည်နယ်တွင်း အသိမ်းခံရသည့် မြေဧက ထောင်ချီရှိ
DVB
·
June 25, 2013
Donate to DVB

မွန် နဲ့ ကရင်ပြည်နယ်ထဲမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်ကစပြီး စစ်တပ်နဲ့ အခြားကုမ္ပဏီတွေက သိမ်းယူထားတဲ့ မြေဧရိယာ စုစုပေါင်း ထောင်ချီရှိတယ်လို့ လယ်ယာမြေနဲ့ အခြားမြေများ  သိမ်းဆည်းခံရမှု စစ်ဆေးရေးကော်မရှင်က ပြောပါတယ်။

မွန်နဲ့ ကရင်ပြည်နယ်တွင်း လယ်ယာမြေနဲ့ အခြားမြေများသိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဟာ  မေ ၃၁ ကနေ ဇွန် ၁၄ ရက်နေ့အထိ ဒုတိယအကြိမ် ကွင်းဆင်းစစ်ဆေးပြီး ပြောကြားလိုက်တာပါ။

ပထမအကြိမ် စစ်ဆေးမှုကို ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် စက်တင်ဘာက ပြုလုပ်ခဲ့ပြီး တိုင်ကြားစာတွေဟာ မွန်ပြည်နယ်မှာ ၁၀၀ ကျော်၊ ကရင်ပြည်နယ်မှာ ၁၀၀ ကျော်ရှိတဲ့အတွက်  အကုန်မစစ်နိုင်သေးကြောင်း၊ ဒီတခေါက်စစ်ဆေးမှုမှာ မွန်ပြည်နယ်အတွင်း အမှုပေါင်း ၁၆ မှုကိုပဲ စစ်ဆေးခဲ့ရတယ်လို့ ဆိုပါတယ်။

နောက်တကြိမ် လာရောက်စစ်ဆေးရဦးမှာ ဖြစ်ကြောင်း၊ နေ့ရက်မသိသေးကြောင်း မွန်နဲ့ ကရင်ပြည်နယ်တွင်း မြေသိမ်းမှုစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် မိမြင့်သန်းက ပြောပါတယ်။

မြေသိမ်းမှုမှာ အစိုးရစစ်တပ်က အများဆုံးသိမ်းယူထားတာ တွေ့ရပြီး သူတို့ဘက်က ခွင့်ပြုချက်နဲ့ သိမ်းကြောင်း စာရွက်စာတမ်းတွေ ပြခဲ့ပေမယ့် ဒေသခံဘက်ကတော့ သက်သေအထောက်အထား အခက်အခဲတွေ ရှိနေတယ်လို့ ဆိုပါတယ်။

“တပ်မတော် တပ်ရင်းတပ်ဖွဲ့တွေ သိမ်းကတည်းက မြေသိမ်းမိန့်၊ ခွင့်ပြုမိန့်တို့ သူတို့မှာ အရမ်းပြည့်စုံတာ။ တချို့တွေ့ရှိချက်တွေမှာဆိုရင် ရွာသားတွေက ခွင့်ပြုတယ်ဆိုပြီး လက်မှတ်တောင်းထိုးထားတဲ့အထိ။ ကျမတို့ စစ်တော့မှ တယောက်တည်းကပဲ ဖန်တီးပြီး လုပ်ထားတယ်ဆိုတာ ပေါ်လွင်နေတယ်။ ရွာသားအဖွဲ့တွေလည်း ကျမတို့ခေါ်တယ်။ သူတို့ဘက်က အားနည်းချက်တော့ အရမ်းများတယ်။ စည်းကြပ်ခွန် မကျခဲ့ဘူး။ အမည်းရောင်၊ အညိုရောင် နယ်မြေတွေဖြစ်တော့ မြေစာရင်းတွေက ကွင်းမဆင်းခဲ့ဘူး။ အဲတော့ ခွင့်ပြုမိန့်တို့မရှိဘူး။”

အသိမ်းခံရတဲ့မြေတွေမှာ တချို့က သီးနှံလျော်ကြေး နဲ့ မြေလျော်ကြေးတွေ ပြန်ရပေမယ့် မတရားဈေးနှိမ်တာ၊ ၁ ဧကကို ကျပ် ၁၀၀၊ ကျပ် ၅၀ လောက်နဲ့ တန်ဖိုးဖြတ်ပြီး တချို့ခြံမှာ တောင်သူတွေက ရာဘာပင်စိုက်ထားပေမယ့် စာရင်းထဲမှာ ၀ါးပင်တွေပင် ဖြစ်သွားတာလည်း တွေ့ရတယ်လို့ မိမြင့်သန်းက ပြောပါတယ်။

ခြုံငုံသုံးသပ်ချက်အရ မြေသိမ်းခံရတဲ့ ရွာသားတွေမှာ အထူးနစ်နာကြောင်း၊ တချို့မှာ မြေမဲ့ယာမဲ့နဲ့ သူရင်းငှားဘ၀ ရောက်သွားပြီး တချို့က အိုစာမင်းစာအတွက် မှီခိုရမယ့် မြေပါအသိမ်းခံရတော့ စိတ်ဝေဒနာခံစားရသူတွေလည်းရှိကြောင်း၊ ထိုက်တန်တဲ့ လျော်ကြေးငွေ၊ လုပ်ကိုင်စားသောက်နိုင်မယ့် မြေယာတွေ ပြန်ရစေလိုပေမယ့် သူတို့ကော်မရှင်အဖွဲ့က စစ်ဆေး၊ သုံးသပ်၊ အကြံပေးဖို့ပဲ တတ်နိုင်ပြီး အဆုံးအဖြတ်ကတော့ အစိုးရပေါ်မူတည်တယ်လို့ ဆိုပါတယ်။

မြေယာသိမ်းသူတွေထဲမှာ စစ်တပ်အပြင် ဒေသအုပ်ချုပ်ရေးပိုင်းက ခွင့်ပြုတဲ့ ကုမ္ပဏီတွေ၊ လုပ်ငန်းရှင်တွေက သိမ်းထားတာတွေရှိသလို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့က သိမ်းယူတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ စစ်ဆေးမှုတွေ မပြီးပြတ်သေးတဲ့အတွက် အသိမ်းခံရမြေဧက စုစုပေါင်းကို လောလောဆယ် မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

ဒီနှစ် ဇန်န၀ါရီလ  ၄ ရက်က ကော်မရှင်အဖွဲ့ကို တင်ပြတဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံ ပြည်နယ်နဲ့တိုင်း ၁၄ ခုလုံးမှာ အသိမ်းခံရတဲ့ မြေဧက ပေါင်း ၂ သိန်း ၄ သောင်းကျော်ရှိပြီး စစ်တပ်က အများဆုံးသိမ်းယူခဲ့တာလို့ မိမြင့်သန်းက ပြောပါတယ်။

မွန်နဲ့ ကရင်ပြည်နယ်၊ လယ်ယာမြေအသိမ်းခံရမှု စစ်ဆေးရေးကော်မရှင်အဖွဲ့ထဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဒေါက်တာ ဌေးဝင်း၊ ဦးဝင်းဦး၊ ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီက ဒေါ်နန့်စေးအွာ၊ ဦးစိုင်းသန်းနိုင်နဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက မိမြင့်သန်းတို့ ၅ ဦး ပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013