DVB Logo
Home
မြန်မာသတင်း
ပိုင်ဆိုင်မှုအငြင်းပွားနေတာကြောင့် လယ်မြေတွေ ပြန်ချမပေးနိုင်ဖြစ်နေ
DVB
·
June 24, 2013
ပိုင်ဆိုင်မှုအငြင်းပွားနေတာကြောင့် လယ်မြေတွေ ပြန်ချမပေးနိုင်ဖြစ်နေ
Donate to DVB

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဧရာရွှေဝါကုမ္ပဏီက သိမ်းထားတဲ့လယ်တွေကို မူလပိုင်ရှင် လယ်သမားတွေထံ ပြန်မပေးနိုင်သေးတာဟာ ပိုင်ဆိုင်မှုအငြင်းပွားနေတာတွေကြောင့် ဖြစ်တယ်လို့ တိုင်းအစိုးရအဖွဲ့က ပြောပါတယ်။

ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ်၊ ဆိပ်သာညောင်ချောင်းနဲ့ ဘုရားချောင်း ကျေးရွာတို့မှာ ဧရာရွှေဝါကုမ္ပဏီက သိမ်းဆည်းထားတဲ့ လယ်မြေဧက ၂၀၀၀ ကို ပြန်ပေးဖို့ တိုင်းလွှတ်တော် လယ်ယာမြေစုံစမ်းစစ်ဆေးရေးကော်မရှင်က ဆုံးဖြတ်ပေးပြီးဖြစ်ပေမယ့် အခု စိုက်ပျိုးချိန်ရောက်တဲ့ထိ လယ်တွေ ပြန်မရသေးဘူးလို့ လယ်သမားတွေက ပြောကြောင်း ပုသိမ် ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းအဖွဲ့ဝင် ကိုစိုးလှိုင်ဦးက ပြောပါတယ်။

[caption id="attachment_15224" align="alignright" width="300" caption="ဧရာဝတီတိုင်းအတွင်းရှိ လယ်ကွက်တကွက်"][/caption]

“ဧရာရွှေဝါက ပြန်အပ်တယ်။ ဒါပေမယ့် လယ်သမားတွေကို ပြန်မပေးဘဲ အုပ်ချုပ်ရေးမှူးရယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးရယ်က ဧရာရွှေဝါမှာပဲ သီးစားလုပ်တဲ့သူတွေကို ပြန်ချပေးလိုက်တယ်။ တိုင်းကနေ လယ်ယာမြေအငြင်းပွားတာကို စစ်ဆေးတဲ့အဖွဲ့ရှိတယ်၊ ကျောင်းကုန်းက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဆိုတာ။ သူတို့လည်း ဆင်းစစ်တယ်။ ဒီလူတွေ ပြန်ပေးသင့်တယ် ပြောထားပြီးပြီ။ ဒါကို မပေးဘဲ အဲလို လုပ်လိုက်တာ။”

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာမှာ တိုင်းအစိုးရအဖွဲ့အတွင်းရေးမှူး ဦးအေးကျော်က “ဧရာရွှေဝါက မလုပ်နိုင်တာတွေ ရေကြီး၊ ရေနက်ကွင်းတွေပေါ့။ ဒါတွေဖော်ထုတ် လုပ်နေတာရှိတယ်။ ဒီမတိုင်ခင် ပိုင်တယ်ဆိုတဲ့ လူတွေရယ်၊ လက်ရှိ ၉၁ ခုနှစ်ကစပြီး ဧရာရွှေဝါကနေလုပ်ပြီး အုပ်စုလေးတွေ၊ အစုအဖွဲ့နဲ့ လုပ်နေတာတွေရော၊ အငြင်းပွားနေတာတွေကို မပေးသေးဘူး။ ဘယ်သူ့ ပေးရမှန်းမသိဘူး။ အဲဒါကျန်မယ်၊ ကျန်တာ တော်တော်များများ မူလအငြင်းပွားမှုရှိနေတာတွေ ပြန်ပေးထားပြီးပြီ” လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းမှာ  အရင်စစ်အစိုးရ လက်ထက်ကတည်းက ဧရာရွှေဝါကုမ္ပဏီတခုတည်းက သိမ်းထားတဲ့ လယ်မြေဧကပေါင်း ၄ သောင်းကျော် ရှိပါတယ်။ တိုင်းအတွင်း စစ်တပ်နဲ့ ကုမ္ပဏီတွေက သိမ်းထားတဲ့လယ်မြေတွေ အားလုံးကို မူလလယ်ပိုင်ရှင်တွေထံ ပြန်ပေးမယ်လို့ ဧရာဝတီတိုင်း အစိုးရအဖွဲ့ဝန်ကြီးချုပ်ကလည်း ပြီးခဲ့တဲ့ မေလထဲ မီဒီယာတွေကို ထုတ် ပြောထားပါတယ်။

ဧရာဝတီတိုင်းထဲမှာ ဖြစ်ပွားနေတဲ့ အလားတူ လယ်မြေကိစ္စပြဿနာတွေနဲ့ ပတ်သက်ပြီး  တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးကျော် အခုလိုပြောပါတယ်။

“လယ်သမားဒေသမှာ နေတဲ့သူပဲလေ။ ကျနော်လည်း အခက်အခဲတွေ သိပါတယ်။ ဒါပေမယ့် ဧရာဝတီတိုင်းမှာ ပြဿနာတွေက အများကြီး။ မြေကိစ္စတွေလေ။ အခုလည်း ထွန်တုံးတိုက်ပွဲတွေ၊ အရင်ကပိုင်တဲ့သူတွေနဲ့ လက်ရှိ ပိုင်တဲ့သူတွေနဲ့။ ပြဿနာတွေဖြစ်နေတော့ တော်တော် ရှင်းရခက်ပါတယ်။ ကျနော်တို့ကတော့ မီးစ၊ ပြဿနာတွေ ကြီးထွားမှုမရှိအောင်တော့ နှစ်ဖက် ညှိနှိုင်းစေ့စပ်ပေးတဲ့ သဘောနဲ့ အဆင်ပြေအောင် လုပ်ပေးနေတယ်။”

ဧရာဝတီတိုင်းအပြင် ပဲခူးတိုင်းနဲ့ ရှမ်းပြည်နယ်တွေမှာလည်း အလားတူ စစ်တပ်နဲ့ ကုမ္ပဏီတွေက သိမ်းထားတဲ့ လယ်မြေသိမ်းယူမှု ပြသနာတွေ အများအပြားရှိနေဆဲဖြစ်ပြီး တချို့ ဒေသတွေမှာတော့ လယ်သမားတွေဟာ  ထွန်တုံးတိုက်ပွဲအသွင်နဲ့ အသိမ်းခံလယ်ယာမြေတွေထဲမှာ ၀င်ရောက်ထွန်ယက် စိုက်ပျိုးလုပ်ကိုင်ကြလို့ ဖမ်းဆီးတရားစွဲဆို ခံရတာလည်း ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013