ရွေးကောက်ပွဲ ရွှေ့ဆိုင်းရန် အစီအစဉ်မရှိသေးဟု ကော်မရှင်ပြော
ဇေယျာချမ်းအေး
·
September 9, 2020

ကိုဗစ်-၁၉ လူနာတွေ တနေ့ထက်တနေ့ ပိုများပြားလာပေမယ့် ရွေးကောက်ပွဲကိုတော့ ရွှေ့ဆိုင်းဖို့ အစီအစဉ်မရှိသေးဘူးလို့ ရန်ကုန်အနောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ပြောပါတယ်။
ရွေးကောက်ပွဲကော်မရှင်အနေနဲ့ မဲဆွယ်စည်းရုံးခွင့်ပေးခဲ့တာနဲ့ ပြည်ပကြိုတင်မဲတွေကို လက်ခံဖို့ပြင်ဆင်နေတာ စတဲ့လုပ်ငန်းတွေကို ဆက်တိုက်လုပ်နေတယ်လို့လည်း ဆိုပါတယ်။
“Social Distancing ဖြစ်အောင် မဲရုံတွေထပ်တိုးတာမျိုးလုပ်ရလိမ့်မယ်။ ရွှေ့တော့ မရွှေ့လောက်ဘူး” လို့ ဦးခင်မောင်ဝင်းက ပြောပါတယ်။
တဘက်မှာလည်း စက်တင်ဘာ ၁၅ ရက်နေ့မှာ အောက်ခြေက ရပ်ကျေးကော်မရှင် အဖွဲ့ဝင်တွေကို ကိုဗစ်ကာလ အထူးသင်တန်းပေးဖို့ အစီအစဉ်ကိုတော့ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် က ရပ်ဆိုင်းထားပါတယ်။ ဒါ့အပြင် ဒီကနေ့ ကျင်းပဖို့ရှိတဲ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲကိုလည်း ဖျက်သိမ်းလိုက်ပါတယ်။
သင်တန်းနဲ့ သတင်းစာရှင်းလင်းပွဲကို ဖျက်လိုက်ပေမယ့် ပြည်ပကြိုတင်မဲတွေကိုတော့ စက်တင်ဘာ ၁၁ ရက် နောက်ပိုင်းမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံခြားရေး ဌာနကနေ လက်ခံရယူဖို့ ရှိနေပါတယ်။
ပြည်ပကြိုတင်မဲတွေကို လက်ခံဖို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက ခရိုင်အဆင့်အရာရှိ တွေဟာ စက်တင်ဘာ ၁၁ ရက်နေ့ နေပြည်တော်မှာ ကွာရန်တင်းဝင်ပြီး ဓာတ်ခွဲနမူနာ စစ်ဆေးမှု ခံယူရမှာ ဖြစ်ပါတယ်။
နိုင်ငံရေးပါတီတချို့ကတော့ ခုလို ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများလာနေတဲ့ အခြေအနေမှာ ရွေးကောက်ပွဲကို ရွေ့ဆိုင်းထားဖို့ ကော်မရှင်ထံ အကြံပြုဖို့ အစီအစဉ်ရှိတယ်လို့ ပြောထားပါတယ်။