DVB Logo
Home
မြန်မာသတင်း
ဆွဲတင်စစ်ရုံးချိန်း တရားလိုသက်သေစစ်ဆေး
DVB
·
June 23, 2013
Donate to DVB

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ လူဦးရေစာရင်း ကောက်ယူရေးစီမံချက် (ဆွဲတင်စစ်) အကောင်အထည်ဖော်တုန်းက ဖြစ်ခဲ့တဲ့ အဓိကရုဏ်းနဲ့ တရားစွဲထားသူ ၇ ဦးရဲ့ အမှုကို ဇွန် ၂၁ ရက်နေ့က ရုံးထုတ်ရာမှာ တရားလိုသက်သေ ၂ ဦးကို စစ်ဆေးခဲ့တယ်လို့ စွပ်စွဲခံရသူတွေရဲ့ ရှေ့နေ ဦးလှမျိုးမြင့်က ဒီဗွီဘီကို ပြောပါတယ်။

စစ်တွေမြို့ သက်ကယ်ပြင်ကျေးရွာမှာ မွတ်စလင်အမျိုးသမီး ဒေါ်ဆော်လေမာက သူဟာ ရိုဟင်ဂျာလူမျိုး ဖြစ်တယ်လို့ ပြောတာကို ဘင်္ဂါလီလို့ စာရင်းသွင်းဖို့လုပ်ရာက စကားများပြီး လူအုပ်စုနဲ့ ခဲတွေဖြင့် ၀ိုင်းပေါက်လို့ စစ်ဆေးရေးအဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဒါကြောင့်  လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဦးစီးမှူး ဦးရန်အောင်မြင့်က တရားလိုပြုပြီး မေ ၂၃ ရက်နေ့က စစ်တွေမြို့နယ်တရားရုံးမှာ ဒေါ်ဆော်လေမာ၊ ဦးမာမောက်ဟာရှင်၊ ဦးစံလင်း၊ ဦးကျော်မြင့်၊ ဦးဘသာ၊ ဦးလှမြင့်တို့ကို ရုန်းရင်းဆန်ခတ်မှုမှာ ပါဝင်မှု၊ ၀တ္တရားနှောင့်ယှက်မှု၊ ဓားပြမှု၊ ခြိမ်းခြောက်မှု အားပေးကူညီမှုတွေနဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

ဇွန် ၂၀ ရက်နေ့က ရုံးချိန်းကို တရားလို လ၀က ဦးစီးမှူး ဦးရန်အောင်မြင့် ပျက်ကွက်လို့ မစစ်ဖြစ်ဘဲ ဇွန် ၂၁ ရက်နေ့ကျမှ တရားလိုပြသက်သေတွေကို စစ်ခဲ့တာ ဖြစ်ပါတယ်။ ဒီတရားခွင်နဲ့ ပတ်သက်လို့ ဦးလှမျိုးမြင့်က ခုလိုပြောပါတယ်။

“ဦးစိုင်းမြတ်သူ (လ၀က) ရယ်၊ ရခိုင်ကိုယ်စားလှယ် ဦးထွန်းစိန်မောင် ၂ ဦးကို စစ်တယ်။ ခင်ဗျားတို့မှာ အမိန့်စာ ရှိလား၊ အမိန့်စာအနေနဲ့ဖွဲ့တာမရှိဘူး။ စာနဲ့ပေနဲ့ ဖွဲ့တာမရှိဘူး။ အမိန့်စာမတင်ပြနိုင်ဘူး၊ ဒီအဖွဲ့ (ဆွဲတင်စစ်အဖွဲ့) ထဲမှာ သူတို့ပါဝင်တယ်ဆိုတာကိုလေ။။ တာဝန်ဝတ္တရားနှောင့်ယှက်မှုဆိုတော့ ၀တ္တရားနှောင့်ယှက်မှုဆိုတဲ့အခါကျတော့ တရားဝင် တာဝန်ထမ်းဆောင်တဲ့ အချိန်အခါဖြစ်ရမယ်။ ၀န်ထမ်းဖြစ်ရမယ်လေ။”

အဲဒီအမှုရုံးထုတ်တွေမှာ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာအရာရှိ ၁ ဦး အမြဲတက်ရောက် နားထောင်နေပါတယ်။
ရခိုင်ပြည်နယ်တခွင်မှာ အဖွဲ့ ၆၃ ဖွဲ့ ဖွဲ့စည်းပြီး ဘဂါင်္လီလူဦးရေ စာရင်းကောက်တဲ့ ဆွဲတင်စစ် စီမံချက်ကို စတင်တဲ့ ဧပြီ ၂၆ ရက်နေ့ ပထမဆုံးနေ့မှာပဲ စစ်တွေမြို့က သက်ကယ်ပြင်ကျေးရွာ မွတ်စလင်ဒုက္ခသည်စခန်းမှာ ပြဿနာ ဖြစ်ခဲ့တာပါ။

အခုရုံးတင်ထားတဲ့ ၇ ဦးအပြင် ဇွန် ၆ ရက်နေ့ ရုံးချိန်းတုန်းကတော့ တရားခံပြေး နောက်ထပ် ၂၄ ဦးအပေါ်  အမှုဖွင့်ချက်ကို တရားရုံးမှာ အတည်ပြုခဲ့ပါတယ်။  စီမံချက် စတဲ့နေ့မှာပဲ ရပ်နားခဲ့ရတဲ့ ဒီစီမံချက်ကို ဆက်အကောင်အထည်ဖော်သွားမယ်လို့ ရခိုင်ပြည်နယ်အစိုးရက ပြောကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013