
အီရန်နဲ့ စစ်ပွဲဟာ အမေရိကန် နိုင်ငံခြားရေးမူဝါဒကို ပြောင်းလဲစေပြီး ကမ္ဘာ့အကြီးဆုံး စီးပွားရေး နိုင်ငံ နှစ်ခုကြား တင်းမာမှုတွေကို လျှော့ချရေး ကြိုးပမ်းချက်ကို နှောင့်နှေးစေလို့ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့တွေ့ဖို့ တရုတ်မြို့တော် ပေကျင်းဆီသွားမဲ့ အလွန်မျှော်လင့်ထားတဲ့ ခရီးစဉ်ကို ရွှေ့ဆိုင်း ထားတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က မတ် ၁၇ ရက်မှာ ပြောပါတယ်။
ထရမ့်ပ်က“ကျနော်တို့ အစည်းအဝေးကို ပြန်စနေပါတယ်။ ကျနော်တို့ တရုတ်နဲ့ လက်တွဲ လုပ်ဆောင် နေပါတယ်။ သူတို့ အဆင်ပြေပါတယ်” လို့ ဘဲဥပုံရုံးခန်းထဲမှာ သတင်းထောက်တွေကို ပြောခဲ့ ပါတယ်။
ထရမ့်ပ်က သူ့ရဲ့ သမ္မတအဖြစ် ဒုတိယသက်တမ်းရဲ့ ပထမဆုံးခရီးစဉ်အတွက် မတ် ၃၁ ရက်ကနေ ဧပြီ ၂ ရက်အထိ ပေကျင်းမြို့တော်ဆီသွားဖို့ စီစဉ်ထားတာပါ။
အခုတော့ ခရီးစဉ်ဟာ သီတင်းပတ် ၅ ပတ် ဒါမှမဟုတ် ၆ ပတ်လောက်အတွင်းမှ ဖြစ်လာမယ်လို့ ထရမ့်ပ်က ပြောပါတယ်။ ဝါရှင်တန်မြို့တော်က တရုတ်သံရုံးက မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်း မတုံ့ပြန်ပါဘူး။
အီရန်နဲ့ စစ်ပွဲကြောင့် ရေနံဈေးနှုန်းတွေ မြင့်တက်လာတာ၊ ဟော်မုဇ်ရေလက်ကြားကတဆင့် သင်္ဘောတင်ပို့မှုကို ခြိမ်းခြောက်တာနဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ စွမ်းအင်လုံခြုံရေးအပေါ် အာရုံစိုက်မှု မြင့်တက်လာတာတို့ကြောင့် ရွှေ့ဆိုင်းလိုက်တဲ့ခရီးစဉ်ဟာ ဈေးကွက်တွေနဲ့ သံတမန်ရေးအတွက် မရေမရာမှုတွေကို ပိုဆိုးရွားစေခဲ့ပါတယ်။
ဒီနှောင့်နှေးမှုက ထိုင်ဝမ်၊ အခွန်ကောက်ခံမှုတွေ၊ ကွန်ပျူတာချစ်ပ်တွေ၊ တရားမဝင် မူးယစ်ဆေးဝါး တွေ၊ မြေရှားသတ္တုတွေ၊ စိုက်ပျိုးရေးတို့နဲ့ပတ်သက်ပြီး အမေရိကန်နဲ့ တရုတ်အစိုးရတို့ကြား ကုန်သွယ်ရေးပဋိပက္ခတွေကို လျှော့ချရေး ဆွေးနွေးမှုတွေကို ဘေးဖယ်ထားမှာဖြစ်ပြီး တခါတရံမှာ ခါးသီးတဲ့ တင်းမာမှုတွေ ပေါ်ပေါက်လေ့ ရှိပါတယ်။
Source: Reuters











