DVB Logo
Home
မြန်မာသတင်း
ကြေးနီစီမံကိန်းနယ်မြေကို တရုတ်သံအမတ်သွားရောက်
DVB
·
June 24, 2013
Donate to DVB

ကြေးနီစီမံကိန်းဟာ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ဖြစ်ထွန်းစေလိမ့်မယ်လို့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းဧရိယာကို သွားရောက်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ပြောဆိုပါတယ်။

စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းဒေသက ၀က်မှေးနဲ့ ကန်တော်ကျေးရွာကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ယန်ဟွေ့လန် (Yang Houlan)က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း လာရောက်ပြီး ကျေးရွာသားတွေ၊ သံဃာတော်တွေနဲ့ တွေ့ဆုံတယ်လို့ တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။

ဇွန် ၁၃ ရက်နေ့ တွေဆုံပွဲမှာ သံအမတ်ကြီးက နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စမှာ ဒေသခံတွေက နားလည်မှုပေးပြီး ထောက်ခံတဲ့အတွက် ကျေးဇူတင် ၀မ်းမြောက်ကြောင်း ပြောဆိုခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုတွေဟာ ဒေသလူနေမှုဘ၀ကို မြှင့်တင်ပေးမှာ ဖြစ်တယ်လို့ ပြောပါတယ်။

တရုတ်သံအမတ်ကြီးဟာ စီမံကိန်းဧရိယာကို သွားရောက်ပြီး တာဝန်သိတဲ့ နိုင်ငံတကာကုမ္ပဏီအဖြစ်  အလုပ်လုပ်ဆောင်ဖို့နဲ့ မှာကြားခဲ့သလို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးသာအေးနဲ့ တွေ့ဆုံရာမှာ ပူးပေါင်းဆောင်ရွက်ရေးတိုးမြှင့်ဖို့ ဆွေးနွေး တင်ပြခဲ့ပါတယ်။

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရုပ်သိမ်းရေး တောင်းဆိုဆန္ဒပြပွဲတုန်းက ထင်ရှားတဲ့ ၀က်မှေးရွာဟောင်းက ဒေါ်အေးနက်ကို မေးမြန်းတဲ့အခါ သံအမတ်ကြီးဟာ ရွှေ့ပေးတဲ့ ရွာသစ်ကို သွားရောက်တွေ့ဆုံတာဖြစ်ပြီး ရွာဟောင်းကိုတော့ မလာပါဘူးလို့ ပြောပါတယ်။

“ရွှေ့ပေးတဲ့ ရွာသစ်ကိုလာတယ်၊ ရွာဟောင်းကိုတော့ မလာဘူး။ ကျမတို့က အကျိုးအကြောင်းလည်း ဘာမှမသိဘူးလေ၊ ဒါကိုလည်း လက်မခံနိုင်ဘူး။ ကျမတို့နဲ့လည်း လာညှိတာ ဆွေးနွေးတာမရှိဘူး။ ဒါကြောင့် စီမံကိန်းနဲ့ ပတ်သက်လို့ ကန့်ကွက်ရမှာပဲ။”

ဒီစီမံကိန်းကို ဇွန် ၁၅ ရက်နေ့မှာ ပြန်လည်စတင်မယ်လို့ သတင်းထွက်နေရာက ၃ လ ထပ်မံနားတယ်လို့ ကြားသိရကြောင်း ဒေါ်အေးနက်က ပြောပါတယ်။
“၁၅ ရက်နေ့လုပ်ငန်းစမယ်ဆိုတော့ ဘုရားကျောငင်းကိုလည်း ရွှေ့မယ်လို့ ကြားလို့ သံဃာတွေနဲ့ တိုင်ပင်ပြီး ကျမတို့နဲ့ မညှိဘဲလုပ်ရင် ဆန္ဒဆက်ပြမယ်လို့ လုပ်ထားတယ်။ အခုတော့ သူတို့ ၃ လ နားတယ်လို့ ကြားတယ်။ ”

မြန်မာနိုင်ငံအလယ်ပိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်မှာ ဆန္ဒပြမှုတွေ အကြီးအကျယ် ဖြစ်ပွားခဲ့ပြီး ဆန္ဒပြသံဃာတော်တွေနဲ့ ရွာသားတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မီးခိုးဗုံးတွေနဲ့ ပစ်ခတ်လို့ အကြီးအကျယ်ဒဏ်ရာရခဲ့ပြီး အစိုးရက တရားဝင်တောင်းပန်ခဲ့ပါတယ်။ ဒီနောက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို အစိုးရက ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ရာမှာ ဒီစီမံကိန်းကို နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့အညီ ဆက်လုပ်သင့်ပြီး စာချုပ်အသစ် ပြန်လည်ချုပ်ဆိုရေးနဲ့ နစ်နာသူတွေကို လျော်ကြေးပေးရေးကိစ္စတွေ အကြံပြုတင်ပြခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013