DVB Logo
Home
မြန်မာသတင်း
မလေးရှားရောက် မြန်မာများ ပြန်ရန် နှစ်ဆတိုးမြှင့်ခွင့်ပြု
DVB
·
June 24, 2013
Donate to DVB

မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ အိမ်ပြန်မယ့်အရေအတွက်ကို ၂ ဆ တိုးခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။
ဒီသတင်းအပါအ၀င်  အကြမ်းဖက်ခံရပြီး ဖမ်းဆီးခံရတဲ့ မြန်မာတွေကလည်း  ထောင်ဒဏ် ၅ နှစ် ချမှတ်ခံရဖွယ်ရှိနေတဲ့အတွက် မြန်မာအစိုးရထံက အကူအညီလိုအပ်နေပါတယ်။

မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက မြန်မာပြည်ကို ပြန်မယ့်သူတွေကို ၁ ရက်ကို လူ ၄၀ ခွင့်ပြုရာက ၂ ဆတိုးပြီး ၈၀ အထိ ခွင့်ပြုပေးတယ်လို့ လိုက်ပါဆောင်ရွက်နေတဲ့ ဦးသီဟက ပြောပါတယ်။

“ပုံမှန် ၄၀ နဲ့ လကက က လက်ခံနေတာကို အခု ၈၀ လက်ခံပါပြီ။ ကျနော်တို့ အခု လက်မှတ်ကိစ္စလေးတော့ နည်းနည်းပြဿနာတက်ပါတယ်။ တရက်မှာ လူ ၄၀ ဆိုရင် တပတ်မှာ လူ ၄၀၀ ဖြစ်ပါတယ်။ ဒါပေမယ့် လေယာဉ်ထိုင်ခုံက လောလောဆယ် ကျနော်တို့ ရထားတဲ့ အစောင်ရေ ၂၄၀ လောက်ပဲ တပတ်ကို ရပါတယ်။ အဲဒါလေးတွေကို ပြန်ပြီး လုပ်ရမှာပါ။ လ၀က ကနေ ကျနော်တို့ အထူးထွက်ခွာခွင့်ရပြီးရင် နှစ်ပတ်အတွင်း ထွက်ခွင့်ပေးရမှာပါ။ မပေးခွင့် over stay ဖြစ်ရင် ကျနော်တို့ ထပ်ပြီး အလုပ်ရှုပ်မှာမို့လို့။”

လက်ရှိမလေးရှားမှာတော့ အခြေအနေ အေးဆေးတည်ငြိမ်လာပြီး မြန်မာနိုင်ငံသား တွေလည်း လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်နေကြပြီလို့ သူက ပြောပါတယ်။
“အခုလောလောဆယ်တော့ အကုန်ငြိမ်းအေးသွားပါတယ်။ မလေးရှားအစိုးရကလည်း သက်ဆိုင်ရာ ရဲစခန်းအသီးသီးကို တာဝန်တွေယူခိုင်းထားတော့ သူတို့လည်း ကြပ်ကြပ်မတ်မတ် ဆောင်ရွက်နေလို့ အခုလို ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်သွားတယ်လို့ ကျနော်ယူဆပါတယ်။ ပြန်ပို့ဖို့ ကိစ္စလောက်ပါပဲ။ ကျန်တဲ့ကိစ္စတွေကတော့ ထူးထူးခြားခြား မရှိပါဘူး။ အခု သံရုံးမှာ စာရင်းသွင်းထားတာ ၁၀၀၀ ၀န်းကျင်လောက်တော့ ခန့်မှန်းလို့ရပါတယ်။”

အကြမ်းဖက်တိုက်ခိုက်ခံမှု ဖြစ်စဉ်တလျှောက် လိုက်ကူညီတဲ့ ကပုန်း နာရေးကူညီမှုအသင်းက တာဝန်ရှိသူ ဦးဆန်းဝင်းကလည်း မလေးရှားရောက် မြန်မာတွေရဲ့ အခြေအနေမေးမြန်းရာမှာ စိုးရိမ်ထိတ်လန့်နေတုန်းပဲလို့ ပြောပါတယ်။

ဇွန် ၈ ရက်နေ့မှာ အကြမ်းဖက်ခံရပြီး သေဆုံးခဲ့တဲ့ ကရင်လူမျိုး စောဖလူးဂေးကို ဒီကနေ့ပဲ သင်္ဂြိုဟ်ပေးခဲ့ကြောင်း၊ စောဖလူးဂေးနဲ့အတူ အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ တယောက်လည်း ဦးနှောက်မှာထိသွားတဲ့အတွက် ဆေးရုံးမှာ အခြေအနေ မကောင်းဘူးလို့ ဆိုပါတယ်။

မလေးရှားမှာ မေလအတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် မြန်မာနိုင်ငံသား အနည်းဆုံး ၆ ဦး သေဆုံးပြီး လူ ၂၄ ယောက်လောက် ဒဏ်ရာရခဲ့ပါတယ်။
အစိုးရက နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးဇင်ယော်ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်ပြီး ဒီကိစ္စကို မလေးရှားအစိုးရနဲ့ ပူးပေါင်းဆောင်ရွက် စေခဲ့ပါတယ်။

ဒီသတ်ဖြတ်ခံရမှုတွေဟာ မြန်မာနိုင်ငံမှာ မွတ်စလင်တွေ အကြမ်းဖက်ခံရမှုအပေါ် မြန်မာပြည်သားအချင်းချင်း လက်စားချေတာ ဖြစ်နိုင်တယ်လို့ မလေးရှားရဲတွေက သုံးသပ် ပြောကြားချက်ကို သတင်းတွေက ရေးပါတယ်။မွတ်စလင်နိုင်ငံတခုဖြစ်တဲ့ မလေးရှားမှာ မြန်မာနိုင်ငံသား ၃ သိန်းကျော် အလုပ်လုပ်ကိုင်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013