DVB Logo
Home
မြန်မာသတင်း
နွားထိုးကြီးမြို့နယ်၌ မြေပဲဆွတ်ချိန် လုပ်သားရှားပါးသဖြင့် အခြားနယ်ကလုပ်သားများခေါ်ယူနေရ
DVB
·
September 8, 2020
နွားထိုးကြီးမြို့နယ်၌ မြေပဲဆွတ်ချိန် လုပ်သားရှားပါးသဖြင့် အခြားနယ်ကလုပ်သားများခေါ်ယူနေရ
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ ပင်ထောင်မြေပဲနုတ်သိမ်းနေချိန် လုပ်သားလိုအပ်ချက်အရ မလှိုင်၊ တောင်သာနဲ့ တခြားပြင်ပမြို့နယ်တွေက လုပ်သားတွေကို ခေါ်ယူ ပဲဆွတ်နေရတယ်လို့  ဒေသခံ မြေပဲစိုက်တောင်သူတွေထံက သိရပါတယ်။

ဒီဒေသမှာ လယ်ယာလုပ်သားရှားပါးနေတာကြောင့် နှစ်စဉ်လိုလို မြေပဲနုတ်ချိန် ရောက်တိုင်း မြေပဲခင်းရှင်တွေက ကား၊ ထော်လာဂျီတွေနဲ့ ဒေသနဲ့ ထိစပ်နေတဲ့ ကျေးရွာတွေမှာ သွားရောက်ပြီး လုပ်သားခေါ်ယူ ပဲဆွတ်နေကြရတာဖြစ်ပါတယ်။ 

ပဲတစ်တင်းဆွတ်နိုင်ပါက  ပဲ ၂ ပြည်ရတာကြောင့် လုပ်သားတစ်ဦးကို ပဲ ၁၀ တင်းကနေ ၁၂ တင်းထိဆွတ်နိုင်တဲ့အတွက်  လုပ်သားတွေလည်း လုပ်အားခ အဆင်ပြေကြတယ်လို့သိရပါတယ်။

ပဲဆွတ်လုပ်သား ဦးတင်ရီက “ လင်ကိုယ်မယားနှစ်ယောက်ပဲ လာဆွတ်တာပါ။ မနက် ၆ နာရီထဲက ဆင်းနေတာ၊ ညနေ ၅ နာရီဆို ပြန်တက်ပါပြီ။ တစ်နေကုန်ဆိုတော့ ၁၀ တင်းတော့ဆွတ်နိုင်ပါတယ်” လို့ ပြောပါတယ်။

မလှိုင်မြို့နယ် သရက်ကောင်းပင်ရွာက   မြေပဲဆွတ်သူအမျိုးသမီး တစ်ဦးကလည်း “ကျမတို့ မနက် ၆ နာရီကတည်းက မြေပဲခင်းမှာ တစ်နေကုန်ဆွတ်ရတယ်။ ပင်ပန်းပေမယ့် ဝင်ငွေအဆင်ပြေတော့ မမောနိုင်ပါဘူး။ နှစ်လ သုံးလတော့ မြေပဲပေါ်ချိန် အလုပ်အကိုင်ရှိနေတာမို့ ဝမ်းသာရပါတယ်”လို့ ပြောပါတယ်။

ပဲဆွတ်ဧကအလိုက် ထော်လာဂျီ အစီး ၂၀ ကနေ အစီး ၃၀ လောက်အထိ ပြင်ပဒေသက လယ်ယာလုပ်သားတွေကို  စရိတ်ကုန်ကျခံကာ ခေါ်ယူနိုင်ပါမှ အချိန်မီ ပဲဆွတ်ပြီးစီး နိုင်တယ်လို့ ဒေသခံ ပဲစိုက်တောင်သူက ပြောပါတယ်။

အခုလို ပဲဆွတ်ချိန်မှာ လုပ်သားတွေအတွက်လည်း အဆင်ပြေသလို လုပ်သားတွေကို သယ်ယူပို့ဆောင်ပေးနေရတဲ့ ထော်လာဂျီယာဉ်မောင်းသူတွေလည်း မြေပဲတွေ ရရှိတယ်လို့ သိရပါတယ်။ 

မကျီးကန်ရွာက ထော်လာဂျီ မောင်းသူ တစ်ဦးက  “ ကျနော်ကမကျီးကန်ကပါ။ သရက်ကောင်းပင်၊ အောင်သာ၊ ကြက်ဖြူ၊  သရက်ကန် ရွာတွေကို ပတ်ခေါ်ပြီး အခင်းရှိရာ ပို့ပေးပါတယ်။ လုပ်သားတစ်ယောက် ပို့ပေးရင် အခင်းရှင်က မြေပဲ တစ်ပြည်ပေးလို့ တစ်နေ့လုပ်သား ၂၀ ၊  ၂၅ ယောက်ဆိုတော့ အိမ်စားဖို့တော့ မြေပဲရပါတယ်။ မြေပဲတပြည်  တောထုတ်အတိုင်း ၇၀၀ ရတယ်” လို့ ပြောပါတယ်။

နွားထိုးကြီးနယ်မှာ ပင်ထောင်မြေပဲစိုက်ဧက ၂၀၀၀၀ ကျော်ရှိနေပြီး အခုနှစ် မြေပဲအထွက်ကောင်းတာကြောင့် ပဲတောင်သူရော၊ လယ်ယာလုပ်သားပါအဆင်ပြေနေတယ်လို့ ထန်းဇင်ရွာက ပဲစိုက်တောင်သူ ဦးကျော်ဦးက ပြောပါတယ်။

သတင်း- ဇာဇာမောင်(CJ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013