DVB Logo
Home
မြန်မာသတင်း
ဒုက္ခသည်များ၏ ပူးပေါင်းမှု ရခိုင်ပြည်နယ်အစိုးရ လိုလား
DVB
·
June 21, 2013
ဒုက္ခသည်များ၏ ပူးပေါင်းမှု ရခိုင်ပြည်နယ်အစိုးရ လိုလား
Donate to DVB

ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းတွေမှာ  မွတ်စလင်ဒုက္ခသည်တွေက အစိုးရအဖွဲ့ဘက်က ဆောင်ရွက်ချက်တွေကို ပူးပေါင်းပါဝင်မှုမရှိတာကြောင့် ကုလသမဂ္ဂနဲ့ လုပ်ဆောင်ရတဲ့အပိုင်းတွေမှာ အခက်အခဲရှိတယ်လို့ ရခိုင်ပြည်နယ်အစိုးရ ပြန်ကြားရေးဆပ်ကော်မတီက ပြောဆိုပါတယ်။

မွတ်စလင် ဒုက္ခသည်တွေအနေနဲ့ ပြည်နယ်အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေ အပေါ်မှာ ငြင်းဆန်မှုတချို့ရှိနေလို့ အတူတကွ ငြိမ်းချမ်းစွာနေထိုင်ဖို့ အရေးမှာ ဝေးနေဦးမှာပဲလို့ ရခိုင်ပြည်နယ်အစိုးရ ပြန်ကြားရေးဆပ်ကော်မတီဥက္ကဋ္ဌ ဦးဝင်းမြိုင်က ဒီဗွီဘီကို ပြောပါတယ်။

[caption id="attachment_39492" align="alignleft" width="300" caption="စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းတချို့ (ဓာတ်ပုံ-ကျော်ဇေယျာဝင်း)"][/caption]

ပြည်နယ်အစိုးရအဖွဲ့ဘက်က ဒုက္ခသည်စခန်းက မွတ်စလင်တွေကို ကူညီဆောင်ရွက်ပေးမှုတွေရှိနေပေမယ့်၊ အစိုးရရဲ့လုပ်ဆောင်ပေးချက်တွေကို မွတ်စလင်ဒုက္ခသည်တချို့ ငြင်းဆန်မှုတွေရှိနေတာကိုတော့ နိုင်ငံတကာမီဒီယာတွေက ဖော်ပြလာခြင်းမရှိတဲ့အတွက် အခက်တွေ့နေရတယ်လို့ ဆိုပါတယ်။

ဦးဝင်းမြိုင်က “ကျနော်တို့က စာရင်းကောက်တယ်၊ သူတို့ အကောက်မခံဘူး။ တဲတွေဆောက်ပေးတယ်၊ အဆောက်မခံဘူး။ တဲတန်းလျားဆောက်ပေးမယ် ပြောပေမယ့် သူတို့က တဲပေါ်မှာပဲနေတယ်။ ကျနော်တို့ဘာဆက်လုပ်ပေးရမလဲ။ အတူတူ ငြိမ်းငြိမ်းချမ်းချမ်းနေချင်တယ်ဆိုရင် ကျနော်တို့ ပြောတာ လက်ခံမှဖြစ်မယ်” လို့ ပြောပါတယ်။

မွတ်စလင် ဒုက္ခသည်တွေရဲ့ နေရေးထိုင်ရေးနဲ့ စားသောက်ရေးတို့အတွက် ကုလသမဂ္ဂ မဟာမင်းကြီးရုံးကို တင်ပြဖို့အတွက် ရခိုင်ပြည်နယ်အစိုးရရဲ့ လူဦးရေကောက်ယူမှုတွေကို ငြင်းဆန်သူတချို့ရှိသလို ကြည်ကြည်ဖြူဖြူလက်မှတ် ထိုးပေးကြတဲ့ ဒုက္ခသည်မွတ်စလင်တွေလည်း ရှိတယ်လို့ သိရပါတယ်။

အစိုးရဘက်က ဘင်္ဂါလီပဲဖြစ်တယ်လို့ ရပ်တည်သုံးနှုန်းပြီး မွတ်စလင်တွေဘက်က သူတို့ဟာ ဘင်္ဂါလီမဟုတ်ဘူး ရိုဟင်ဂျာဖြစ်တယ်လို့ ရပ်တည်နေတာပါ။
ပြည်ထောင်စုအစိုးရဘက်က ဧပြီလကုန်ပိုင်းတုန်းက လူဦးရေစာရင်းကောက်ယူရာမှာ ဘင်္ဂါလီနဲ့ ရိုဟင်ဂျာ အမည်ထည့်သွင်းရေးအငြင်းပွားရာက အစိုးရဘက်က စစ်ဆေးရေးအဖွဲ့တဖွဲ့ စစ်တွေမြို့ သက်ကယ်ပြင်ကျေးရွာမှာ ခဲပေါက်ခံရပြီး မွတ်စလင် ၇ ဦးကို ရုံးတင်တရားစွဲထားသလို တရားခံပြေး ၂၄ ဦးကိုလည်း တရားစွဲထားပါတယ်။

ပြည်နယ်အစိုးရအဖွဲ့ရဲ့ တဲတန်းလျား တည်ဆောက်ပေးမှုကို ငြင်းဆန်မှုအချို့ ရှိနေရတာဟာလည်း တဲတန်းလျားကြီး တည်ဆောက်ပြီးရင် သံဇကာတွေနဲ့ ကာရံထားလိုက်မယ်ဆိုတဲ့ ကောလာဟလတွေ ထွက်နေတာကြောင့်လို့လည်း သိရပါတယ်။

ဒါနဲ့ပတ်သတ်ပြီး မြေပုံမြို့နယ် မွတ်စလင်ဒုက္ခသည်စခန်းက ဒုက္ခသည် ကိုစိုးအောင်က “ကျနော်တို့က အခုအချိန်မှာ ဘယ်လိုမှ ရိုဟင်ဂျာလို့ ခံလို့မရဘူး။ ရိုဟင်ဂျာဆိုတာနဲ့ အသက်အိုးအိမ် စည်းစိမ်တွေက အန္တရာယ်ရှိနေပြီလေ။ နောက်ထပ်လည်း ဒုက္ခတွေဖြစ်မှာကို ကြောက်တယ်။ နေထိုင်ရေးကိုတော့ လက်မခံတာ မရှိပါဘူး။ အားလုံးက လက်ခံပါတယ်။ လောလောဆယ်မှာတော့ ဆောက်ပေးတာ နောက်ကျတာရယ်၊ မိုးထဲလေထဲနေရတဲ့ အခက်အခဲတော့ ရှိပါတယ်။ တဲဆောက်ပြီးတဲ့အခါမှာ သံဇကာတွေနဲ့ ၀န်းရံထားမယ်ဆိုတဲ့ သတင်းတွေထွက်နေလို့ မနေရဲတာလည်း ရှိပါတယ်။”

ရခိုင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်းတွေမှာ အခုလက်ရှိ ဘဂါင်္လီဒုက္ခသည်အရေအတွက် ၁ သိန်းဝန်းကျင်နဲ့ ရခိုင်လူမျိုးဒုက္ခသည် သောင်းဂဏန်းကျော် ရှိနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013