
ကချင်ပြည်နယ်၊ မံစီမြို့နယ်အတွင်း မန္တလေး-ဗန်းမော်ကားလမ်းပေါ်မှာ လမ်းခင်းကျောက်တွေ တင်ဆောင်လာတဲ့ ခြောက်ဘီးကား တစ်စီး မတော်တဆတိမ်းမှောက်ခဲ့လို့ ၃ နာရီကျော်ကြာ လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ပါတယ်။
စက်တင်ဘာ ၇ ရက် နေ့လည် ၁၂ နာရီလောက်က မံစီမြို့နယ် မံဝိန်းလေးကျေးရွာနဲ့ ကုန်းတိန်ကျေးရွာကြားတံတားအမှတ် (၁/၂၈၅)အနားမှာ ယာဉ်မောင်း လွင်ဖြိုးအောင် မောင်းနှင်ပြီး ယာဉ်နောက်လိုက် ခန့်ဝင်းစိုးလိုက်ပါလာတဲ့ မြစ်ကြီးနားအခြေစိုက် "မန်းပြည်တံခွန်" ဆောက်လုပ်ရေးကုမ္ပဏီပိုင် ခြောက်ဘီးယာဉ်ဟာ အရှိန်လွန်တိမ်းမှောက်ခဲ့တာပါ။
အဆိုပါကားဟာ စင်းခန်းကျောက်ကွင်းမှ လမ်းခင်းကျောက်တွေသယ်ပြီး ဗန်းမော်မြို့ကို ပြန်လာစဉ် မံဝိန်းလေးကျေးရွာအလွန်မှာ မျက်နှာချင်းဆိုင်ကမောင်းနှင်လာတဲ့ ၁၂ ဘီးယာဉ်ကို ရှောင်တိမ်းရာက အရှိန်မထိန်းနိုင်ဘဲ လမ်းမကြီးပေါ်မှာ ကန့်လန့်ဖြတ်အနေအထားတ တိမ်းမှောက်သွားတာ ဖြစ်ပါတယ်။
ယာဉ်တိမ်းမှောက်မှုကြောင့် မန္တလေး-ဗန်းမော် မဟာဗျူဟာလမ်းမကြီးပေါ်မှာ ၃ နာရီကျော်ကြာယာဉ်လမ်းကြောပိတ်ဆို့မှု ဖြစ်ခဲ့ရပြီး ယာဉ်မောင်းသမားနဲ့ နောက်လိုက်တို့ နှစ်ဦးစလုံး ပြင်းထန်ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ယာဉ်မဆင်မခြင်မောင်းနှင်သူ မောင်လွင်ဖြိုးအောင်ကို ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ တရားဆွဲဆိုနိုင်ရေး ဆောင်ရွက်နေတယ်လို့ မံစီမြို့မရဲစခန်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
သတင်း- ကျော်ဇေယျ CJ(ရွှေကူ)











