DVB Logo
Home
မြန်မာသတင်း
၁၃၈ ကြိမ်မြောက် ကရင်နီအမျိုးသားနေ့ ကျင်းပ
DVB
·
June 21, 2013
Donate to DVB

ကရင်နီအမျိုးသားနေ့ကို အစိုးရက တရားဝင်အသိအမှတ်မပြုပေမယ့် ကယားပြည်နယ် ဒီမောဆိုးမြို့နယ်မှာ ဒီကနေ့ ကျင်းပတဲ့ ၁၃၈ နှစ်မြောက် ကရင်နီအမျိုးသားနေ့အခမ်းအနားကို သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ တက်ရောက်ကြပါတယ်။

ကယားပြည်နယ် ဒီမောဆိုမြို့နယ် ဆိုဘောသဲကျေးရွာမှာ ကျင်းပတဲ့ ဒီအခမ်းအနားကို သမ္မတရုံးဝန်ကြီး ဦးအောင်မင်းအပါအ၀င် ၀န်ကြီးတချို့နဲ့ ကာကွယ်ရေးဝန်ကြီးဌာန ကစထ ၂ မှူး ဦးအောင်သန်းထွန်း နဲ့ စစ်ဖက်ဆိုင်ရာအကြီးအကဲတွေ တက်ရောက်ဂုဏ်ပြုခဲ့ကြပါတယ်။

ဒါ့အပြင် အစိုးရနဲ့အပစ်ရပ်ထားတဲ့ ကယားပြည်နယ်က လက်နက်ကိုင်အဖွဲ့အစည်း ခေါင်း ဆောင်တွေအပါအ၀င် ပြည်သူ ထောင်ချီတက်ရောက်ခဲ့ကြတယ်လို့ ကေအန်ပီပီအတွင်းရေးမှူး ၁ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

အစိုးရအဖွဲ့ပါအ၀င် ဒေသခံ အဖွဲ့အစည်းတွေ၊ အာဏာပိုင်တွေ ကရင်နီအမျိုးသားနေ့ကို တက်ရောက် ဂုဏ်ပြုတဲ့အတွက် အတိုင်းမသိဝမ်းသာကြောင်း ကေအန်ပီပီ ဒု-ဥက္ကဋ္ဌ ခူးဦးရယ်က ပြောပါ တယ်။

ကရင်နီအမျိုးသားနေ့ကို အစိုးရက အသိအမှတ်ပြုတဲ့နေ့ မဟုတ်ပေမယ့် အစိုးရ၀န်ကြီးတွေ ဒီအခမ်းအနားကို တက်ရောက်ခြင်းအားဖြင့် အလိုအလျောက် အသိအမှတ်ပြုရာ ရောက်တယ်လို့ ခူးဦးရယ်က အခုလို ပြောပါတယ်။

“ပြည်ထောင်စုအစိုးရက အသိအမှတ်ပြုတယ် မပြုဘူးဆိုတာ ကျနော်တို့ကိုယ်တိုင်က ကိုယ့်အမျိုးသားနေ့ သိတယ်ဆိုတာ အသိအမှတ်ပြုဖို့ လိုပါတယ်။ ကျနော်တို့အမျိုးသားနေ့ပါဆိုတာကို အသိအမှတ်မပြုရင် ဘယ်သူကမှ ဒါ ခင်ဗျားတို့ အမျိုးသားနေ့လို့ လာမပြောဘူး။ ကျနော်တို့ကို ပြည်ထောင်စုအစိုးရ ကိုယ်စားလှယ်တွေကလည်း လာရောက်ချီးမြှင့်တယ်ဆိုတာ အလိုအလျောက်သဘောပြုတယ်ဆိုတဲ့ သဘော ဖော်ပြရာရောက်ပါတယ်။ စာနဲ့ပေနဲ့ အသိအမှတ်ပြုမှ အသိအမှတ်ပြုတယ်ပြောမရပါဘူး။ လာရောက်ချီးမြှင့်တယ်ဆိုကတည်းက အသိအမှတ်ပြုပြီးသား သဘောပါပဲ။”

အခမ်းအနားကို တက်ရောက်ခဲ့တဲ့ သမ္မတရုံးဝန်ကြီးအောင်မင်းကလည်း ဂုဏ်ယူကြောင်း ပြောခဲ့သလို ကာကွယ်ရေးဝန်ကြီးဌာန ကစထမှူး ဦးအောင်သန်းထွန်းရဲ့ ပြောဆိုချက်တချို့ကို ဦးအောင်ဆန်းမြင့်က အခုလို ပြန်ပြောပြပါတယ်။

“ကရင်နီအမျိုးသားနေ့ကို ခမ်းခမ်းနားနားကျင်းပနိုင်တယ်ဆိုတာကို ဂုဏ်ယူတဲ့အကြောင်း၊ ဒါဟာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ပထမ အခြေခံဖြစ်တယ်ဆိုတာ မိန့်ခွန်းအရှည်ကြီးပြောတာပေါ့။ ဗိုလ်ချုပ်ကတော့ မိမိကိုယ်ကိုယ်ကောင်းအောင် ကြိုးစားပါ၊ အများအတွက်လည်း ကောင်းအောင်လုပ်ပါ။ တပ်မတော်နဲ့ ယနေ့ ကေအန်ပီပီကတော့ အတူတွဲ စားပွဲမှာ ယှဉ်ထိုင်နေတယ်။ နောက်လည်း ယှဉ်ထိုင်သွားမယ်။ အနာဂတ်ကိုလည်း ယှဉ်ပြီး ဒီလိုပဲ ပူးတွဲလုပ်သွားမယ်ဆိုတဲ့အကြောင်းတွေ ပြောပြသွားတယ်။”

နှစ်စဉ် ကရင်နီအမျိုးသားနေ့ကို ကေအန်ပီပီထိန်းချုပ်ရာနေရာမှာ ကျင်းပလေ့ ရှိပြီး ဒီနှစ်အခမ်းအနားဟာ အစည်းကားဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ နောက်နှစ်မှာလည်း ဒီထက် စည်ကားအောင် တခြားအဖွဲ့အစည်းတွေ၊ ပြည်သူတွေနဲ့ပူးပေါင်းကျင်းသွားမယ်လို့လည်း ဦးအောင်ဆန်းမြင့်က ဒီဗွီဘီကို ပြောပါတယ်။

၁၃၈ နှစ်မြောက် ကရင်နီအမျိုးသားနေ့ကို ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ရှိ ဒုက္ခသည် စခန်း အမှတ် (၁ နဲ့ ၂) တို့မှာလည်း ကျင်းပခဲ့ပါတယ်။ခရစ်သက္ကရာဇ် ၁၈၇၅ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့မှာ အင်္ဂလိပ်အစိုးရနဲ့ မြန်မာအစိုးရတို့က ကရင်နီပြည်ကို သီးခြားလွတ်လပ်သည့် ပြည်အဖြစ် အသိအမှတ်ပြုရန် စာချုပ်ချုပ်ဆိုခဲ့တဲ့နေ့ကို ကရင်နီလူမျိုးတွေရဲ့ အထိမ်းအမှတ်နေ့ ကရင်နီအမျိုးသားနေ့ဆိုပြီး ကျင်းပလာခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013