DVB Logo
Home
Lead Story
ရွှေဝါရောင်တော်လှန်ရေး ကဗျာများ
DVB
·
September 7, 2020
ရွှေဝါရောင်တော်လှန်ရေး ကဗျာများ
1 / 4
Donate to DVB

(သံဃာလျှောက်ခဲ့ တဆယ့်သုံးနှစ်)

၂၀၀၇ မှာ၊ စက်တင်ဘာ၌

သံဃာထုများ၊ လှမ်းလျှောက်သွားချိန်

သူရိန်နေမင်း၊ ပူရှိန်ပြင်းလည်း

ခြေနင်းမဲ့စွာ၊ ထီးဗလာနှင့်

မေတ္တာသုတ်ရွတ်၊ ဆင်းရဲကျွတ်စေ

အမျှဝေသံ၊ ပြည်လုံးညံ့ခဲ့

တဆယ့်သုံးနှစ် ပြည့်ခဲ့ပြီ။ ။

မောင်တူး 



 ရဟန်း သာမဏေတွေရဲ့ ရွှေဝါရောင်တော်လှန်ရေးဟာ ၂၀၀၇ ခုနှစ် စက်တင်ဘာလမှာ ဖြစ်ပွားခဲ့ပါတယ်။ အခု ၂၀၂၀ ခုနှစ် စက်တင်ဘာမှာ ၁၃ နှစ် နှစ်ပတ်လည် ရောက်ပြီ။ ရွှေဝါရောင်တော်လှန်ရေးမှာ ကုန်ဈေးနှုန်းကျဆင်းရေး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေး စတာတွေကို တောင်းဆိုတော်မူခဲ့ကြပါတယ်။

အဲ့ဒါကို စစ်အစိုးရက ပစ်ခတ် ဖြိုခွင်း ဖမ်းဆီး သတ်ဖြတ်ခဲ့ကြတာပါ။ ဒီအခါ ကြုံတွေ့ခဲ့ရသူ ရဟန်း ရှင် လူတွေက ရွှေဝါရောင် တော်လှန်ရေး အကြောင်း ကဗျာတွေစပ်ဆိုခဲ့ကြပါတယ်။ 

ကဗျာဆိုတာ . .ကျမတို့ရဲ့ ရုန်းကန်သံတွေပါပဲ လို့ ဒေါ်အောင်ဆန်းစုကြည်က ရေးပါတယ်။ 

(ကဗျာဆိုတာ)

ကဗျာဆိုတာ

လူ့စဉ်းစားဉာဏ်ရဲ့ ပဲ့တင်သံ။

လူ့နှလုံးသားရဲ့ ခုန်လှုပ်သံ။

လူ့စိတ်ဓာတ်ရဲ့ ကျုံးဝါးသံ။

လူ့မျှော်လင်ချက်ရဲ့ သီကျူးသံ။

ကဗျာဆိုတာ

ကျမတို့ရဲ့ ရုန်ကန်သံပါပဲ။ ။ 

            (အောင်ဆန်းစုကြည်)

ဟုတ်ပါ့။ ရွှေဝါရောင်တော်လှန်ရေး ကဗျာတွေကလည်း ရွှေဝါရောင် သံဃာတော်တွေရဲ့ ရုန်းကန်သံတွေပါ။ လွန်ခဲ့တဲ့ ၁၃ နှစ်က သံဃာတော်တွေရဲ့ လမ်းလျှောက်ပွဲကို တွေ့မြင် ခံစားရပြီးတဲ့နောက် ကဗျာဆရာ မောင်လွမ်းဏီက ကဗျာတပုဒ်ရေးခဲ့ပါ တယ်။  (ငါးရောင်ခြယ်) အမည်နဲ့ပေါ့။

(ငါးရောင်ခြယ်)

ပြည့်ဝမ်းမီးတောက်

သံဃာလျှောက်သည်

အံ့လောက်ပါသော တို့တိုင်းပြည်…။

မောင်လွမ်းဏီ      (ဆုံဆည်းရာ ဘလော့ဂ်၌ ၂၀၀၇ စက်တင်ဘာလက ဖော်ပြထားသော ကဗျာ)

၂၀၀၇ စက်တင်ဘာမှာ သံဃာတော်တွေနဲ့အတူ ဘေးမှာ ကျောင်းသား ကျောင်းသူ လူငယ်ကလေးတွေက ဝန်းရံ လိုက်ပါခဲ့ ကြတယ်။ ဘေးကရပ် လက်ခုပ်တီး အားပေးကြတာတွေကိုလဲ ကမ္ဘာ့သတင်းမီဒီယာတွေမှာတွေ့မြင်လိုက်ရအပြီး ဒီ ငါးရောင်ခြယ် ကဗျာကို ရေးခဲ့တာလို့ ကဗျာရှင် မောင်လွမ်းဏီက ပြောပြပါတယ်။ 

ဒီကဗျာရဲ့ တွန်းအားကြောင့်ပဲ အဲ့သည်အချိန်က တခုတည်းသော အွန်လိုင်း မီဒီယာဖြစ်တဲ့ ဘလော့ဂ် Blog စာမျက်နှာတွေမှာ ငါးရောင်ခြယ် ကဗျာနဲ့အတူ  သံဃာ့တော်လှန်ရေး သတင်းတွေဟာ ပျံ့နှံ့သွားခဲ့ပါတယ်။ နောက်ကဗျာတပုဒ်ကတော့ ရွေဝါရောင်တော်လှန်ရေးမှာ ကိုယ်တိုင်ပါဝင်ခဲ့သူ ကဗျာဆရာ အောင်ဝေးရဲ့ ကဗျာပါ။

ဖက်ဆစ်ခေတ်သို့

စစ်ဦးဘီလူး၊ မိစ္ဆာပူးသည့်

စစ်ဦးစီးရူး၊ အာဏာမူးသည့်

တပ်မှူးကြီးတွေ

ဘုန်းကြီးကျောင်းတွင်း၊ ဝင်စီးနင်း၍

သွေးချင်းချင်းဖြာ၊ သံဃာအော်ညည်း

လင်းလုနီးမှာ

သမီးလန့်၍ ငိုပြန်သည်။

သမီးငိုသံ၊ သေနတ်သံနှင့်

အဖန်ဖန်ရော၊ သမီးမော၍

အိပ်သောခဏ

“စစ်အစိုးရ ကျဆုံးပါစေ”။

(၈၈ မျိုးဆက်ခေါင်းဆောင် ဇနီးမောင်နှံ ကိုဂျင်မီနှင့် မနီလာသိန်းတို့၏ သမီးငယ်သို့ …)

အောင်ဝေး (ခေတ္တ ပုန်းခိုကျင်း တနေရာ) (၂၉-၉-၂၀၀၇) ဘေဘီနီလာသိန်းဧချင်းမှ ကောက်နှုတ်ချက်



 ကဗျာဆိုတာ လူ့ရုန်းကန်လှုပ်ရှားသံတွေပါ။ ရွှေဝါရောင်တော်လှန်ရေးမှာ ပစ်ခတ် ရိုက်နှက် ဖမ်းဆီးခဲ့ကြလို့ ရဟန်း၊ သာမဏေ၊ သီလရင်နဲ့ လူပုဂ္ဂိုလ်တွေ စုစုပေါင်း ၇၀၀၀ ကျော် အဖမ်းခံခဲ့ရပြီး ၁၀၀ ကျော် သေခဲ့တယ်လို့ မှတ်တမ်းတွေက ဆိုပါတယ်။ သေသူတွေမှာ ဂျပန်သတင်းထောက်အမျိုးသား နာဂအိစံလဲ ပါဝင်ခဲ့ပါတယ်။ ၂၀၀၇ သံဃာတွေရဲ့ ရုန်းကန်သံ ခံစားချက်တွေကို ကဗျာ ထုတ်ရေးခဲ့သူ ရဟန်းတပါးကတော့ အရှင်ရေဝတ(ရွှေဝါရောင်) ဖြစ်ပါတယ်။ 

စက်တင်ဘာနှစ်ဆယ့်ခြောက်

သံဃာစင်မှာ မှောက်ခဲ့တဲ့

ပြည်သူတို့ရဲ့မြင်ကွင်း

အရှေ့မုခ်လှေကားဆင်းမှာ

သွေးတွေမြေလူး

စစ်ဘီလူးရူးခဲ့တယ်နော်။

အရှင်ရေဝတ(ရွှေဝါရောင်) 

ရွှေဝါရောင် သံဃာ-ကျောင်းသား-လူထုပူးပေါင်းလှုပ်ရှားမှုအဖွဲ့ SMSPA ဘလော့ဂ်၊ မြန်မာရဲ့သံဃာ (သို့) နှစ်ထောင့်ခုနှစ်(၂၀၀၇)ရဲ့ပဲ့တင်သံ ကဗျာမှ ကောက်နုတ်ဖော်ပြချက်



 ၂၀၀၇ စက်တင်ဘာ ၅ ရက်  ပခုက္ကူမှာ လမ်းလျှောက် မေတ္တာပို့တော်မူကြတဲ့ သံဃာတွေကို ဖြိုခွင်းပြီး သံဃာတွေကို ဓာတ်တိုင်မှာကြိုးချီပြီး ရိုက်ခဲ့ပါတယ်။ ဒါကို စစ်အစိုးရက တောင်းပန်ဖို့ တောင်းဆိုတာကို မတောင်းပန်ခဲ့လို့ သံဃာတွေက ပတ္တနိက္ကုဇန သပိတ်ကံဆောင်ပွဲ စက်တင်ဘာ ၁၈ ရက်မှာ စတင်ပါတယ်။ ဒီနေ့အထိ မတောင်းပန်သေးလို့ သပိတ်ကံကလဲ ရှိနေဆဲပါ။ နောက်ပိုင်းမှာ သံဃာတွေကို ပစ်ခတ် ဖမ်းဆီးကြပါတော့တယ်။ အဲ့သည်အချိန် ရဟန်းတော်တွေကို ဆွမ်း ရေချမ်းကပ် ထောက်ပံ့ဝန်းရံခဲ့သူ ဒါရိုက်တာ မောင်သူရ ခေါ် ဇာဂနာကလည်း ကဗျာတွေ ရေးခဲ့ပါတယ်။ 

(ဘုရားရိုက်မည့် နွားငမိုက်များသို့)

သံဃံသရဏံ ဂန်းစာမိတော့

မချိတင်ကဲ၊ မျက်ရည်ဝဲတယ်။

အမှန်အကန်

အဖန်ဖန် သစ္စာရှိကြဖို့

သံဃံသရဏံ ဂစ္ဆာမိကြပါတော့။

အနှစ်ဗလာ အခါခါမိုက်ကြဆဲဟာမို့

ပလာတာ မကြိုက်တဲ့

နွားငမိုက်တွေမှာတော့

ဘုရားရိုက်တာခံကြပေတော့လို့

မလျော့မပို 

အသော့ဆိုလိုက်ချင်ရဲ့။ ။

ဇာဂနာ (မြစ်ကြီးနားထောင်)

ကဗျာဆရာ မောင်လွမ်းဏီရဲ့ ရွှေဝါရောင်တော်လှန်ရေးကဗျာတပုဒ်ကိုလည်း ဆုံစည်းရာ Blog မှ ထပ်တွေ့ရပါတယ်။ ဒီကဗျာတွေဟာ ခင်မင်းဇော်ဘလော့၊ ဒေါက်တာလွမ်းဆွေဘလော့ဂ်စတဲ့ Blog တော်တော်များများမှာ တင်ထားကြတာ တွေပါ။ အဲ့ဒီအချိန်က အခုလို ဖေ့စ်ဘွတ်ခ် တွစ်တာစတဲ့ဟာတွေ မရှိသေးပါဘူးဗျာ။ သွေးစက်တိုင်းမှာ ဆိုတဲ့ကဗျာကို ၂၀၀၇ စက်တင်ဘာ ၂၆ ရက် သံဃာတွေ၊ ပြည်သူတွေကို ရက်ရက်စက်စက် နှိမ်နင်းပွဲကြီးတွေ အပြီးမှာ ရေးခဲ့ပါတယ်။ 

(သွေးစက်တိုင်းမှာ)

မိစ္ဆာခွေးဘီလူး၊ သွေးရူးသွေးတန်း

လမ်းတကာဝင်၊  သံဃာစင်မှောက်

သွေးသောက်နေပြီ။

ညီညာစုပေါင်း၊ သွေးသစ်လောင်း၍

တုံးမောင်းခေါက်ပါ၊ လူစုပါဟေ့

ရရာလက်နက်၊ ဆွဲကြပါဟေ့

ကာကွယ်ခုခံ၊ တွန်းလှန်ပါဟေ့

ဒီနေ့သေလည်း၊ နောက်နေ့မွေးမည်

သွေးစက်တိုင်းမှာ မျိုးဆက်နဲ့။ ။ 

မောင်လွမ်းဏီ

၂၈ - ၉ ၂၀၀၇ ဆုံဆည်းရာ ဘလော့ဂ်၌ ၂၀၀၇ စက်တင်ဘာ ၂၉ စနေနေ့ ဖော်ပြထားသော ကဗျာ 

 ၂၀၀၇ စက်တင်ဘာ ၂၆ ဖမ်းဆီး သတ်ဖြတ်ပွဲတွေနောက် ပေါက်ကွဲ ပွင့်ထွက်ငိုကြွေး တောက်ခေါက် ကုန်ကြပြီ။ သံဃာတွေ ထောင်ထဲရောက်သူရောက်၊ တိမ်းရှောင်ကုန်ပြီ၊ ပြည်ပထွက်ကုန်ပြီး အများစု အဖမ်းခံရတာပေါ့။ ဒီအခါ ကဗျာဆရာ ဒေါက်တာလွဏ်းဆွေကလည်း ရွှေဝါရောင် ကဗျာတပုဒ် ပေါက်ကွဲ ရေးသားခဲ့တယ်။ တိုက်ပွဲက ငါတို့ကို စိမ်ခေါ်နေပြီ တဲ့။

(တိုက်ပွဲကငါတို့ကို စိမ်ခေါ်နေပြီ)

ပခုက္ကူသံဃာနှစ်ပါးကို ဓာတ်တိုင်မှာ ကြိုးတုပ်ပြီး ရိုက်သတဲ့

ညက ရေဒီယိုမှာ ကြားလိုက်ရတယ်

ဒီလောက်နဲ့ပဲ ကျေနပ်လိုက်ကြတော့မှာလား

တိုက်ပွဲက ငါတို့ကို စိန်ခေါ်နေပြီ။

သံဃာတော်တွေ ပတ္တနိက္ကုဇ္ဇန ကံဆောင်နေကြပြီတဲ့

ညက ရေဒီယိုမှာ ပြောသွားတယ်

ဒီလောက်နဲ့ပဲ တင်းတိမ်ကြတော့မှာလား

တိုက်ပွဲက ငါတို့ကို စိန်ခေါ်နေပြီ။

သံဃာတွေနောက်ကို ပြည်သူတွေပါလာပြီတဲ့

ညက ရေဒီယိုမှာ အသံလွှင့်သွားတယ်

ဒီလောက်နဲ့ပဲ ရောင့်ရဲကြတော့မှာလား

တိုက်ပွဲက ငါတို့ကို စိန်ခေါ်နေပြီ။

ဘုန်းကြီးကျောင်းတွေကို ညပိုင်းဝင်စီးတာ

သံဃာတွေ တော်တော်အဖမ်းခံရတယ်တဲ့

ညက အာရ်အက်ဖ်အေမှာ ကြားလိုက်ရတယ်

ကြေကွဲဝမ်းနည်းရုံနဲ့ ပြီးကြတော့မှာလား

တိုက်ပွဲက ငါတို့ကို စိန်ခေါ်နေပြီ။

သံဃာအလောင်းတလောင်း ငါးမိုးရိပ်ချောင်းထဲမှာ ပေါ်လာသတဲ့

မနေ့က အင်တာနက်မှာ ကြည့်လိုက်ရတယ်

သံရုံးတွေရှေ့မှာ ဆန္ဒပြရုံနဲ့ ပြီးကြတော့မှာလား

တိုက်ပွဲက ငါတို့ကို စိန်ခေါ်နေပြီ။

အားလုံး …

ဒီမိုကရေစီကို လိုလားတဲ့ မြန်မာပြည်သားအားလုံး

ကြက်သေ သေမနေကြပါနဲ့

ငါတို့ ဘာဆက်လုပ်ရမလဲဆိုတာကို

ပျံလွန်တော်မူသွားတဲ့ သံဃာတွေက လမ်းပြသွားခဲ့ပြီ

လမ်းမပေါ်မှာ ပစ်သတ်ခံရတဲ့ ပြည်သူတွေက လမ်းပြသွားခဲ့ပြီ

အဖမ်းဆီးခံ သံဃာနဲ့ ပြည်သူတွေက လမ်းပြသွားခဲ့ပြီ

အချိန်သိပ်မရှိတော့ဘူး

တိုက်ပွဲက ငါတို့အားလုံးကို အကြီးအကျယ် စိန်ခေါ်နေပြီ

တိုက်ပွဲက ငါတို့အားလုံးကို အကြီးအကျယ် စိန်ခေါ်နေပြီ

တိုက်ပွဲက ငါတို့အားလုံးကို အကြီးအကျယ် စိန်ခေါ်နေပြီ။ ။

ဒေါက်တာလွဏ်းဆွေ (၂၀၀၇ စက်တင်ဘာ)

ရွှေဝါရောင်တော်လှန်ရေး ကဗျာတွေကို အများကြီး ရေးခဲ့ကြပါတယ်။ အခုကတော့ သိမီသမျှ ဖော်ကာပြလိုက်တာပါ။ ရွှေဝါရောင်တော်လှန်ရေး ၁၃ နှစ်ပြည့် သမယမှာ ရွှေဝါရောင်တော်လှန်ရေး ဆင်နခဲ့ကြတော်မူသော ဆရာတော်၊ သံဃာတော်၊ ရှင်သာမဏေ၊ ကျောင်းသား ကျောင်းသူ လူငယ် လူပုဂ္ဂိုလ်အားလုံးနဲ့ ရွှေဝါရောင်ခြယ် ကဗျာသည်အားလုံးကို လေးစားဂုဏ်ယူကြောင်း ပြောကြားလိုပါတယ်ဗျာ။ ။

မောင်တူး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013