DVB Logo
Home
မြန်မာသတင်း
စိုက်စရိတ်ချေးငွေ နောက်ကျ ထုတ်ချေး
DVB
·
June 21, 2013
စိုက်စရိတ်ချေးငွေ နောက်ကျ ထုတ်ချေး
Donate to DVB

မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေတွေ ထုတ်ချေးပေးနေရာမှာ ထုတ်ချေးတဲ့အချိန် နောက်ကျတယ်လို့ လယ်သမားတွေက ပြောပါတယ်။

တချို့ဒေသတွေမှာ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ယူရရှိနေကြပေမယ့် တချို့ဒေသတွေမှာတော့ အခုအချိန်ထိ မရကြသေးဘူးလို့ သိရပါတယ်။

အခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေတွေကို ဇွန်လ ၁၇ ရက်ကစပြီး သက်ဆိုင်ရာ လယ်ယာဖွံ့ဖြိုးရေးဘဏ်က တဧက ကျပ် ၁ သိန်းနှုန်းနဲ့ စတင်ထုတ်ချေးပေးနေပါပြီ။
ဧရာဝတီတိုင်း ဇလွန်မြို့က လယ်သမားကြီး ဦးဝမ်စိန်းက ဇွန်လ ၁၉ ရက်မှာ သူတို့ စိုက်ပျိုးစရိတ်ချေးငွေ ရတယ်။ လယ်ယာမှတ်ပုံတင်ကြေး ပေးခဲ့ရတာတော့ ရှိတယ်လို့ ပြောပါတယ်။

“အကြွေးအကျေဆပ်တဲ့သူတွေကို ပေးတာပါ။ ၁ ဧကကို ၁ သိန်းနဲ့ ၁၀ ဧက အထိပေးတယ်။ အကြွေး မကျေသူတွေထားခဲ့တယ်။ ပထမ မြေစာရင်းကလုပ်ထားတာ ရှိတယ်လေ။ လယ်ယာမှတ်ပုံတင်ကိစ္စတဲ့ ငွေများသူကို ၂၅၀၀၊ ငွေနည်းသူကို ၁၀၀၀၊ ၁၅၀၀ ကောက်တယ်။ ကျနော့်ဦးလေးဆို ၁၀ ဧက ရှိတော့ ၁၀ သိန်းရတယ်လေ၊ အဲတော့ ၂၅၀၀ ကောက်တယ်။ ကျနော်တို့ဆို ၅ ဧက ရှိတယ်၊ ၁၀၀၀ ကောက်တယ်။”

ဇလွန်မြို့နယ်ထဲ ကျေးရွာအုပ်စု ၇၁ စုရှိတဲ့ထဲ အုပ်စု ၄၀ ကျော် ထုတ်ချေးခဲ့တယ်လို့လည်း ပြောပါတယ်။

ဧရာဝတီတိုင်း ဘိုကလေးမြို့က လယ်သမား ဦးမင်းခိုင်ကတော့ စိုက်စရိတ်ထုတ်ချေးတာ နောက်ကျတယ်လို့ ပြောပါတယ်။

“ထုတ်ချေးတာနောက်ကျတော့ တချို့လယ်တွေဆို ပြီးသလောက်ဖြစ်နေပြီ။ ချေးတာနောက်ကျတော့ ဆီတွေဘာတွေ အပြင်က အကြွေးဝယ်ရတာလေ။ အပြင်က ၅ ကျပ်တိုးလောက်နဲ့ ယူပြီး ၀ယ်ကြသူတွေလည်း ရှိတယ်။ တောင်သူလယ်သမားတွေ အကျိုးအတွက် ဘယ်လိုလုပ်ကိုင်ပေးမယ် ပြောပြီးတော့ တန်ခူး၊ ကဆုန်လောက် ထုတ်ပေးရင် ပိုအဆင်ပြေတယ်။”

ပဲခူးတိုင်းအနောက်ပိုင်း သာယာဝတီမြို့နယ်ဘက်မှာတော့ ဘဏ်ကြွေး မကျေကြသေးတာကြောင့် ဒီနှစ် မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေ ထုတ်မချေးနိုင်သေးဘူးလို့ သယာဝတီက ဦးမြင့်အောင်က ပြောပါတယ်။

“ဒီလထဲတော့ ထုတ်မချေးပေးနိုင်တော့ဘူးလို့ ထင်တယ်။ သာယာဝတီဘက်မှာက ၄၈ အုပ်စုလောက် ရှိတာမှာ နွေစပါးက အုပ်စု ၃၀ စိုက်တယ်။ တော်တော်များများက အကြွေးမကျေကြဘူး။ စိုက်ပျိုးစရိတ်ချေးငွေ ဘာလို့ မဆပ်နိုင်လဲဆိုတော့ နွေစပါးစိုက်တာ သာယာဝတီနယ်မှာ မအောင်မြင်ကြဘူး။ မအောင်မြင်တော့ လုံးဝအရှုံးပြသွားတယ်။ လယ်သမားက ငွေပိုငွေလျှံမရှိတော့ နွေစပါးစိုက်ပျိုးစရိတ်ချေးငွေ ပြန်မဆပ်နိုင်ဘူး။”

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မန်နေဂျာ ဒေါ်သင်းသင်းက ဒီနှစ် စိုက်စရိတ်ချေးငွေ ထုတ်ချေးတာ နောက်ကျရတဲ့အကြောင်းကို အခုလို ရှင်းပြပါတယ်။

“အဓိကက လယ်သမားတွေက စိုက်ဘဏ်ကြွေး မဆပ်နိုင်ဘူး။ စိုက်ဘဏ်ကလည်း စီးပွားဘဏ်ကို ပြန်မဆပ်နိုင်ဘူး။ ကြွေးကျနေတော့ အဲအကြွေးကျေမှ နောင်နှစ်ချေးငွေ ချပေးမယ်။ အကုန်နှောင့်နှေးကုန်တာပေါ့။ အဲတော့ ဒီနှစ် နည်းနည်းနောက်ကျသွားတယ်။ ခွင့်ပြုတာ နောက်ကျသွားတယ်။ လုပ်ထုံးလုပ်နည်းအရ စစ်ဆေးရတာပေါ့။ မနှစ်က ချေးငွေကျန်သေးတယ်၊ ထပ်ယူဖို့ဆိုတော့ သူတို့စဉ်းစားတာပေါ့။ အဲတော့ နည်းနည်းကြာသွားတာပေါ့။ သူတို့ဘက်က ပိုက်ဆံမရတော့ အမတို့လည်း လယ်သမားကိုချေးပေးဖို့ နောက်ကျသွားတယ်။”

သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ စိုင်ပျိုးစရိတ်ချေးငွေကို တဧက ကျပ် ၂ သောင်းကနေ ကျပ်၁ သိန်းအထိ တိုးမြှင့်ပြီး ထုတ်ချေးပေးခဲ့တာဖြစ်ပါတယ်။
မြန်မာတနိုင်ငံလုံးမှာ စပါးစိုက်ဧက ၁၃ သန်းရှိပြီး စပါးစိုက် လယ်သမားပေါင်း ၄ သန်းခွဲလောက် ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013