DVB Logo
Home
မြန်မာသတင်း
မြန်မာနှင့်အခြားနိုင်ငံများ နိုင်ငံရေးအသွင်ကူးပြောင်းမှု အော်စလိုဖိုရမ်တွင် နှိုင်းယှဉ်ဆွေးနွေး
DVB
·
June 21, 2013
မြန်မာနှင့်အခြားနိုင်ငံများ နိုင်ငံရေးအသွင်ကူးပြောင်းမှု အော်စလိုဖိုရမ်တွင် နှိုင်းယှဉ်ဆွေးနွေး
Donate to DVB

နော်ဝေးနိုင်ငံ အော်စလိုမြို့မှာ ဇွန် ၁၈ နဲ့ ၁၉ ရက်တွေက ကျင်းပခဲ့တဲ့ ၂၀၁၃ အော်စလို ဖိုရမ် (Oslo Forum) နှီးနှောဖလှယ်ပွဲမှာ မြန်မာနိုင်ငံက နိုင်ငံရေး အသွင်ကူးပြောင်းမှုတွေ အကြောင်း တခြားနိုင်ငံတွေက နိုင်ငံရေး အသွင်ကူးပြောင်းမှုတွေနဲ့ နှိုင်းယှဉ် ဆွေးနွေးခဲ့ကြပါတယ်။

ဆီးရီးယားနိုင်ငံက အကြမ်းဖက်မှုတွေဟာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေအတွက် တိုက်ပွဲဝင်နေသူအတွက်တော့ ကံဆိုးမိုးမှောင်ကျရပုံတွေကို ဆွေးနွေးခဲ့သလို ဖိလစ်ပိုင်နဲ့ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေကိုလည်း တက်ရောက်ဆွေးနွေးသူတွေက အကောင်းဘက်က ချီးကျူးပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံက ကိုယ်စားလှယ်အဖွဲ့မှာတော့ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ မြန်မာ့တပ်မတော်က ဗိုလ်ချုပ်ကြီးလှဌေးဝင်း၊ မြန်မာငြိမ်းချမ်းရေးစင်တာက ဦးအောင်နိုင်ဦး၊ ကရင်အမျိုးသားအစည်းအရုံးက ဖဒိုစောကွယ်ထူး၊ မွန်အမျိုးသမီးအဖွဲ့က မိခွန်ချမ်းနွန်နဲ့ သမိုင်းပညာရှင် ဦးသန်းမြင့်ဦး တို့ ပါဝင်ပါတယ်။

မြန်မာ့ကိုယ်စားလှယ်အဖွဲ့ဝင် ဦးအောင်နိုင်ဦးက နှီးနှောဖလှယ်ပွဲအတွင်း ဆွေးနွေးခဲ့တာ တွေနဲ့ ပတ်သက်လို့ ဒီဗွီဘီကို အခုလို ပြောပါတယ်။

“အော်စလိုဖိုရမ်မှာကတော့ အများဆုံး ဆွေးနွေးတာက ဆီးရီးယားအကြောင်းနဲ့  တခြားကိုလံဘီယာတို့ တခြားခက်ခဲတဲ့ ပဋိပက္ခတွေအကြောင်း ဆွေးနွေးကြတယ်။ ဒီထဲမှာ မြန်မာနိုင်ငံရဲ့ အနေအထားဟာ အခြေနေကောင်းတဲ့အနေအထား ဖြစ်နေတဲ့အတွက် ဒီကိစ္စကို ဆွေးနွေးပွဲမှာ မကြာခဏ ထုတ်ဖော်ပြီး ပြောကြတယ်။ နော်ဝေနိုင်ငံခြားရေးဝန်ကြီးကလည်း ပြောတာရှိတယ်။ တခြားနိုင်ငံတကာ ကိုယ်စားလှယ်တွေကလည်း ပြောကြတယ်။ ကောင်းနေတဲ့ အခြေအနေကို ဘယ်လို ဆက်ပြီးတော့ ထိန်းကြမလဲ။ စိန်ခေါ်ချက်တွေ ရှိနေတာကို ဘယ်လိုလုပ် ဆက်ပြီး ထိန်းသွားကြမလဲဆိုတာ နိုင်ငံတကာက ကြားဝင်ဖျန်ဖြေဆောင်ရွက်ပေးတဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေကလည်း ဆွေးနွေး အကြံပေးကြတာ ရှိပါတယ်။”

မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ နှီးနှောဖလှယ်ပွဲပြင်ပမှာ နော်ဝေးအစိုးရ၊ ထိုင်းအစိုးရနဲ့ ဖိလစ်ပိုင်အစိုးရ ကိုယ်စားလှယ်အဖွဲ့တွေနဲ့လည်း သီးသန့်တွေ့ဆုံကာ မြန်မာ့နိုင်ငံရေး အပြောင်းအလဲကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ဦးအောင်နိုင်ဦးက ပြောပါတယ်။

“ဖိလစ်ပိုင်နိုင်ငံက သမ္မတရဲ့ ငြိမ်းချမ်းရေး အကြံပေးအရာရှိ၊ အတွင်းရေးမှူးနဲ့လည်း တွေ့ဆုံဆွေးနွေးရေးကိစ္စတွေ၊ အပစ်အခတ် ရပ်စဲရေးကိစ္စတွေ ဆွေးနွေးဖြစ်ကြသလို ထိုင်းနိုင်ငံ တောင်ပိုင်းက ကိစ္စတွေကိုလည်း ထိုင်းတောင်ပိုင်းမှာ တာဝန်ကျနေတဲ့ တပ်မှူးကြီးနဲ့ ကျနော်တို့ ဆွေးနွေးခွင့်ရခဲ့တယ်။ တခြား အိန္ဒိယ၊ ကိုလံဘီယာ၊ ဆီးရီးယားတို့နဲ့လည်း တဦးချင်းအပြင်မှာ ဆွေးနွေးခွင့်ရတဲ့အတွက် တခြားပြဿနာတွေကိုလည်း တော်တော်သိခဲ့ရသလို ကျနော်တို့ နိုင်ငံက ပြဿနာတွေကလည်း ဘယ်အနေအထားကိုရောက်နေပြီဆိုတဲ့ ကွာတဲ့အနေအထား တွေကို တွေ့မိ လေ့လာမိပါတယ်။”

၂၀၁၂ အော်စလိုဖိုရမ်မှာတုန်းကလည်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းတို့ အဲဒီနှစ်အချိန်က ဖြစ်နေတဲ့ မြန်မာ့နိုင်ငံရေးအပြောင်းအလဲတွေအကြောင်း တက်ရောက်ဆွေးနွေးခဲ့ပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်လို့ ဦးအောင်နိုင်ဦးက “အဲဒီတုန်းက မြန်မာပြည်ကိစ္စ ဆွေးနွေးကြတဲ့အချိန်မှာ မျှော်လင့်ချက်တော့ရှိတယ်၊ စိုးရိမ်စိတ်တွေ တော်တော်များများ ရှိနေတာမျိုးတွေ အများကြီး ဆွေးနွေးကြတာ တွေ့ရပါတယ်။ ဒါပေမယ့် အခု ဒုတိယအကြိမ်ရောက်တဲ့အချိန်မှာ ၀န်ကြီး ဦးခင်ရီတို့ပါတယ်၊ ဗိုလ်ချုပ်ကြီး လှဌေးဝင်းတို့ပါတယ်။ ပြောဆိုတဲ့ဟာတွေက မနှစ်ကထက် ပိုပြီး မျှော်လင့်ချက်တွေ များလာတယ်ဆိုတာ နိုင်ငံတကာအသိုင်းအ၀ိုင်းမှာ တော်တော်လေး ထင်ထင်ရှားရှားတွေ့ရတယ်” လို့ ပြောပါတယ်။

Read more

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013