
ကိုဗစ်-၁၉ ကပ်ရောဂါ ဒုတိယလှိုင်းကာလ ရန်ကုန်တိုင်းက ကူးစက်ခံရတဲ့ လူနာဦးရေဟာ ထပ်တိုးလာပြီး ရခိုင်ပြည်နယ်ကိုကျော်ပြီး တနိုင်ငံလုံးမှာ အမျာဆုံးဖြစ်လာပါတယ်။
ကူးစက်မှုဇာစ်မြစ်ရှာမရဘဲ ဘယ်ကကူးမှန်းမသိတဲ့သူတွေ ဆက်တိုက်ပေါ်လာပြီးနောက် သြဂုတ် တတိယပတ်လောက်ကစလို့ မြန်မာနိုင်ငံမှာ တကျော့ပြန် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု အရှိန်ဆက်တိုက်မြင့်လာခဲ့တာပါ။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ စာရင်းတွေအရ နေ့စဉ် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသစ်တွေ ရာဂဏန်းအထိ တိုးလာနေပြီး အများစုက ရခိုင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းတို့က ဖြစ်ပါတယ်။
ပထမလှိုင်း ကိုဗစ်-၁၉ ကာလမှာ ရန်ကုန်တိုင်းက ပြည်နယ်နဲ့တိုင်းထဲမှာ ပိုးတွေ့လူနာအများဆုံး ဖြစ်ခဲ့ပါတယ်။ အခုဒုတိယလှိုင်းအစမှာ ရခိုင်ပြည်နယ်က ပိုးတွေ့လူနာ အများဆုံးဖြစ်ပေမဲ့ အခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းအတွင်း လူနာသစ်တွေ တိုးလာပြီး ကူးစက်ခံမြို့နယ်တွေလည်း ထပ်တိုးလာနေတာပါ။
မနေ့ကအထိ ရခိုင်ပြည်နယ်က ကူးစက်သူ အရေအတွက် ပိုများပေမဲ့ ဒီနေ့မှာတော့ ရန်ကုန်တိုင်းက ၅၃၇ ယောက်နဲ့ အများဆုံးဖြစ်လာပြီး ရခိုင်ပြည်နယ်က ၅၀၉ ယောက်နဲ့ ဒုတိယအများဆုံး ဖြစ်လာပါတယ်။
ဒါကြောင့် ပိုးတွေ့လူနာများတဲ့ ရန်ကုန်မှာ Quarantine စင်တာ တိုးချဲ့တာတွေ လုပ်နေတယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောပါတယ်။
“ရန်ကုန်မှာ ပိုးကူးစက်သူများလာတဲ့အတွက်ကြောင့် ကွာရတင်းစင်တာတွေ တိုးချဲ့တာတွေ လုပ်နေပါတယ်။ ဥပမာအနေနဲ့ ရိုးမရိပ်သာပေါ့။ ရိုးမရိပ်သာဆို အကုန်လုံးဆို ၂၀၀၀ လောက်ဆံ့တယ်။ ဒါပေမဲ့ ကျနော်တို့က ယာယီအားဖြင့်တော့ လူဦးရေ ၁၀၀၀ လောက် ဆံ့အောင်လုပ်မယ်၊ ကြိုးစားမယ်၊ တခြားနေရာတွေမှာလည်း Quarantine စင်တာအသစ်တွေ ဆက်လုပ်နေတာတွေရှိတယ်။”
ကူးစက်ခံလူနာတွေကတော့ ရခိုင်ပြည်နယ်ကို ခရီးသွားထားသူတွေ ပါဝင်သလို ကူးစက်မှုဇာစ်မြစ် ရှာမရသေးတဲ့သူတွေလည်း ပါလာပါတယ်။
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်နေ လူနာအမှတ် ၁၄၄ က “ကျနော်တို့ ဂရုစိုက်ပြီးနေပေမဲ့ ကူးတာပဲ။ ကျနော်လည်း ဘယ်ကကူးမှန်းမသိဘူး” လို့ ပြောပါတယ်။
ရန်ကုန်တိုင်းအတွင်း မြို့နယ် ၇ မြို့နယ်ကို Stay at Home သတ်မှတ်ထားပြီး ဆိုင်တွေကိုလည်း ပါဆယ်ပဲ ရောင်းဖို့၊ ညမထွက်ရအမိန့်ကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်တာ၊ နှာခေါင်းစည်းမတပ်တဲ့သူတွေကို အရေးယူတာတွေ စတဲ့ ရောဂါကာကွယ်ရေးအစီအမံတွေ ဖိဖိစီးစီး လုပ်နေတယ်လို့ တိုင်းကိုဗစ်ကော်မတီက ဆိုပါတယ်။










