DVB Logo
Home
မြန်မာသတင်း
အစိုးရနှင့် ကေအန်ပီပီ အချက် ၈ ချက် သဘောတူ
DVB
·
June 20, 2013
အစိုးရနှင့် ကေအန်ပီပီ အချက် ၈ ချက် သဘောတူ
Donate to DVB

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) နဲ့ အစိုးရ ဒုတိယနေ့ ဆက်ဆွေးနွေးပြီး ပူးတွဲပြဿနာ ဖြေရှင်းရေး ကော်မတီဖွဲ့ဖို့ အပါအ၀င် အချက် ၈ ချက် သဘောတူခဲ့ကြပါတယ်။

လွိုင်ကော်မြို့ တပ်နယ်ခန်းမမှာ အစိုးရပြည်ထောင်စု ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) တို့ ၂ ရက်တာ ဆွေးနွေးပွဲမှာ အချက် ၈ ချက်ကို သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။

နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးနဲ့ အားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ရောက်ရှိရေး ဆက်လက်ဆောင်ရွက်ဖို့၊ တပ်ပိုင်းဆိုင်ရာကိစ္စရပ် ဆက်ဆွေးနွေးဖို့၊ ပူးတွဲစောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းဖို့၊ ကယားပြည်နယ်အတွင်း ရွာသစ်စီမံကိန်းအပါအ၀င် ထပ်မံအကောင်းအထည်ဖော်မည့် အကြီးစားစီမံကိန်းတွေကို ပွင့်လင်းမြင့်သာပြီး တာဝန်ယူ၊ တာဝန်ခံမှုအပြင် ဒေသခံ ပြည်သူတွေ နစ်နာမှုမရှိစေရေး အာမခံ ဆောင်ရွက်ဖို့၊ ပြည်တွင်း ဌာနေမဲ့သူများကို ပြန်လည်နေရာ ချထားရေးနဲ့ မြေမြှုပ်မိုင်းရှင်းလင်းရေးကိစ္စ ညှိနှိုင်းဆောင်ရွက်ဖို့၊ ပြန်လည်နေရာချထားရေးအတွက် ရှားတောမြို့နယ်၊ ဒေါတခဲဒေသမှာ စံပြစီမံကိန်း နမူနာတခု ဆောင်ရွက်ဖို့၊ မူဝါဒသဘောတူညီချက်တွေကို အကောင်အထည်ဖော်နိုင်ရေးအတွက် နှစ်ဖက် အဖွဲ့အစည်းကနေပြီး အလုပ်အဖွဲ့ ဖွဲ့စည်းဆောင်ရွက်ဖို့နဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အစိုးရနဲ့ ကေအန်ပီပီ ပူးတွဲဆောင်ရွက်ဖို့ စတဲ့အချက် ၈ ချက်ကို သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။

ဇွန် ၁၉-၂၀၊ ၂ ရက်တာ ပြုလုပ်တဲ့ ဒုတိယအကြိမ်မြောက် ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲနဲ့ သဘောတူ လက်မှတ်ရေးထိုးနိုင်မှုအပေါ် အားရကျေနပ်တယ်လို့ ကေအန်ပီပီအတွင်းရေးမှူး ၁ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

“‘ဒီတခေါက်က ပွင့်ပွင့်လင်းလင်းနဲ့ အသေးစိတ်ဆွေးနွေးလို့ အရင်တခေါက်ထက်စာရင် ပိုပြီးတော့ ထိရောက်မှုပိုရှိတယ်လို့ သုံးသပ်လို့ရတယ်။ အခုတခေါက်က ပွင့်လင်းတယ်၊ အသေးစိတ်ဆွေးနွေးတယ်၊ ရှေ့ဆက်အကောင်အထည်ဖော်ရာမှာလည်း ညှိနှိုင်း ပူးတွဲ ဆောင်ရွက်သွားမယ်ဆိုပြီး သဘောတူညီမှုတွေရလို့ ကောင်းတဲ့ ရလဒ်တွေလို့ မြင်ပါတယ်။”

ဒါ့အပြင် တခြားတိုင်းရင်သားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး၊ ချင်းအမျိုးသားတပ်ဦး အစရှိတဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့လည်း အပစ်ခတ်ရပ်စဲရေးစောင့်ကြည့်ရေး အဖွဲ့ ဖွဲ့ဖို့ မူချမှတ်ခဲ့သလို အခု ကေအန်ပီပီနဲ့ သဘောတူညီတဲ့တွက် ပိုပြီး အားရကျေနပ်တယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာက ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေက ပြောပါတယ်။

“ငြိမ်းချမ်းရေးဖြစ်စဉ်ကတော့ တရွေ့ရွေ့သွားရတဲ့ အလုပ်ပေါ့။ တိုးတက်မှုတွေ အများကြီးရှိပါတယ်။ ပွင့်ပွင့်လင်းလင်း ဆွေးနွေးတယ်။ တဖက်က ဗိုလ်ချုပ် ဘီတူးကလည်း အားရတယ်ပြောတော့ ကောင်းပါတယ်။ နောက် တိုင်းရင်းသားလက်နက်ကိုငအဖွဲ့ ၅ ဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်လေ့လာရေး မူဝါဒ ကိစ္စ၊ အဲဒါ ကော်မတီဖွဲ့ဖို့တွေလည်း နှစ်ဖက် သဘောတူညီချက်တွေရတဲ့အတွက် အများကြီး တိုးတက်မှုရှိတယ်။ တပ်မတော်နဲ့ ၂ ကြိမ် ဆွေးနွေးနိုင်ခဲ့တာလည်း တော်တော်ကောင်းတဲ့ ရလဒ်လို့ ပြောရမယ်။”

ဒီနေ့ညနေ နှစ်ဖက် သဘောတူ လက်မှတ်ရေးထိုးအပြီးမှာတော့ ကေအန်ပီပီရဲ့ဖိတ်ခေါ်ချက်အရ မြန်မာအစိုးရ၀န်ကြီးတွေနဲ့ အဖွဲ့ဝင်တွေ ဒီမောဆိုမြို့နယ် စူဝေါတဲ ကျေးရွာကိုသွားပြီး ကရင်နီရိုးရာ ယဉ်ကျေးမှုနဲ့ ဧည့်ခံကြိုဆိုကြပါတယ်။ မနက်ဖြန်မှာ ကျရာက်မယ့် ၁၃၈ ကြိမ်မြောက် ကရင်နီအမျိုးသားနေ့ကိုလည်း ၀န်ကြီးတွေအားလုံး တက်ရောက်ဂုဏ်ပြုကြမယ်လို့ ဦးလှမောင်ရွှေက ဒီဗွီဘီကို ပြောပါတယ်။

အစိုးရနဲ့  ကေအန်ပီပီအကြား ၁၀ စုနှစ်ကြာ တိုက်ပွဲဖြစ်နေရာက ၂၀၁၂ ခုနှစ် မတ် ၇ ရက်နေ့ ပြည်နယ်အဆင့် တွေ့ဆုံပွဲမှာ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပြီး ဇွန် ၉ ရက်နေ့ ပထမအကြိမ် ပြည်ထောင်စုအဆင့်တွေ့ဆုံပွဲမှာ ကေအန်ပီပီဘက်က တင်ပြထားတဲ့အချက် ၂၀ ထဲက ၁၄ ချက်ကို သဘောတူ လက်မှတ်ရေးထိုး ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013