
ပဲခူးမြစ်ရေ မြင့်တက်လာတာကြောင့် မြစ်ကမ်းဘေးမှာရှိတဲ့ အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေဝင်ရောက်လာတာကြောင့် စက်တင်ဘာ ၂ ရက် ဒီနေ့ မနက်မှာ စာသင်ကျောင်း ၁၃ ကျောင်း ပိတ်လိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့ညက မြစ်ရေတက်လာပြီး အနိမ်ပိုင်းရပ်ကွက်နဲ့ ကျေးရွာတွေကို ရေဝင်လာတာကြောင့် စာသင်ကျောင်းတွေ ပိတ်ထားရပြီး လူတွေ ဘေးလွတ်ရာရွှေ့ပြောင်းနေရတယ်လို့ ကလျာဏီရပ်ကွက်နေသူတယောက်က DVB ကို ပြောပါတယ်။
“ရေက ညကတည်းကတက်နေတာ၊ မြစ်ကမ်းနဲ့နီးတဲ့ နေရာတွေဆိုတော့ ပိုဆိုးတာပေါ့။ မြို့ပေါ်ရပ်ကွက်အတော်များများ ရေတက်တယ်၊ ကျောင်းတွေပိတ်ထားရတယ်။ ရေတအားဝင်တဲ့ ရပ်ကွက်တွေက ကိုယ့်အစီအစဥ်နဲ့ ကိုယ် ပြောင်းနေကြတယ်။”
ကျွန်းသာယာ၊ ကျောက်ကြီးစု၊ ကလျာဏီ၊ မြို့သစ်၊ မဇင်း၊ ဇိုင်းတောင်နဲ့ မဟာမြိုင်ရပ်ကွက်က ပြည်သူ ၁,၀၀၀ ကျော် ရေဘေးလွတ်ရာ ဘုန်းကြီးကျောင်းတွေနဲ့ ဆွေမျိုးနီးစပ်ရာအိမ်တွေမှာ နေထိုင်ကြတယ်လို့ ဆိုပါတယ်။
ပဲခူးမြစ်ရေ မြင့်တက်မှုကြောင့် မူလွန်-ဇိုင်းဂနိုင်းကြီး၊ မူလွန်-မြို့ ဦးကင်း၊ မူလွန်-ဥဿာ-၆၊ မူလွန်-မဇင်း(ခ)၊ မူလွန်-လက်ပန်ခုန်၊ မူလွန်-ရွှေလှေရွာမ၊ မူလွန်-ကျောက်ကြီးစုနဲ့ မူလွန်-သာယာအေး၊ လ(ခွဲ)-မဲခုန်၊ လ(ခွဲ)ဖောင်တော်ဦး၊ ထခွဲ ၅၊ အထက ၄ နဲ့ အထက ၁၀ တို့ ပိတ်ထားရတယ်လို့ ပညာရေးနဲ့နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
"ရေက စာသင်ခန်းထဲအထိ ရောက်လာလို့ ကျောင်းတွေ ယာယီပိတ်လိုက်ရတယ်။ မူလွန်က ၉ ကျောင်း၊ ကျန်တဲ့ ၄ ကျောင်းက အထက်တန်း နဲ့ အလယ်တန်းကျောင်းခွဲတွေ အခြေအနေအရ ကျောင်းက ဘယ်လောက်ပိတ်မလဲဆိုတာ မသိရသေးဘူး။"
လတ်တလောမှာ ပဲခုးမြို့နယ်အတွင်း ရေဝင်ရောက်မှုရှိတဲ့ ရပ်ကွက်က မိသားစုဝင်တွေကို မီးသတ်နဲ့ လူမှုကူညီရေးအသင်းတွေက ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးနေတယ်လို့ မြိုခံတွေဆီက သိရပါတယ်။
မိုးလေဝသ နဲ့ ဇလဗေဒဦးစီးဌာနက စက်တင်ဘာ ၂ ရက် မွန်းတည့် ၁၂ နာရီအထိ တိုင်းတာချက်များအရ ပဲခူးမြစ်ရေမှာ ၉၁၇ စင်တီမီတာအထိ မြင့်တက်လာတာကြောင့် ပဲခူးမြစ််မ်းဘေးမှာ နေထိုင်သူတွေအနေနဲ့ ရွှေ့ပြောင်းကြဖို့ သတိပေးထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ သြဂုတေ ၁၇ ရက်က မိုးသည်ေထန်စွာရွာပြီး ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ပဲခူးတိုင်း မင်းလှမြို့နယ်နဲ့ ရွှေတောင်မြို့နယ်တို့မှာ အခြေခံပညာမူလတန်းကျောင်း ၆ ကျောင်း ပိတ်ထားရပြီး ဒေသခံတွေကို ရေဘေးလွတ်ရာကို ရွှေ့ပြောင်းနေထိုင်ခဲ့ရပါတယ်။











