DVB Logo
Home
မြန်မာသတင်း
ဂရန်အတုလုပ်ပေးသူများကို ဖော်ထုတ်အရေးယူမည်ဟု မကွေးတိုင်းဝန်ကြီးချုပ် ပြောကြား
DVB
·
September 4, 2020
ဂရန်အတုလုပ်ပေးသူများကို ဖော်ထုတ်အရေးယူမည်ဟု မကွေးတိုင်းဝန်ကြီးချုပ် ပြောကြား
Donate to DVB

မကွေးမြို့မှာ မြေဂရန်အတုတွေ ပြုလုပ်ပေးတဲ့ တာဝန်ရှိသူတွေကို ဖော်ထုတ်အရေးယူမယ်လို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောပါတယ်။

“ဘဏ်တွေမှာလည်း သိန်းရာနဲ့ချီ ထောင်နဲ့ချီပြီး ဂရန်အတုတွေနဲ့ လိမ်ညာခံနေရတာတွေ ရှိတယ်။ ပိပိရိရိနဲ့ လိမ်ညာထားတာတွေ အဲဒါတွေ ဖော်ထုတ်မယ်ဆိုပြီး အစိုးရအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ထားပြီး ဖြစ်တယ်။ ဌာနဆိုင်ရာတွေပါနေတယ်။ ဝန်ကြီးချုပ်က အစပါတဲ့သူတွေကို ထိထိရောက်ရောက် ဥပဒေနဲ့အညီ အရေးယူအပြစ်ပေးပါ။ ဒါမှသာလျှင် မကွေးတိုင်းမှာ ယုံကြည်ကိုးစားပြီး ဘဏ်တွေမှာငွေချေး နိုင်မယ်၊ ရင်းနှီးမြှုပ်နှံနိုင်မယ်၊ တရားဥပဒေစိုးမိုးမှုရှိတာကို သိနိုင်မယ်”လို့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ဒီဗွီဘီကို ပြောပါတယ်။

မကွေးမြို့မှာ ပွဲစားတွေကတဆင့် ဂရန်အတုတွေ အများအပြား ပြုလုပ်ပေးနေတာတွေ ကြောင့် ဘဏ်တွေမှာ ဂရန်အတုတွေနဲ့ငွေချေးနေသူတွေရှိပြီး ဘဏ်တွေ ငွေဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေပါတယ်။

ဒါကြောင့် ရာဇဝတ်ကြောင်းနဲ့ အမှုဖွင့်တိုင်ကြားလို့ ဂရန်အတုနဲ့ငွေချေးသူတွေ ထွက်ပြေးတာတွေနဲ့ ဂရန်အတု လက်ဝယ်ရှိသူက သူပိုင်ဆိုင်ပါတယ်ဆိုပြီး အနှစ် ၃၀ လောက်က နေထိုင်သူကိုတရားစွဲဆိုလို့ ထောင်ကျခဲ့တာတွေလည်း ရှိနေပါတယ်။

ဒါတွေကို ဖော်ထုတ်အရေးယူပေးဖို့ အထက်မြန်မာပြည်စောင့်ကြည့်ရေး CSO အဖွဲ့က ဦးဆောင်ပြီး သြဂုတ် ၂၈ ရက်က ထိန်ထိန်သာဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲလုပ်ကာ တိုင်းဝန်ကြီးချုပ်ထံ ဂရန်အတုအထောက်အထား စာရွက်စာတမ်းတွေ အပ်နှံတိုင်ကြားထားပြီး စုံစမ်းရေးအဖွဲ့ဖွဲ့ပြီး ဖော်ထုတ်အရေးယူတော့မှာဖြစ်ပါတယ်။

အထက်မြန်မာပြည်စောင့်ကြည့်ရေး CSO အဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်သိန်း က “ မကွေးမှာ ဂရန်အတု ရာချီရှိနေတယ်။ ဂရန်အတုလုပ်ပေးနေတဲ့ သက်ဆိုင်ရာဌာနတာဝန်ရှိသူတွေကို ထိထိရောက်ရောက်အရေးယူပေးပါ”လို့ ပြောပါတယ်။

ဂရန်အတုရရှိခဲ့တဲ့ မသီတာဝင်းကလည်း “ဂရန်တစ်ခုလုပ်ခဲ့တယ်။ သိန်းသုံးဆယ် ပေးခဲ့ရတယ်။ ခုကျတော့ ဂရန်အတုတွေ အတုတွေ ကြားလို့ ကျမတို့ ဂရန်ကိုလည်း သံသယဖြစ်ပြီး နားလည်တဲ့သူတွေ ပြလိုက်တော့မှ ဂရန်အတုကြီး ဆိုတာ သိရတာ။ အခုထပ်လုပ်မှ ဂရန်အစစ်ရတာ၊ ဂရန်အတုဆိုတာကို ဝန်ကြီးချုပ်ဆီ ပေးထားပြီး တိုင်ထားတယ်”လို့ ဆိုပါတယ်။

စည်ပင်သာယာနယ်မြေရှိ မြေကွက်ကို ဂရန်ထုတ်ပေးခဲ့တာနဲ့ ဂရန်ရရှိသူက နှစ် ၃၀ နီးပါး ကျူးကျော်နေတဲ့ ဒေါ်ကြင်စိန်မိသားစုကိုတရားစွဲခဲ့လို့ အသက် ၇၀ အရွယ် ဒေါ်ကြင်စိန် ထောင်ကျခဲ့ပါတယ်။ အခုအခါစည်ပင်က အဆိုပါမြေကွက်ထဲဖြတ်ပြီး ရေမြောင်းဖောက်လုပ်ထားပြီး ဖြစ်ပါတယ်။

တရားစွဲခံရပြီးထောင်ကျခဲ့တဲ့ ဒေါ်ကြင်စိန်သမီးဖြစ်သူက “ဂရန်အမှန်ဆို စည်ပင်က မြောင်း ဖောက်လုပ်ခွင့်မရှိဘူး။ အဲဒီနေရာကို သူ့ဂရန်ရှိပါတယ်ဆိုပြီး ကျမတို့ကို တရားစွဲလို့ အမေ ထောင်ကျခဲ့တယ်။ အိမ်အဖျက်ခံလိုက်ရလို့ ခုနေစရာမရှိလို့ လမ်းဘေးမှာ နေနေရတယ်”လို့ ပြောပါတယ်။

ဂရန်အတုကိစ္စ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲ ၃ ဦးဖြစ်တဲ့ အခွန်ဦးစီး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးနဲ့စည်ပင်အင်ဂျင်နီယာတို့ကို စုံစမ်းစစ်ဆေးပြီး တင်ပြဖို့ တိုင်းအစိုးရအဖွဲ့က တာဝန်ပေးထားတယ်လို့ သိရပါတယ်။

သတင်း -ဘဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013