
ကိုဗစ်-၁၉ အတည်ပြုလူနာ နံပါတ် ၁၀၁၆ သင်တန်းတက်ခဲ့တဲ့ အင်္ဂလိပ်စာ သင်တန်းကျောင်းရှိရာ ရန်ကုန်မြို့ စိန့်ဂျွန်း City Mall ၃ လွှာကို ယာယီပိတ်သိမ်းထားပြီး ပိုးသတ်ဆေးဖျန်းဆောင်ရွက်နေပါတယ်။
ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာ ၃ ရက်က ထုတ်ပြန်ချက်ထဲမှာ ပါဝင်တဲ့ ကိုဗစ် လူနာ နံပတ် ၁၀၁၆ ဟာ စိန့်ဂျွန်း City Mall ၃ လွှာမှာရှိတဲ့ အင်္ဂလိပ်စာသင်တန်းမှာ တက်ရောက်နေသူ တစ်ယောက်ဖြစ်ပြီး ဩဂုတ် ၃၀ ရက်မှာ သင်တန်းလာတက်ခဲ့သူ ဖြစ်တယ်လို့ စင်တာအုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဒါကြောင့် အင်္ဂလိပ်စာသင်တန်းကျောင်းအပါအဝင် level 3 မှာရှိတဲ့ ဆိုင်ခန်းတွေကို ယာယီပိတ်သိမ်းထားပြီး ပိုးသတ်ဆေးဖြန်းတာတွေ လုပ်ဆောင်နေတယ်လို့သိရပါတယ်။ ဒါ့အပြင် ဆိုင်ခန်းတွေက ဝန်ထမ်းတွေကိုလည်း အိမ်မှာထားပြီး စောင့်ကြည့်တာတွေ လုပ်ဆောင်နေပါတယ်။
စိန့်ဂျွန်း City Mallကိုလာတဲ့သူတွေ၊ ဆိုင်ခန်းတွေနဲ့ ဝန်ထမ်းတွေ အန္တရာယ်ကင်းစေဖို့ အတွက်ကိုလည်း စင်တာတစ်ခုလုံးကိုလည်း ပိုးသတ်ဆေးဖြန်းတာတွေလုပ်ဆောင်နေတယ်လို့ စင်တာအုပ်ချုပ်ရေးက သတင်းထုတ်ပြန်ထားပြီး လိုအပ်ရင်လိုအပ်သလို ကျန်းမာရေးဌာနက ညွှန်ကြားချက်တွေအတိုင်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ သတင်းထုတ်ပြန်ထားတာပါ။
သတင်း - သင်းသင်းဇော်










