DVB Logo
Home
မြန်မာသတင်း
မြန်မာမိန်းကလေး ၃ ဦးကို ပြည့်တန်ဆာအဖြစ်ရောင်းချသူ ၃ ဦး ဖမ်းဆီးခံရ
DVB
·
June 20, 2013
မြန်မာမိန်းကလေး ၃ ဦးကို ပြည့်တန်ဆာအဖြစ်ရောင်းချသူ  ၃ ဦး ဖမ်းဆီးခံရ
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း တာ့ခ်ခရိုင် မဲဆောက်မြို့နယ်ထဲမှာ အရွယ်မရောက်သူ အမျိုးသမီးငယ်  ၃ ဦးကို ပြည့်တန်ဆာအဖြစ် ရောင်းစားတဲ့ မြန်မာနိုင်ငံသား ၃ ဦးကို ထိုင်းရဲဘက်က ဖမ်းဆီးရမိခဲ့ပါတယ်။

အသက် ၁၈ နှစ်မပြည့်သူ မိန်းကလေးတွေကို လူမှောင်ခိုကုန်ကူးခဲ့တဲ့ တရားခံ ၃ ဦးကို မဲဆောက်ရဲစခန်းနဲ့ လူဝင်မှုကြီးကြပ်ရေးဌာနက ၀င်ရောက်ဖမ်းဆီးပြီး အမျိုးသမီး ၃ ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဇွန် ၁၈ ရက်နေ့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

မဲဆောက်မြို့နယ်ထဲမှာ အသက် ၁၄ နှစ်နဲ့ ၁၈ နှစ်ကြား အရွယ်မရောက်သေးသူ မိန်းကလေးငယ်တွေ ရောင်းစားခံနေရတယ်ဆိုတဲ့ သတင်းပေးချက်အရ  တာ့ခ်ခရိုင် တာဝန်ရှိ ရဲဝန်ထမ်းတွေက ကနဦးစုံစမ်းမှုတွေ လုပ်ပြီး သတင်းအချက်အလက် သေချာတာနဲ့ ဖမ်းဝရမ်းနဲ့အတူ သူတို့ ၃ ဦးကို ၀င်ရောက်ဖမ်းဆီးခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။

အဲဒီ ၃ ဦးဟာ မြန်မာနိုင်ငံသား  ကိုဆလာပေါ၊ ကိုစိုးဝင်းနိုင်နဲ့ ဒေါ်ညိုတို့ ဖြစ်ကြပြီး မြန်မာဘက်ခြမ်းက မိန်းကလေးတွေကို ဖြားယောင်းခေါ်ဆောင်ကာ ပြည့်တန်ဆာအဖြစ် ထိုင်းမှာ လာရောင်းစားတာလို့လည်း ဖော်ပြထားပါတယ်။

မိန်းကလေးတွေဟာ အလိုတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ အသက်မပြည့်သေးတဲ့ အတွက်  အဲဒီတရားခံ ၃ ဦးကို  ကြံရာပါ လူကုန်ကူးမှု၊ ပြည့်တန်ဆာအဖြစ်  ဖြားယောင်းသွေးဆောင်မှု၊ ထိုင်းနိုင်ငံထဲမှာ တရားမ၀င် ၀င်ရောက်နေထိုင်မှုတွေနဲ့ တရားစွဲထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး  တာ့ခ်ခရိုင် လ၀က ညွှန်ကြားရေးမှူး  ရဲမှူးကြီး ဖုန်းနခွန်း နခွန်းဆန်တိဖပ်နဲ့ မဲဆောက်မြို့မရဲစခန်း  ညွှန်ကြားရေးမှူး ရဲမှူးကြီး  ဧကရာဇ် အင်းတဆစ်ပ်တို့က ဇွန်လ ၁၈ ရက်နေ့က  သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။

နောက်ထပ် သတင်းအချက်အလက်တွေ သိရဖို့အတွက် ဒီဗွီဘီက မဲဆောက်ရဲစခန်းကို မေးမြန်းရာမှာ မဲဆောက်မြို့နယ် ဂိုးလ်ဒင်းဟေးလ် ရီဆောတ်  (Golden Hill Resort) မှာ ပြည့်တန်ဆာအဖြစ် ရောင်းစားခံရတဲ့ မိန်းကလေးငယ် ၃ ဦးကို  အရပ်ဝတ်ရဲတွေက ဧည့်သည် ယောင်ဆောင်ပြီး ကယ်ထုတ်ခဲ့တယ်လို့ တာဝန်ကျရဲဝန်ထမ်းတဦးက ပြောပါတယ်။

မိန်းကလေးတဦးက အဲဒီမှာ ရောက်နေတာ ၂ နှစ်ရှိပြီး ကျန် ၂ ဦးက လပိုင်းပဲ ရှိသေးကြောင်း၊ သူတို့ထွက်ဆိုချက်နဲ့ လူကုန်ကူးသူ ၃ ဦးကို ဇွန် ၁၇ ရက်နေ့ ညနေ ၅ နာရီက မယ်ပရပ်ကွက်ထဲမှာ ဖမ်းဆီးခဲ့ကြောင်း၊ မိန်းကလေး ၃ ဦးကို အထူးစုံစမ်းစစ်ဆေးရေးဌာနမှာ ထိန်းသိမ်းထားပြီး တရားခံ ၃ ဦးကိုတော့ ခရိုင်တရားရုံး အချုပ်ခန်းမှာ အပ်ထားတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013