
အရှေ့အလယ်ပိုင်းစစ်ပွဲ ဂယက်ကြောင့် စွမ်းအင်ဈေးနှုန်း မြင့်တက်လာမှုက မြန်မာပြည်တွင်းက စိုက်ပျိုးရေးနဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍတခုလုံးကို တိုက်ရိုက် ရိုက်ခတ်လာပြီး သီတင်း ၃ ပတ် အတွင်းမှာတင် ဆန်ဈေးနှုန်းတွေဟာ ၄ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းကျော်ထိ သိသိသာသာ ထိုးတက်သွားခဲ့ပါတယ်။
ပေါ်ဆန်း အလတ်စ တအိတ်ကို ကျပ် ၁၁၀,၀၀၀ ကနေ ၁၃၅,၀၀၀ ထိ တက်လာပြီး ရွှေဘိုအုပ်စု ဆန်ချောတွေဆိုရင် မတ်လ တတိယပတ်ကထက် တအိတ်ကို ကျပ် ၁၀,၀၀၀ ကနေ ၃၀,၀၀၀ ဝန်းကျင်အထိ စံချိန်တင် မြင့်တက်လာခဲ့တာပါ။
အခြေခံလူတန်းစားတွေ အဓိကစားသုံးတဲ့ ဇီယာဆန်နဲ့ ရက် ၉၀ ဆန်တို့လို ဆန်ကြမ်း အမျိုးအစားတွေကလည်း ရက်သတ္တပတ် ၃ ပတ်အတွင်း တအိတ်ကို ကျပ် ၂,၀၀၀ ကနေ ၁၅,၀၀၀ အထိ ထပ်မံမြင့်တက်လာတာကြောင့် သာမန်ပြည်သူတွေရဲ့ နေ့စဉ် စားဝတ်နေရေးအပေါ် ကြီးမားတဲ့ သက်ရောက်မှု ရှိလာပါတယ်။
ဆန်ရောင်းဝယ်ရေး လုပ်ကိုင်သူတယောက်က “ဆန်ဈေးတွေ အများစုတက်တယ်။ ဆန်အချောလိုင်း ဈေးတွေက ရှယ်ပလန်နဲ့ကို တက်နေတာ။ အထူးသဖြင့် ရွှေဘိုအုပ်စုပေါ့။ ဖြည်းဖြည်းချင်း တက်လာ တာ မဟုတ်ဘဲ တချို့ လူအဝယ်များတဲ့ ဆန်တွေဆို တော်တော်ထိုးတက်သွားတာ” လို့ ပြောပါတယ်။
ဒီလို ဆန်ဈေးတက်ရတဲ့ အဓိကအကြောင်းရင်းကတော့ အရှေ့အလယ်ပိုင်း စစ်ပွဲဂယက်ကြောင့် ကမ္ဘာ့စက်သုံးဆီဈေး တက်လာတာအပြင် ပြည်တွင်းမှာ စက်သုံးဆီရရှိဖို့ ခက်ခဲနေတာကြောင့် ဖြစ်ပါတယ်။
တောင်သူတွေဟာ စပါးရိတ်သိမ်းဖို့ ဆီမှောင်ခိုဈေးကွက်မှာ တလီတာကို ကျပ် ၁၀,၀၀၀ ကနေ ၁၅,၀၀၀ အထိ ပေးဝယ်နေရတာကြောင့် ထုတ်လုပ်မှုစရိတ်တွေ အဆမတန် မြင့်တက်လာ ခဲ့ရပါတယ်။
ဒါ့အပြင် စက်သုံးဆီဈေး မြင့်တက်လာမှုနဲ့ လျှပ်စစ်မီး ပြတ်တောက်မှုတွေကြောင့် ဒီဇယ်အသုံးပြု ဆန်ကြိတ်ခွဲ ထုတ်လုပ်ရတာတွေကလည်း ထုတ်လုပ်မှုစရိတ်ကို ပိုမိုမြင့်တက်စေခဲ့သလို သယ်ယူပို့ ဆောင်ရေးစရိတ်တွေ တက်လာတာကလည်း ဆန်ဈေးကို ထပ်ဆင့် တွန်းတင်ပေးနေတာ ဖြစ်ပါတယ်။
စက်သုံးဆီ အခက်အခဲကြောင့် ရှေ့လာမဲ့ မိုးစပါး စိုက်ပျိုးရာသီမှာလည်း ထုတ်လုပ်မှုတွေ လျော့ကျ သွားနိုင်တယ်လို့ ခန့်မှန်းချက်တွေ ရှိနေပါတယ်။ ဒါဟာ ပြည်တွင်း စားနပ်ရိက္ခာ ဖူလုံမှုအတွက် စိန်ခေါ်မှုတခု ဖြစ်လာနိုင်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ စက်သုံးဆီ အခက်အခဲကြောင့် ဆန်ဈေးနဲ့အတူ အသား၊ ငါး၊ ဥ၊ ဆေးဝါးနဲ့ လူသုံးကုန်ပစ္စည်းတွေလည်း အချိန်တိုအတွင်း တရိပ်ရိပ် မြင့်တက်လာနေတာ ဖြစ်ပါတယ်။
ဒါပေမဲ့ အခြေခံလူတန်းစားတွေရဲ့ ဝင်ငွေကတော့ ပုံမှန်ထက် လျော့ကျလာနေပြီး စားဝတ်နေရေး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။











