အေအေအဖွဲ့နှင့် ဆက်နွှယ်သူ ၁ ဦးကို အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ်ချမှတ်
ချမ်းမြေ့မောင်
·
September 3, 2020

အစိုးရကအကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတဲ့ ရက္ခိုင့်တပ်တော် အေအေ အဖွဲ့နဲ့ ပတ်သက်ဆက်နွှယ်သူတစ်ဦးကို ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်ပါတယ်။
အေအေအဖွဲ့နဲ့ ဆက်စပ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ စွဲချက်တင်ခံထားရတဲ့ ကိုအောင်မျိုးဝင်းကို စက်တင်ဘာ ၃ ရက်နေ့က အနောက်ပိုင်းခရိုင်တရားရုံးမှာ အလုပ်နဲ့ ထောင်ဒဏ် ၁၅ နှစ် အပြီးသတ်အမိန့် ချမှတ်ခဲ့တာပါ။
အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည) နဲ့ ချမှတ်ခဲ့တဲ့အမိန့်မှာ ချုပ်ရက် ထုတ်နုတ်ခံစားခွင့်ပြုခဲ့တယ်လို့ အနောက်ပိုင်းခရိုင်တရားရုံး ပြန်ကြားရေးအရာရှိက ပြောပါတယ်။
ရဲမှူးတင့်ရွှေတရားလိုပြုလုပ်စွဲဆိုထားတဲ့ ကိုအောင်မြတ်ကျော်အပါအဝင်ရှစ်ဦးအမှုတွဲကနေ ကိုအောင်မျိုးဝင်းကို ရာဇဝတ်ကြီး အမှုအမှတ် ၈၇/၂၀၁၉၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည) နဲ့ သီးခြား တရားစွဲဆိုစစ်ဆေးခဲ့တာဖြစ်ပါတယ်။
ကိုအောင်မျိုးဝင်းအမှုနဲ့တဆက်တည်း ဒီကနေ့ စက်တင်ဘာ ၃ ရက်နေ့မှာပဲ အေအေ ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြင့်နိုင်ရဲ့ ညီမဖြစ်သူနဲ့ ယောက်ဖဖြစ်သူတို့ကို ရုံးထုတ်စစ်ဆေးခဲ့ ပါတယ်။
ရုံးချိန်းမှာ ၂ တရားခံဖြစ်တဲ့ မယမင်းမြတ်ကိုစစ်ဆေးခဲ့ပြီး နောက်ရုံးချိန်းမှာ တရားခံ ပြသက်သေတစ်ဦးကို စစ်ဆေးသွားမှာလည်းဖြစ်ပါတယ်။
အေအေအဖွဲ့ကို ငွေကြေးထောက်ပံ့ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရခိုင်စင်ကာပူအသင်း ခေါင်းဆောင်တွေတွေဖြစ်တဲ့ ဗိုလ်ချုပ်ထွန်းမြင့်နိုင်ရဲ့ညီ ကိုအောင်မြတ်ကျော်အပါအဝင် ၈ ဦးကို အနောက်ပိုင်းခရိုင်တရားရုံးမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆို ထားပါသေးတယ်။