DVB Logo
Home
အာရှဒေသ
လိင်တူချင်း ထိမ်းမြားခွင့်အတွက် ထိုင်းဂေးတွေ ကြိုးပမ်း
DVB
·
June 20, 2013
လိင်တူချင်း ထိမ်းမြားခွင့်အတွက် ထိုင်းဂေးတွေ ကြိုးပမ်း
Donate to DVB

နေရောင်အောက်မှာ နာရီပေါင်းများစွာ လမ်းလျှောက်လာရလို့ အသက် ၅၀ အရွယ် နတ်တီး သာရာရိုဂျန်နာပေါင်တယောက် မောနေပါပြီ။
သူက ထိုင်းနိုင်ငံ ဂေးနိုင်ငံရေးသမားအဖွဲ့ရဲ့ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂ လအတွင်းမှာ လိင်တူချင်း ထိမ်းမြားလက်ထပ်ခွင့် ဥပဒေမူကြမ်းကို ထောက်ခံတဲ့ လက်မှတ်တွေကို စုဆောင်းနေပါတယ်။

[caption id="attachment_40835" align="alignright" width="300" caption="နတ်တီး သာရာရိုဂျန်နာပေါင် (၀ဲမှယာ တတိယမြောက်)"][/caption]

"ကျနော်တို့လည်း လူသားဆိုတာကို ထိုင်းလူမှုအသိုင်းအ၀ိုင်းက လက်ခံလာတဲ့အထိ တိုက်ပွဲဝင်သွားမယ်။ လူတိုင်းရတဲ့အခွင့်အရေးက ကျနော်တို့နဲ့လည်း ထိုက်တန်ပါတယ်။"

အခုအချိန်အထိတော့ လက်မှတ်ပေါင်း ၁၀၀၀ ကျော်ကို စုဆောင်းရရှိထားပြီးလို့လည်း ပြောပါတယ်။

"တယောက်နဲ့ တယောက် ချစ်ပိုင်ခွင့်ဆိုတာ လိုအပ်တယ်။ ကိုယ်ချစ်တဲ့လူနဲ့ အတူနေခွင့်လည်း လိုအပ်တယ်။ အားလုံးနည်းတူပေါ့။"
လိင်တူမောင်နှံတွေကို အသိအမှတ်ပြုဖို့ ပထမဆုံးဥပဒေကြမ်းကို ထိုင်းနိုင်ငံမှာ မကြာခင်က ရေးဆွဲထားပါတယ်။ အကယ်၍ အတည်ဖြစ်သွားရင်တော့ အာရှမှာ  လိင်တူချင်းတရားဝင် လက်ထပ်ခွင့်ရတဲ့ ပထမဆုံးနိုင်ငံဟာ ထိုင်းနိုင်ငံ ဖြစ်လာဖို့ရှိပါတယ်။

မနှစ်တုန်းက နတ်တီးနဲ့ သူ့ရဲ့အတူနေအဖော်တို့ လက်ထပ်ခွင့် ငြင်းပယ်ခံလိုက်ရပါတယ်။ ဒါကြောင့် လိင်ကွဲပြားမှုအပေါ် အခြေခံပြီး ခွဲခြားဆက်ဆံတယ်လို့ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှာ အယူခံတင်ခဲ့ပါတယ်။ အရင်တုန်းက ဒီလို အယူခံတင်တဲ့အမှုမျိုး မရှိခဲ့ပါဘူး။ အဲဒီနောက်မှာတော့ လိင်တူအတွဲတွေကို ထိမ်းမြားလက်ထပ်ခွင့်ဥပေဒမူကြမ်းကို အောက်လွှတ်တော်အမတ်တွေက ရေးဆွဲပြီး တင်ပြလာပါတယ်။ဇန်န၀ါရီလမှာ အချောသတ်ပြီး အခုတော့ လွှတ်တော်မှာ ဆွေးနွေးဖို့ စောင့်ဆိုင်းနေတဲ့ အခြေအနေပါ။

အတိုက်အခံ ဒီမိုကရက်ပါတီအမတ် ၀ီရတ်သ် ကလျာသီရိက ဥပဒေမူကြမ်းကို လွှတ်တော်ကို တင်ပြခဲ့ပါတယ်။ ဒီဥပဒေကို သူထောက်ခံပေမယ့် သူ့အတွက်တော့ အန္တရာယ်များလွန်းတဲ့ နိုင်ငံရေးခြေလှမ်း တရပ်ပဲလို့ ပြောပါတယ်။

"အန္တရာယ်အရမ်းများတယ်။ ကျနော်လုပ်ဖော်ကိုင်ဖက်တွေကလည်း စသလိုလို နောက်သလိုနဲ့ ဘယ်လိုလဲ အမတ်မင်းလည်း အငုံလေး ဖြစ်သွားပြီလားလို့ ရိကြတယ်ဗျ။ သူတို့က နောက်တယ်ဆိုပေမယ့် စော်ကားခံရသလိုပါပဲ။"

ထိုင်းနိုင်ငံဟာ လိင်တူချင်းစိတ်ဝင်စားသူတွေနဲ့ ပတ်သက်လာရင် အာရှမှာတော့ သဘောထားကြီးတဲ့ ထိပ်ဆုံးနိုင်ငံ ဖြစ်ပါတယ်။
ဘန်ကောက်မြို့က စီးပွားရေးရပ်ကွက်မှာ ဂေးတွေ ဖွင့်ထားတဲ့ အနှိပ်ခန်းတွေ၊ လိင်တူတွေရဲ့ လှုပ်ရှားမှုတွေကို တရားဝင်လိုပဲ ခွင့်ပြုထားပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံဟာ လိင်ပြောင်းထားတဲ့ နိုင်ငံရေးသမားတွေ၊ အနုပညာရှင်တွေနဲ့လည်း နာမည်ကြီးပါတယ်။ ဒါတောင် ရှေးရိုးစွဲ ထိုင်းလူ့အဖွဲ့အစည်းမှာ လိင်တူထိမ်းမြားလက်ထပ်ခွင့်ဥပဒေကြမ်းကို လွှတ်တော်က အတည်ပြုဖို့ကတော့ ခက်ခဲပါလိမ့်မယ်။

မနှစ်တုန်းက အစိုးရက စစ်တမ်းကောက်ယူတဲ့အခါမှာ ၆၀ ရာခိုင်နှုန်းက လိင်တူထိမ်းမြားတာကို သဘာဝမကျတဲ့ လုပ်ရပ်၊ ကလေးတွေအတွက် မကောင်းတဲ့ နမူနာအဖြစ် သဘောထားတာ ဖော်ပြနေပါတယ်။ ဥပဒေမူကြမ်းမှာ အားနည်းချက်တွေ များနေတယ်လို့ ယူဆသူတွေလည်း အမြောက်အမြား ရှိပါတယ်။
အန်ဂျနာ ဆူဗာနာနောင်းကတော့ ထိုင်းနိုင်ငံမှာ ပထမဆုံး ဖွဲ့စည်းထားတဲ့ မိန်းကလေးချင်းချစ်သူအဖွဲ့က ဖြစ်ပါတယ်။

"ဥပဒေကြမ်းထဲမှာ လိင်တူတွေ ထိမ်းမြားခွင့်လို့ ဆိုထားပေမယ့် လိင်ကွဲပြားမှုဆိုတာကလည်း အင်မတန်ရှုပ်ထွေးတယ်။ လိင်တူနဲ့ ဆန့်ကျင်ဘက် လိင်လောက်နဲ့ ပြီးတာမဟုတ်ဘူး။"

ရှေ့နေ နမ်းပူဖာကတော့ လိင်တူထိမ်းမြားတာ၊ အတူနေတာကို အသိအမှတ်ပြုမထားတဲ့ ၁၉၅၃ ခုနှစ် လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကို ခေတ်နဲ့ညီအောင် ပြင်ဖို့ အချိန်တန်ပြီလို့ ပြောပါတယ်။

"အမှန်ကတော့ လိင်တူချင်း နှစ်သက်တာက ထိုင်းမြေပေါ်မှာ ဘယ်တုန်းကမှ တရားမ၀င်လို့ သတ်မှတ်ခဲ့တာမရှိပါဘူး။ ဥပဒေမှာ အမျိုးသားနဲ့ အမျိုးသမီးတို့ သဘောချင်းမျှလို့ ထိမ်းမြား လက်ထပ်တာကို အသိအမှတ်ပြုတယ်လို့ပဲ ပါတယ်။ ဒါကြောင့် ဥပဒေကို ပြင်ရင် ရပါတယ်။"
အခု အောက်လွှတ်တော်က ရေးဆွဲထားတဲ့ ဥပဒေကြမ်းကို လွှတ်တော်က ပယ်ချလိုက်ရင် နောက်ထပ် မူခွဲတခုကို တင်နိုင်ဖို့ လိင်မျိုးစုံကွန်ရက်က ကြိုးစားနေပါတယ်။
ကွန်ယက်က ဗီတာယာ ဆာအန် အရွန်းကတော့ တန်းတူညီမျှခွင့်အတွက် ကြိုးစားနေတာလို့ ပြောပါတယ်။

"ဂေးအဖွဲ့တွေကတော့ ဒီလိုလုပ်လို့ ပြဿနာတွေ ရှုပ်ထွေးကုန်မယ်။ လူတွေ အမြင်ကပ်မှာကို စိုးရိမ်နေကြတယ်။ ဒါပေမယ့် ကျနော်အမြင်ကတော့ အခုအချိန်မှ မလုပ်ရင် ကိုယ့်အခွင့်အရေးကို ဘယ်တော့မှ ရမှာမဟုတ်တော့ဘူး။"

ထိုင်းနိုင်ငံမှာ ကျားနဲ့ မ စာရင်းမ၀င်တဲ့ လိင်တွေအပေါ်မှာ ဒုတိယတန်းစား နိုင်ငံသားတွေလို ခွဲခြားဆက်ဆံနေတယ်လို့လည်း ပြောပါတယ်။
"ကျနော်တို့ကို ဘာမှ အစွမ်းအစ မရှိဘူးလို့ ထင်နေတယ်။ တကယ်တော့ ကျနော်တို့ လုပ်နိုင်တာတွေ အများကြီး ရှိပါတယ်။

(A Push for Same-Sex Marriage Bill in Thailand by Kannikar Petchkaew, Bangkok, Thailand )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013