ဒိုက်ဦးမြို့က ကိုဗစ်-၁၉ လူနာ၂၄ ဦးအနက် ထိုင်းနိုင်ငံမှပြန်လာသူ ၂၁ ဦးပါဝင်
DVB
·
September 3, 2020
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်မှာ စက်တင်ဘာ ၃ ရက် မနက်က ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၄ ဦးတွေ့ရှိပြီး သူတို့နဲ့ထိစပ်ခဲ့သူတွေကို စစ်ဆေးနေတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ဒိုက်ဦးမြို့ပေါ်နဲ့ ရပ်ကျေး Facillity Quarantine စင်တာတွေက လူ ၅၀ ကျော်ကို ဓာတ်ခွဲနမူနာရယူ စစ်ဆေးရာမှာ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ ၂၄ ဦးကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ကန်ဦးဘုန်းကြီးကျောင်းနဲ့ မြို့နယ်အားကစားကွင်းအပါအဝင် ကျေးရွာ Facillity Quarantine စင်တာတွေမှာ ကွာရန်တင်းဝင်နေတဲ့ ထိုင်းနိုင်ငံက ပြန်လာသူ ၂၁ ဦးနဲ့ ရခိုင်ပြည်နယ်က ပြန်လာသူ ၃ ဦးမှာ ရောဂါတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ အတည်ပြုလူနာတွေကို Facillity Quarantine စင်တာတွေမှာပဲ ခဏထားပြီး ပဲခူးကလိဆေးရုံကြီးကို ပို့ဆောင်ဖို့ ပြင်ဆင်နေတယ်လို့ ဒိုက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဟိန်းသူဝင်းက ဒီဗွီဘီကို ပြောပါတယ်။
"ကျနော်တို့ ထိစပ်တဲ့သူတွေကိုတော့ လိုက်နေပါတယ်၊၊ ဒိုက်ဦးမြို့မစျေးကိုတော့ မပိတ်သေးပါဘူး။ ညမထွက်ရအမိန့်ကိုတော့ အရင်ကတည်းက ထုတ်ပြန်ထားပြီးသားပါ။"
စက်တင်ဘာ ၃ ရက်မနက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၆၃ ဦးထပ်တွေ့ပြီး မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၁,၀၅၈ ဦးရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်