DVB Logo
Home
မြန်မာသတင်း
အိုင်အယ်လ်အိုက မြန်မာအပေါ်တားမြစ်ချက် အကုန်အစင် ရုပ်သိမ်း
DVB
·
June 19, 2013
အိုင်အယ်လ်အိုက မြန်မာအပေါ်တားမြစ်ချက် အကုန်အစင် ရုပ်သိမ်း
Donate to DVB

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ညီလာခံကနေ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ တားမြစ်ကန့်သတ်ချက်တွေကို အကုန်အစင် ရုပ်သိမ်းဖို့ မဲပေးဆုံးဖြတ်လိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ အဓမ္မလုပ်အားခိုင်းစေမှုနဲ့ ပတ်သက်လို့ တိုးတက်ဖြစ်ထွန်းမှုတွေကို  အသိအမှတ်ပြုပြီး လက်ကျန်ရှိနေတဲ့ တားမြစ်ချက်အကုန်လုံးကို ရုပ်သိမ်းကြောင်း ဆုံးဖြတ်ခဲ့တာပါ။

ဖယ်ရှားဖို့ ကျန်ရှိနေတဲ့  ပိတ်ပင်တားမြစ်ချက်တွေကတော့ ၂၀၀၀ ပြည့်နှစ် အိုင်အယ်လ်အိုညီလာခံကနေ ချမှတ်ခဲ့တဲ့  တားမြစ်ချက် ၅ ချက်ထဲက ၂ ချက်ဖြစ်ပါတယ်။ မနှစ် အိုင်အယ်လ်အိုညီလာခံတုန်းက တားမြစ်ချက် ၃ ချက်ကို ပယ်ဖျက်ခဲ့ပြီးဖြစ်ပါတယ်။

အခုလို အိုင်အယ်လ်အိုရဲ့ တားမြစ်ချက်အကုန်အစင် ရုပ်သိမ်းလိုက်တာဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးအပေါ် သက်ရောက်မယ်လို့ အလုပ်သမားဝန်ကြီးဌာနက အဆင့်မြင့်အရာရှိကြီးတဦးက ပြောပါတယ်။

“အိုင်အယ်လ်အိုက ရုပ်သိမ်းလိုက်တယ်ဆိုရင် တခြားနိုင်ငံတွေက ပိတ်ဆို့ထားတဲ့ စီးပွားရေးပိတ်ဆို့မှုနဲ့ တခြား ပိတ်ဆို့မှုများလည်း ပြန်ရုပ်သိမ်းမယ်။ ဒါဆို နိုင်ငံခြားကုန်ပစ္စည်းတွေ ၀င်လာမယ်။ ဂျီအက်စ်ပီ အထူးအခွန်ကင်းလွတ်ခွင့်တွေရမယ်။ နိုင်ငံခြားအကူအညီတွေ ၀င်လာရင် အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးပွားမယ်။ အိုင်အယ်လ်အိုရဲ့ နည်းပညာပိုင်း၊ ငွေကြေးပိုင်း ကူညီထောက်ပံ့မှုတွေရမယ်။ သင်တန်းတို့၊ ပစ္စည်းထောက်ပံ့မှုတို့ရော။ အဲဒီအခါ အလုပ်အကိုင်တိုးပွားပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်မှု ပိုရလာမယ်။”

စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးရဲ့စီးပွားရေးအကြံပေးအရာရှိ ဒေါက်တာမောင် အောင်ကလည်း အိုင်အယ်လ်အိုရဲ့ တားမြစ်ချက်တွေဟာ မြန်မာပို့ကုန်တွေ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ၊ အခွန်အထူးသက်သာခွင့်တွေနဲ့ ဆက်စပ်နေတာကြောင့် အလားအလာ ကောင်းလာတဲ့သဘောပါလို့ ပြောပါတယ်။

အိုင်အယ်လ်အိုက ကန့်သတ်ချက်တွေ ရုပ်သိမ်းပေးလိုက်ပေမယ့် မြန်မာပြည်က ပုဂ္ဂလိကစက်ရုံနဲ့ အလုပ်ရုံတွေမှာ သွယ်ဝိုက်သောနည်းနဲ့ အဓမ္မအလုပ်စေခိုင်းမှုတွေ ရှိနေသေးတယ်လို့ အလုပ်သမားနဲ့ လယ်သမားအရေးတွေကို ကူညီဖြေရှင်းပေးတဲ့ ရှေ့နေဦးဖိုးဖြူက ပြောပါတယ်။

“အဓမ္မအလုပ်စေခိုင်းမှုတွေဟာ လုံးလုံးပပျောက်သွားတာ မဟုတ်ပေမယ့် အရင်ကလောက် ပေါ်ပေါ်ထင်ထင် ကျူးလွန်ခွင့် ရနေတာမျိုးတော့ မဟုတ်တော့ဘူး။ အစိုးရကိုယ်တိုင်ကလည်း အရေးယူဆောင်ရွက်နေတယ်ဆိုတာ ကျနော်တို့ တွေ့ရတယ်။ အဓမ္မစေခိုင်းမှုတွေနဲ့ ပတ်သက်ပြီး အစိုးရကိုယ်တိုင်က ကျူးလွန်တယ်ဆိုတဲ့ ကိစ္စရပ်မျိုးက မရှိသလောက်ရှားသွားပြီးတော့ ပုဂ္ဂလိက အလုပ်ရုံ၊ စက်ရုံတွေမှာပဲ သွယ်ဝိုက်သောနည်းအားဖြင့် အဓမ္မအလုပ်စေခိုင်းနေတာတွေ တွေ့ရပါတယ်။ စနေ၊ တနင်္ဂနွေ အလုပ်ဆင်းနေရတယ်။ ခွင့်ရက်မယူရဘူး၊ သွယ်ဝိုက်သောနည်းအားဖြင့် အဓမ္မစေခိုင်းမှုတွေက ရှိနေတုန်းပါပဲ။”

ညီလာခံမှာလည်း ကိုယ်စားလှယ်တွေက အိုင်အယ်လ်အို အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ မြန်မာနိုင်ငံမှာ လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကြောင့် သက်ရောက်မှုတွေအပေါ် ပြန်သုံးသပ်ဖို့ တောင်းဆိုကြသလို မြန်မာနိုင်ငံမှာ  ၂၀၁၅ ခုနှစ်ကျရင် အဓမ္မလုပ်အားခိုင်းစေမှု ကင်းစင်ရေး သဘောတူညီချက်ကိုလည်း  ဆက်အကောင်အထည်ဖော်ဖို့ တိုက်တွန်းထားပါတယ်။

အိုင်အယ်လ်အိုဟာ မြန်မာပြည်ပေါ် ၁၉၉၉ ခုနှစ်နဲ့ ၂၀၀၀ ပြည့်နှစ်လောက်မှာ တားမြစ်ချက်တွေကို  အစပျိုးလုပ်ဆောင်ခဲ့တာဖြစ်ပြီး အိုင်အယ်လ်အိုရဲ့သမိုင်းမှာ ပထမဆုံး ဆောင်ရွက်ချက်တွေ ဖြစ်ခဲ့ပါတယ်။ အဲဒီကာလဟာ စစ်အစိုးရလက်ထက် ကြက်ဆူပင်စီမံကိန်းတွေ အကောင်အထည်ဖော်နေချိန် ပြည်တွင်းစစ်မှာ  ပေါ်တာအဖြစ် အဓမ္မခိုင်းစေတာတွေနဲ့ ကလေးတွေကို စစ်တပ်တွင်း အတင်းသွတ်သွင်းတာတွေ ပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013