DVB Logo
Home
မြန်မာသတင်း
လွတ်လပ်စွာထုတ်ဖော်ခွင့်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော်ရန်လိုအပ်နေ 
DVB
·
September 1, 2020
လွတ်လပ်စွာထုတ်ဖော်ခွင့်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော်ရန်လိုအပ်နေ 
Donate to DVB

မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ လူ့အခွင့်အရေးအခြေအနေ သုံးသပ်ချက် လုပ်ငန်းစဉ်မှာရခဲ့တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အကြံပြုချက်တွေကို အကောင်အထည်မဖော်ခဲ့ဘူးလို့ အစီရင်ခံစာ တခုက ဝေဖန်ထောက်ပြလိုက်ပါတယ်။

ပြည်တွင်းအခြေစိုက် Free Expression Myanmar (FEM)က ထုတ်ပြန်လိုက်တာဖြစ်ပြီး ဒီအစီရင်ခံစာဟာ ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့နိုင်ငံအားလုံးအတွက် လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်တဲ့လုပ်ငန်းစဉ် (UPR) မှာ တင်သွင်းမှာဖြစ်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ UPR အစီအစဉ်ဟာ ၅ နှစ်တကြိမ် သုံးသပ်လေ့ရှိတာကြောင့် ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်အစီအစဉ်မှာ ရခဲ့တဲ့ အကြံပေးချက်တွေအပေါ် သုံးသပ်တင်ပြထားတာဖြစ်ပါတယ်။

အခု ၂၀၂၀ ပြည့်နှစ်နှောင်းပိုင်းမှာ စစ်ဆေးသုံးသပ်မယ့် UPR ဟာ မြန်မာနိုင်ငံအတွက် တတိယအကြိမ်မြောက် ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်ကစလို့ နိုင်ငံရေးအသွင်ကူးပြောင်းတဲ့ ၁၀ နှစ်တာကာလတလျှောက်မှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ အဲဒီအခွင့်အရေးရဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ မီဒီယာ၊ ဒစ်ဂျစ်တယ်၊ ဆန္ဒထုတ်ဖော်မှု၊ သတင်းအချက်အလက်ရပိုင်ခွင့်နဲ့ ခွဲခြားဆက်ဆံမှုတိုက်ဖျက်ရေး တို့မှာ ကြီးမားတဲ့ခြိမ်းခြောက်မှုတွေနဲ့ ကြုံတွေ့ခဲ့၊  ကြုံတွေ့နေရဆဲဖြစ်တယ်လို့ FEM က ဆိုပါတယ်။

ဒီအစီရင်ခံစာမှာ မြန်မာအစိုးရအပေါ် ကမ္ဘာ့နိုင်ငံပေါင်း ၆၀ က အကြံပြုထားတဲ့ ပြုပြင်ပြောင်းလဲစရာတွေနဲ့ အတည်ပြုလုပ်ဆောင်စရာတွေကို ဖော်ပြထားပြီး မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ ပိုပြီးခိုင်ခိုင်မာမာ ပြဋ္ဌာန်းပေးဖို့ အကြံပြုတာကို အခုအချိန်ထိ မလုပ်သေးသလို အောက်ခြေမှာရှိနေတဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို အလေးထားစဉ်းစားတာ မရှိဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ UPR မှာ နိုင်ငံ ၉ နိုင်ငံက ပြစ်မှုကျူးလွန်ပြီး အရေးယူမခံရဘဲ လွတ်မြောက်နေတဲ့ ကိစ္စတွေကို စုံစမ်းစစ်ဆေးပြီး နောက် မဖြစ်အောင်လုပ်ဖို့ အကြံပြုထားပေမယ့် ဘာမှ မထူးလာဘူးလို့ FEM က ဆိုပါတယ်။

သတင်းထောက်တွေနဲ့ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေကို ဥပဒေအရ၊ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေဟာ ၂၀၁၅ ခုနှစ်ကတည်းက ပိုတိုးလာပြီး ၂၀၁၅ ခုနှစ်မှာ အသတ်ခံရတဲ့ သတင်းထောက်တယောက်အပါအဝင် နိုင်ငံအတွင်း အသတ်ခံရတဲ့ သတင်းထောက် ၅ ယောက်အတွက် လုံလုံလောက်လောက် စုံစမ်းစစ်ဆေးပေးတာလည်း မရှိခဲ့ဘူးလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

ပြီးတော့ အစိုးရဟာ ၂၀၁၅ ခုနှစ်ကစလို့ သတင်းအချက်အလက် ရရှိပိုင်ခွင့်ကို အားတက်သရော ထိန်းချုပ်၊ ကန့်သတ်၊ ပိတ်ပင်လို့ရတဲ့ ဥပဒေတွေ၊ မူဝါဒတွေနဲ့ လုပ်ထုံး လုပ်နည်းတွေကို ပြဋ္ဌာန်းသတ်မှတ်လာပြီး ရုပ်သံနဲ့ ရေဒီယိုလိုင်းအားလုံးကို ထိန်းချုပ်တာ၊ မီဒီယာတွေကိုလည်း လွတ်လွတ်လပ်လပ်လှုပ်ရှားလို့မရအောင် ပိတ်ပင်ထားတာ၊ အင်တာနက်ကို ခြေခြေမြစ်မြစ် မဟုတ်ဘဲ စိတ်ထင်တိုင်းပိတ်တာနဲ့ သတင်းဝက်(ဘ်)ဆိုက်တွေကို ပိတ်ဆို့ခဲ့တယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ UPR မှာ နိုင်ငံ ၈ နိုင်ငံက မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ပိုပြီး ခိုင်မာအောင်လုပ်ဖို့ အကြံပြုခဲ့ပေမယ့် အခုထိ မလုပ်ခဲ့သလို သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ မတိုင်ပင်ဘဲ အစိုးရဟာ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ နောက်ကြောင်းရာဇဝင်မရှိသူတွေနဲ့ လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်အားလုံးကို အစားထိုးခန့်အပ်ခဲ့တယ်လို့ ဆိုပါတယ်။

လူ့အခွင့်အရေးကော်မရှင်ဟာ ပြည်သူ့ရေးရာ အခွင့်အရေးနဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆို တာ အပါအဝင် နိုင်ငံရေးအခွင့်အရေး ချိုးဖောက်တာတွေကို ဦးစားပေး စုံစမ်းစစ်ဆေးတာ မရှိသလို ကျူးလွန်သူတွေ တာဝန်ခံမှုရှိစေရေးကို အဓိက ရည်မှန်းချက်တခု အနေနဲ့လုပ်ဆောင်ဖို့လည်း ထည့်သွင်းစဉ်းစားတာ မရှိဘူးလို့ ဆိုပါတယ်။

နိုင်ငံ ၈ နိုင်ငံက မြန်မာနိုင်ငံရဲ့ မီဒီယာလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်ဖို့အတွက် ဥပဒေတွေပြုပြင်ပြောင်းလဲဖို့ အကြံပြုထားတာကလည်း အခုအချိန်အထိ မပြောင်းလဲခဲ့ပါဘူး။

သတင်းစာပညာရပ်နဲ့ပတ်သက်ပြီး ရာဇဝတ်ကြောင်းအရ တရားစွဲဆိုတာတွေဟာ ၂၀၁၅ ခုနှစ်ကစလို့ တနှစ်ထက် တနှစ်ပိုတိုးလာပြီး ခြိမ်းခြောက်မှုအများစုဟာ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ စစ်တပ်ဆီက လာလေ့ရှိတယ်လို့ ဆိုပါတယ်။

ပြီးတော့ ၂၀၁၅ ခုနှစ်ကစလို့ အနည်းဆုံး လူပေါင်း ၂၂၉ ယောက်ဟာ အကြမ်းမဖက်တဲ့ ဆန္ဒထုတ်ဖော်မှုကြောင့် အပြစ်ပေးအရေးယူခံခဲ့ရပြီး အများစုကတော့ ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေနဲ့ အရေးယူခံတယ်လို့ ဆိုပါတယ်။

UPR အစီအစဉ်မှာ သက်ဆိုင်ရာ နိုင်ငံတွေထဲမှာ ရှိတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကလည်း အစီရင်ခံစာတွေတင်သွင်းခွင့်ရှိပြီး အစိုးရကလည်း အစီရင်ခံစာတစောင် တင်သွင်းရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013