DVB Logo
Home
မြန်မာသတင်း
မွန်လူငယ်ထုကို မူးယစ်ဆေးဝါး ခြိမ်းခြောက်
DVB
·
June 19, 2013
မွန်လူငယ်ထုကို မူးယစ်ဆေးဝါး ခြိမ်းခြောက်
Donate to DVB

မွန်လူငယ်ထုအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှု စိုးရိမ်ဖွယ်ရာဖြစ်လာတဲ့အတွက် အစိုးရနဲ့ နိုင်ငံရေးပါတီတွေက ထိထိရောက်ရောက်ကိုင်တွယ်ဆောင်ရွက်ဖို့ မွန်ဒေသလူ့အခွင့်အရေး ဖောင်ဒေးရှင်းက တောင်းဆိုလိုက်ပါတယ်။

မော်လမြိုင်၊ ရေးမြို့နယ်၊ သံဖြူဇရပ်၊ ကျိုက်မရောနဲ့ ကြာအင်းဆိပ်ကြီး စတဲ့မြို့နယ်တွေမှာ ရဲတပ်ဖွဲ့ဝင်တချို့အပါအ၀င် လူ ၁၄၀ ခန့်ကို တွေ့ဆုံမေးမြန်းချက်ကို အခြေပြု ထုတ်ပြန်တဲ့အစီရင်ခံစာမှာ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

ရာဘလို့ ခေါ်တဲ့ စိတ်ကြွဆေးပြားတွေဟာ မွန်လူငယ်ထုအကြားမှာ သုံးစွဲမှု တွင်ကျယ်နေပြီး ဒီရောင်းဝယ်ဖောက်ကားမှုတွေမှာ နယ်မြေခံအာဏာပိုင်တွေရဲ့ လာဘ်ပေးလာဘ်ယူမှုတွေနဲ့ ပတ်သက်နေတယ်လို့ မွန်ဒေသလူ့အခွင့်အရေးဖောင်ဒေးရှင်းက ပြောခွင့်ရ ပရိုဂရမ်ညှိနှိုင်းဆောင်ရွက်ရေးမှူး နိုင်အောမွန်က ပြောပါတယ်။

“စိတ်ကြွဆေးပြား၊ မြင်းဆေးတွေက အထူးသဖြင့် မွန်လူငယ်ထုတွေထဲ ပျံ့နှံ့စိမ့်ဝင်နေတာ အင်မတန် ကြောက်ဖို့ကောင်းတယ်။ စစ်တမ်းတွေအရဆိုရင် မြို့နယ်အချို့မှာ ၄၀ ကနေ ၅၀ ရာနှုန်းလောက်အထိ ရှိနေတယ်။ အစိုးရကိုင်တွယ်မှုကို ကြည့်ရင်လည်း အင်မတန် အားနည်းတယ်။ တချို့ဆို လျစ်လျူရှုထားတဲ့ အနေအထား သွားတွေ့ရတယ်။”

လက်ရှိအတိုင်း လွှတ်ထားရင် မွန်လူငယ်တွေအကြား မူးယစ်ဆေးဝါးသုံးစွဲမှု အလေ့အထဆိုးကြီးတခု အမြစ်တွယ်သွားမှာ စိုးရိမ်တယ်လို့ ဆိုပါတယ်။

မူးယစ်ဆေးဝါးရောင်းဝယ်နေသူအများစုနဲ့ ပတ်သက်သူတွေဟာ အစိုးရတပ်ဖွဲ့တွေ၊ အာဏာပိုင်တွေနဲ့ အပစ်အခတ်ရပ်စဲရေးအဖွဲ့တွေဖြစ်တယ်လို့ နိုင်အောမွန်က ပြောပါတယ်။

သူတို့အဖွဲ့ လူထုအကြားမှာ မူးယစ်ဆေးဝါးဖြန့်ဖြူးမှုသဲလွန်စကို လိုက်လံစုံစမ်းရာမှာ လက်နက်ကိုင်အဖွဲ့တချို့ရဲ့တားမြစ်မှုကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။

“ပြီးခဲ့တဲ့ ၃ လလောက်က ကွင်းဆင်းမှုတွေ စလုပ်တယ်။ နယ်မြေခံအာဏာပိုင်တွေတင်မဟုတ်ဘူး၊ ဘီဂျီအက်ဖ်လို့ခေါ်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ တချို့ ငြိမ်းချမ်းရေးအဖွဲ့အစည်းတွေမှာဆိုရင် မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ မေးမြန်းမှုတွေကိုတောင် မကြိုက်ကြဘူး။ နယ်မြေတွေသွားရင်လည်း တအား စစ်ဆေးမေးမြန်းတာရှိတယ်။ ကင်မရာတွေ တွေ့ရင်လည်း တော်တော်မေးတယ်၊ တခုခုကို စိုးရိမ်နေပုံရတယ်။ တားဆီးတာတော့ ၁-၂ ခု ကြုံတယ်။ ခြိမ်းခြောက်တာ၊ မေးမြန်းတာနဲ့ မသင်္ကာတဲ့အကြည့်နဲ့ ကြည့်တာတွေလည်း အများကြီး ကြုံရတယ်။”

အစိုးရဘက်က တာဝန်ရှိသူတွေကို မေးမြန်းရာမှာ အကန့်အသတ်နဲ့သာ အဖြေရခဲ့သလို အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ မွန်ပြည်သစ်ပါတီ၊ ကရင်အမျိုးသားအစည်းအရုံးနဲ့ ဒီကေဘီအေအဖွဲ့အစည်းတွေကလည်း လိုလိုလားလား ဖြေဆိုချင်ပုံမရတာကို ကြုံတွေ့ခဲ့ရတယ်လို့ နိုင်အောမွန်က ပြောကြပါတယ်။

ဒီအစီရင်ခံစာကို ထုတ်ပြန်ရတာဟာ ပကတိဖြစ်နေတာတွေက လူသားပြုန်းတီး စေနိုင်လောက်တဲ့ ခြိမ်းခြောက်မှုဖြစ်နေလို့၊ လူငယ်ထုတရပ်လုံး လူညွန့်မတုံးစေဖို့ ရည်ရွယ်ချက်နဲ့သာ ထုတ်ပြန်တာဖြစ်ပြီး  ဘယ်ပုဂ္ဂိုလ်နဲ့ ဘယ်အဖွဲ့အစည်းကိုမှ ထိခိုက် နစ်နာစေလိုတဲ့ ရည်ရွယ်ချက်မဟုတ်ပါဘူးလို့လည်း  သူက ရှင်းလင်းပြောဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013