DVB Logo
Home
မြန်မာသတင်း
ကေအန်ပီပီနဲ့ အစိုးရတို့ သဘောတူညီမှုအချို့ ရရှိ
DVB
·
June 19, 2013
ကေအန်ပီပီနဲ့ အစိုးရတို့ သဘောတူညီမှုအချို့ ရရှိ
1 / 2
Donate to DVB

အစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(ကေအန်ပီပီ)တို့ ဆွေးနွေးပွဲပထမနေ့မှာ ရွာပုန်းရွာရှောင် ဒုက္ခသည်တွေကို ကူညီရေးပါအ၀င် အချက်တချို့ကို သဘောတူခဲ့ကြပါတယ်။

လွိုင်ကော်မြို့ တပ်နယ်ခန်းမမှာ အစိုးရပြည်ထောင်စုငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(ကေအန်ပီပီ) ဆွေးနွေးပွဲ စတင်တဲ့နေ့မှာဘဲ ရွာပုန်းရွာရှောင် ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေးနဲ့ ဒေသဖွံ့ဖြိုးရေးပူးတွဲလုပ်ဆောင်ဖို့အပါအ၀င် အချက် ၄ ချက် သဘောတူခဲ့တာ ဖြစ်ပါတယ်။

နှစ်ဘက်ကိုယ်စားလှယ်တွေက လေ့လာစောင့်ကြည့်ရေးအဖွဲ့ဖွဲ့ဖို့၊ မူးယစ်ဆေးဝါး ပူးတွဲ တိုက်ဖျက်ရေး၊ တပ်ပိုင်းဆိုင်ရာကိစ္စ၊ ဒေသဖွံ့ဖြိုးရေးကိစ္စ၊ အိုင်ဒီပီတွေ ပြန်လည်နေရာချထားရေး ကိစ္စနဲ့ အမှတ် ၁၄ လေ့ကျင့်ရေးကျောင်းကိစ္စကို တွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဒေသဖွံ့ဖြိုးရေးနဲ့ ဒုက္ခသည်နေရာပြန်လည်ချရေးကိစ္စကို အများပြည်သူရှေ့မှောက်မှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြပြီး တပ်ပိုင်းဆိုင်ရာကိစ္စကိုတော့ တံခါးပိတ်ဆွေးနွေးကြတာလို့ သူက ပြောပါတယ်။ ရရှိတဲ့သဘောတူညီချက်နဲ့ ပတ်သက်လို့ ဦးအောင်ဆန်းမြင့်က ခုလို ပြောပါတယ်။

“အခြေခံအားဖြင့် သဘောတူလိုက်တာက ဒေသဖွံ့ဖြိုးရေးတွေလုပ်ရင် ပူးပေါင်းဆောင်ရွက်မယ်။ အိုင်ဒီပီ နေရာချထားရေးလည်း ပူးပေါင်းဆောင်ရွက်မယ်။ မူးယစ်ဆေးဝါးကိုလည်း တကယ်လုပ်နိုင်တဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတာတွေ ရပါတယ်။ နောက် ပူးတွဲကော်မတီဖွဲ့ဖို့၊ မဖွဲ့ရသေးဘူး၊ ဒါပေမယ့် မူအားဖြင့် သဘောတူတယ်။”

ဒါ့အပြင် နှစ်ဖက်ငြိမ်းချမ်းရေးလုပ်ဆောင်နေစဉ်အတွင်း ဖြစ်ပေါ်လာတဲ့ အထွေထွေ ပြဿနာကို ပူးတွဲဖြေရှင်းဖို့ ပူးတွဲကော်မတီတခု ဖွဲ့ဖို့လည်း သဘောတူညီခဲ့ကြတယ်လို့ ပြောပါတယ်။

“နှစ်ဖက်လူပါဝင်တဲ့ ပထမအဆင့်အနေနဲ့ ပူးတွဲကော်မတီဖွဲ့မယ်။ ဒီအောက်မှာမှ ဒေသတွင်းလေ့လာစောင့်ကြည့်ရေးအဖွဲ့ ရှိရမယ်လို့ ကျနော်တို့က ပြောတယ်။ သူတို့ကတော့ ပူးတွဲကော်မတီဖွဲ့ပြီးမှ နောက်တဆင့်လုပ်သွားဖို့ ပြန်တောင်းဆိုတယ်။ ဒါကို ဆက်ညှိနေတုန်းပဲ။ ပူးတွဲကော်မတီကတော့ နှစ်ဖက်အပစ်အခတ်ရပ်စဲရေး ခိုင်မာအောင် အောက်ကနေ. ဒေသတွင်းစောင့်ကြည့်လေ့လာရေးအဖွဲ့ကနေ တင်လာတဲ့၊ ဖြေရှင်းနိုင်တဲ့ပြဿနာတွေကို ဖြေရှင်း၊ မဖြေရှင်းနိုင်တာတွေကို အထက်ကို ဆက်တင်ပေါ့၊ အဲလိုပါ။”

ဒီဆွေးနွေးပွဲဟာ ဒုတိယအကြိမ်မြောက် ပြည်ထောင်စုအဆင့်ဖြစ်ပြီး ကေအန်ပီပီဘက်က ဒု-ဥက္ကဋ္ဌ ခူးဦးရယ်ဦးဆောင်ပြီး အဖွဲ့ဝင် ၁၅ ဦး တက်ရောက်ဆွေးနွေးသလို အစိုးရဘက်ကတော့ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ လျှပ်စစ်ဝန်ကြီးနဲ့ စွမ်းအင်ဝန်ကြီး တို့အပါအ၀င် ၁၈ ဦး တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲကို ဇွန် ၁၉ ရက်နေ့ကနေ ၂၀ ရက်နေ့ထိ ၂ ရက်ကြာ ကျင်းပသွားမှာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲအတွင်း သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ တန်းတူညီတူအခွင့်အရေးနဲ့ ပတ်သက်ပြီး သမ္မတပြင်ဆင်နေပုံကိုလည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

“အရင် နှစ်ပေါင်း ၆၀ အတွင်း ဒီလိုကိစ္စတွေကို ကျနော်တို့ ဆောင်ရွက်နိုင်ခြင်း မရှိပါဘူး။ နိုင်ငံတော်သမ္မတက လွန်ခဲ့တဲ့ဖြစ်စဉ်တွေ အားလုံးကို ကြည့်ပြီးတဲ့အခါမှာ အဓိက ဘာလိုလဲဆိုရင် တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ တန်းတူရည်တူ အခွင့်အရေးရရှိရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြဋ္ဌာန်းခွင့် ရရှိရေး၊ ဒီကိစ္စကို တောင်းဆိုတာ ဖြစ်ပါတယ်။ တနည်းပြောရရင် ဒါဟာ ဖက်ဒရယ်ပါ။ ဖက်ဒရယ်နဲ့ ပတ်သက်ပြီးတော့လည်း မကြာခင် သမ္မတကြီးက မိန့်ခွန်းပြောဖို့ ပြင်ဆင်နေပါတယ်။”

အစိုးရနဲ့ ကေအန်ပီပီအကြား ဆယ်စုနှစ်အတန်ကြာ တိုက်ပွဲဖြစ်နေရာက ၂၀၁၂ ခုနှစ် မတ် ၇ ရက်နေ့ ပြည်နယ်အဆင့် တွေ့ဆုံပွဲမှာ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုးခဲ့ကြပြီး ဇွန် ၉ ရက်နေ့ ပထမအကြိမ် ပြည်ထောင်စုအဆင့် တွေ့ဆုံပွဲမှာ ကေအန်ပီပီဘက်က တင်ပြထားတဲ့အချက် ၂၀ ထဲက ၁၄ ချက်ကို သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013