DVB Logo
Home
ကျန်းမာရေး
အသုံးပြုပြီးသား Face Mask တွေကို ဘယ်လိုပိုးသန့်စင်မလဲ
DVB
·
September 1, 2020
အသုံးပြုပြီးသား Face Mask တွေကို ဘယ်လိုပိုးသန့်စင်မလဲ
Donate to DVB

Covid-19 ကလည်း တစ်ဖန်ပြန်ပြီး ထလာပြန်ပြီဆိုတော့ ခုဆိုရင် အပြင်သွားတိုင်း mask ကို ပုံမှန်ပြန်တပ်ပြီး သွားလာနေကြတာကို တွေ့ရတာ တစ်ဖက်က ကြည့်ရင်တော့ ဝမ်းသာစရာပေါ့ဗျာ။ ဒီပိုးကလည်း ကာကွယ်ဆေးနဲ့ ကုသဆေး မပေါ်မချင်းကတော့ ဒီလိုပဲ နေ့စဉ်ဘဝကို ကျော်ဖြတ်နေရမှာဆိုတော့ မကြိုက်လည်း အောင့်အည်းသည်းခံလို့ပဲ ရမှာပါ။ မတပ်ရင်လည်း ဒုက္ခရောက်မှာက ကိုယ်အပြင် ကိုယ်ဖြတ်သန်းသွားလာခဲ့သမျှ နေရာတိုင်းမှာရှိနေတဲ့ Mask မတပ်သူတွေ အားလုံးပါပဲ။

Face Mask အမျိုးအစားများ


Face Mask ထဲမှာ Covid-19 ဗိုင်းရပ်စ်ပိုးကို ကောင်းစွာ ကာကွယ်ပေးနိုင်တာ N95 Mask နဲ့ Surgical Mask ၂ မျိုးပဲရှိပါတယ်။ ဒါပေမယ့်လည်း ငွေအကုန်ကြေးကျ များလို့ ပုံမှန်လက်လုပ်လက်စားတွေအနေနဲ့တော့ တပ်လိုက်၊ လွှင့်ပစ်လိုက်၊ နောက်အသစ်တစ်ခု တပ်လိုက်လုပ်ဖို့ဆိုတာ တော်တော်လေးတော့ ကသီတယ်ဗျ။ ဒီတော့ အဝတ်၊ ပိတ်စနဲ့လုပ်ထားတဲ့ Cloth Mask ဆိုတာမျိုး ထပ်ပြီး ထွက်လာပါတယ်။

Cloth Mask တွေဟာ ဒီဗိုင်းရပ်စ်ပိုးကို ကာကွယ်ပေးနိုင်ခြေ အရမ်းနည်းပါတယ်။ ဒါပေမယ့်လည်း ဟိုနားဒီနားထွက်ပြီး စျေးဝယ်တဲ့ အိမ်ထောင်ရှင်တွေ၊ မိသားစုဝင်တွေ၊ အခြေခံလူတန်းစားတွေအတွက်တော့ ထပ်တလဲလဲ ပြန်အသုံးပြုလို့ရတယ်ဆိုတော့ ငွေရေးကြေးရေးအရတော့ အဆင်ပြေနိုင်ပါတယ်။

နောက်တစ်ခုက Face Shield လို့ခေါ်တဲ့ အကာပါ။ ဒီအကာသည်လည်း စျေးအတန်အသင့်တော့ မြောက်ပါတယ်။ ဒါပေမယ့် ထပ်ကာတလဲလဲ ပြန်သုံးလို့ရတယ်၊ ကလေးတွေအတွက်လည်း ပိုအဆင်ပြေပါတယ်။ သူက ဦးခေါင်းပတ်လည်မှာ နေရာကျအောင် စွပ်လိုက်ရုံပါပဲ။ အရှေ့တည့်တည့်မှာရှိတဲ့ ရောဂါပိုးများကို ကာကွယ်ပေးနိုင်ပေမယ့် ဘေးဘက်နဲ့ အနောက်ဘက်မှာ ဟာလာဟင်းလင်းပေါက်ဖြစ်နေလို့ အနောက်ကနေ ချောင်းဆိုးလိုက်ရင် ကူးနိုင်ပါသေးတယ်။ ဒီအတွက် Mask ကတော့ မဖြစ်မနေ တပ်နေရဦးမှာပါပဲ။

Face Mask တွေကို ဘယ်လိုပိုးသန့်စင်မလဲ။


၁။ N95 Mask နှင့် Surgical Mask


ဒီ Mask အမျိုးအစားတွေကတော့ တစ်ကြိမ်တစ်ခါသာ အသုံးပြုဖို့အတွက် ဖြစ်ပြီး နောက်တစ်ကြိမ် ထပ်သုံးလို့ မရပါဘူး။ အထူးသဖြင့် စုတ်ပြဲသွားတာ၊ ညစ်ပတ်နေတာ၊ ရေငွေ့ပျံပြီး စိုနေပြီဆိုရင်တော့ အိမ်မရောက်သေးရင်လည်း ချွတ်ပြီး စနစ်တကျ စွန့်ပစ်ဖို့၊ အသစ်တစ်ခု ပြန်သုံးဖို့ အရေးကြီးပါတယ်။

အိမ်ပြန်ရောက်တဲ့အခါ လက်ကို အရင်ဆုံး ဆပ်ပြာနဲ့ သေချာပြောင်စင်အောင် ဆေးကြောပြီးမှ Mask ရဲ့ ဘေးသိုင်းကြိုးကို မပြီးဖြုတ်ကာ ပလတ်စတစ်အိတ်တစ်လုံးထဲ ထည့်ပြီး လုံအောင်ချည်ကာ အမှိုက်ပုံးထဲ ပစ်ရပါမယ်။ ပြီးရင် နောက်တစ်ခေါက် လက်ကို ဆပ်ပြာ၊ ရေနဲ့ သေချာပြောင်စင်အောင် ဆေးရမှာပါ။

၂။ Cloth Mask


ထပ်ကာတလဲလဲ အသုံးပြုဖို့နဲ့ ငွေကုန်ကြေးကျ လျှော့ချဖို့အတွက် လုပ်ထားတဲ့ Mask ပါ။ အရင်ဆုံး လက်နှစ်ဖက်ကို ဆပ်ပြာ၊ ရေနဲ့ သေချာပြောင်စင်အောင် ဆေးကြောပေးပါ။ အဝတ်လျှော်စက်နဲ့ လျှော်မယ့်သူတွေအနေနဲ့ Mask ကို အဝတ်လျှော်စက်ထဲ တခြားအဝတ်တွေနဲ့အတူ ရောထည့်ပါ။ ပြီးရင် ဘာမှမကိုင်သေးဘဲ လက်ကို ဆပ်ပြာ၊ ရေနဲ့ ပြန်ဆေးပါ။ ပြီးသွားမှ ဆပ်ပြာမှုန့်ကို လိုသလောက်ပမာဏ ထည့်ပြီး စက်လျှော်လျှော်လိုက်ရုံပါပဲ။

လက်နဲ့လျှော်မယ်ဆိုရင်တော့ Mask ကို ကိုယ်လျှော်မယ့် ပုံးထဲ ထည့်ပြီး တစ်ခါတည်း အဝတ်လျှော်ဆပ်ပြာနဲ့ တိုက်ချွတ်ပြီး လျှော်ရမှာပါ။ တိုက်ချွတ်တဲ့ ဘရပ်ရှ်ကို Mask အတွက် အသုံးပြုဖို့ သီးသန့်တစ်ခု ထားထားပြီး အသုံးပြုပါ။ Mask ကို လျှော်ပြီးသွားရင် ရေခြောက်အောင်ညှစ်ပြီး အဝတ်တန်းမှာ နေအရောင်ပြပြီး လှမ်းထားပေးပါ။ ခြောက်သွားတာနဲ့ မီးပူတိုက်ပေးပါ။

၃။ Face Shield အကာ


အရင်ဆုံး သန့်ရှင်းတဲ့အဝတ်တစ်စုံကို ရေများများစွတ်ပြီး အယ်လ်ကိုဟော ပါတဲ့ဆပ်ပြာ သို့မဟုတ် ရေမလိုလက်သန့်စင်ဆေးရည် လိုသလောက်ထည့်ပေးထားပါ။ ပြီးသွားမှ Face Shield ကို ချွတ်ပြီး ဆပ်ပြာထည့်ထားတဲ့ အဝတ်နဲ့ အပြင်ရော အတွင်းပါတိုက်ပေးပါ။

ပြီးသွားရင် ရေနဲ့ ပြောင်စင်အောင် ဆေးချပြီး နေပူထဲ ထုတ်လှမ်းပေးပါ။ လက်ကို ဆပ်ပြာ၊ ရေနဲ့ နောက်ဆုံးအကြိမ် ပြောင်စင်အောင် ဆေးဖို့လည်း မမေ့ပါနဲ့။

မည်သည့် Mask ကိုမဆို အသုံးပြုပြီးရင် စနစ်တကျ စွန့်ပစ်ပါ သို့မဟုတ် သေချာပိုးသန့်စင်ပေးပါ။ အသေးစိတ်ကနေ သေချာဂရုစိုက်ပေးမှ ကိုယ်ရော ကိုယ့်မိသားစုဝင်တွေအားလုံး ကျန်းမာနိုင်မှာပါ။

ရေးသားသူ Ye Myo Myat


ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013