
ဗဟိုဘဏ်က ထုတ်ပြန်ကြေညာထားပြီး ဖြစ်တဲ့အတိုင်း နိုင်ငံခြားငွေလက်မှတ် Foreign Certificate (FEC) ငွေလက်မှတ်တွေကို နီးစပ်ရာ ဘဏ်တွေမှာ ဇွန် ၃၀ ရက်နေ့ နောက်ဆုံးထား လဲလှယ်ကြဖို့ နိုင်ငံပိုင်သတင်းစာတွေကနေတဆင့် ဒီနေ့ ထပ်မံနှိုးဆော်ပါတယ်။
ဇွန် ၃၀ ရက် နောက်ပိုင်းမှာ လာရောက်လဲလှယ်တဲ့သူတွေအနေနဲ့ ဒီအတိုင်း လဲလှယ်ပေးတော့မှာမဟုတ်ဘဲ သတ်မှတ်ရက်တွေမှာ ဘာကြောင့် လာရောက် မလဲလှယ်နိုင်ခဲ့တဲ့ အကြောင်း ခိုင်လုံတဲ့ အထောက်အထား ပြသရမှာ ဖြစ်ပါတယ်။
ဗဟိုဘဏ်ဟာ အမေရိကန်ဒေါ်လာနဲ့ တန်းတူညီမျှတယ်ဆိုပြီး ထုတ်ဝေထားတဲ့ အက်ဖ်အီးစီလက်မှတ်တွေကို ဧပြီလဆန်းကစပြီး ကျပ်ငွေ ဒါမှမဟုတ် အမေရိကန် ဒေါ်လာငွေစာရင်းတွေနဲ့ လဲလှယ်ပေးခဲ့ရာမှာ စုစုပေါင်း ကန်ဒေါ်လာ ၁၉ သန်းကျော်ဖိုး လဲလှယ်ပေးပြီး ဖြစ်တယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်ကြေညာထားပါတယ်။











