DVB Logo
Home
အာရှဒေသ
ပါကစ္စတန်ကျောင်းတွေမှာ ကလေးတွေကို ရိုက်ခွင့်မရှိ
DVB
·
June 19, 2013
ပါကစ္စတန်ကျောင်းတွေမှာ ကလေးတွေကို ရိုက်ခွင့်မရှိ
Donate to DVB

မကြာခင်တုန်းပဲ ပါကစ္စတန်လွှတ်တော်က ကျောင်းတွေမှာ ကလေးတွေကို ရိုက်နှက် ဆုံးမတာကို တားဆီးတဲ့ဥပဒေကို အတည်ပြုလိုက်ပါတယ်။ ရည်ရွယ်ချက်ကတော့ ကလေးတွေရဲ့ ဂုဏ်သိက္ခာနဲ့ ကလေးအခွင့်အရေးကို လေးစားဖို့ ဖြစ်ပါတယ်။ ဥပဒေကို ချိုးဖောက်သူကို ထောင်ဒဏ် ၁ နှစ် သို့မဟုတ် ဒဏ်ငွေအဖြစ် အမေရိကန်ဒေါ်လာ ၅၀၀ အပြစ်ဒဏ်ကျခံရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ကားနောက်လိုက် ဒလာဝါးခန်တို့လို လူတွေအတွက်တော့ ဥပဒေကို နောက်တောင် ကျနေပါပြီ။ မနှစ်တုန်းက ဒလာဝါးခန်ကို သူ့ကျောင်းက ဆရာက ရိုက်နှက်ဆုံးမတာကြောင့် ကျောင်းကနေ ထွက်ခဲ့တဲ့ အကြောင်း သူက ပြောပြပါတယ်။

"ကျနော့်ကို ဆရာက တုတ်နဲ့ ရိုက်တယ်၊ ရာဘာတုတ်နဲ့လည်း ရိုက်တယ်။ ကျောင်းမှာ ကျနော့်လိုပဲ ဆရာရိုက်မှာကို ကြောက်နေတဲ့ ကလေးတွေ ရာနဲ့ ချီပြီး ရှိတယ်။ ဒီလို အပြစ်ပေးတာမျိုးကို မခံနိုင်ပါဘူး။"

ဒီလို ရိုက်နှက်ဆုံးမတဲ့ဒဏ်ကို ခံခဲ့ဖူးတဲ့ ကလေးအရေအတွက် ဘယ်လောက်များများ ရှိသလဲဆိုတဲ့ အချက်အလက်တော့ မရှိပါဘူး။ ဒါပေမယ့် ပါကစ္စတန်က ကျောင်းတွေမှာ ရိုက်နှက်ဆုံးမတာ ထုံးစံတခုပါပဲ။

လူသိများတဲ့ အဖြစ်အပျက်တခုကတော့ မာလီကာဆိုတဲ့ ကျောင်းသူလေးရဲ့ အဖြစ်အပျက်ပါ။ ပုဂ္ဂလိကကျောင်းတကျောင်းမှာ ကျောင်းတက်နေတဲ့ မာလီကာကို သူ့ဆရာက အဖုံးပွင့်နေတဲ့ ဘောပင်နဲ့ လှမ်းပစ်လိုက်တာ ညာဘက် မျက်လုံးတည့်တည့်ကို မှန်ပါတယ်။ လုံးဝ မျက်လုံး ကွယ်သွားတဲ့အထိ ဖြစ်ခဲ့ပါတယ်။

မနှစ်တုန်းကလည်း အသက် ၁၃ နှစ်အရွယ် အက်ဗဒူမူဘင်း ဆိုတဲ့ ကျောင်းသားလေးလည်း ကျောင်းမှာ ဆရာရိုက်တာကို ခံရပြီးနောက် အိမ်မှာ လည်ပင်းကြိုးစွပ်ပြီး သေကြောင်း ကြံသွားပါတယ်။ သူ့အဖေ မိုဟာမက်  မူဘင်းက ဒါကို မကျေနပ်သေးပါဘူး။

"ကျနော်သား အခုလို ဖြစ်သွားတာ သူ့ဆရာရဲ့တာဝန်မကင်းဘူး။ တရားသူကြီးချုပ် အစ်ဖတီခါ ချောင်ဒရီဆီမှာ အယူခံ တင်ပြခဲ့ပေမယ့် ဘာမှ အရေးမယူခဲ့ပါဘူး။"

ကလေးအခွင့်အရေးကာကွယ်ရေး အန်ဂျီအိုတခုဖြစ်တဲ့ (အက်စ်ပီအာရ်စီ) ရဲ့အဆိုအရ ကျောင်းမှာ ရိုက်နှက်အပြစ်ပေးတာကို ကြောက်ပြီး ကျောင်းထွက်သွားတဲ့ ကလေး ထောင်ပေါင်းများစွာ ရှိတယ်လို့ ဆိုပါတယ်။

ကျောင်းဆရာ ပါဗက်ခန်ကလည်း အတန်းထဲမှာ ကလေးတပြုံတမကြီးကို ထိန်းရတာ မလွယ်ဘူးလို့ ပြောပါတယ်။ ဒါကြောင့် ကိုယ်ထိလက်ရောက်အပြစ်ပေးတာကို သဘောမကျပေမယ့် ကလေးတွေကို လိမ္မာရေးခြား ရှိဖို့ တနည်းနည်းနဲ့တော့ ဆုံးမဖို့ လိုမယ်လို့ သူက ယူဆပါတယ်။

"အကယ်၍ ရိုက်နှက်ဆုံးမတာကို ပိတ်ပင်မယ်ဆိုရင် အတန်းထဲမှာ ကျောင်းသား ၄၀ လောက်ပဲ ရှိဖို့ လိုလိမ့်မယ်။ အခုတော့ ၁၀၀ ဖြစ်နေတယ်။ အစိုးရကျောင်းမှာ လာတက်တဲ့ကလေးအများစုက ဆင်းရဲသားတွေ များတယ်။ မိဘတွေကလည်း သားသမီးကို မဆုံးမထားကြပါဘူး။”

ကျောင်းသားတွေကို ရိုက်နှက်ဆုံးမတာ အစိုးရကျောင်းတွေမှာ ပုဂ္ဂလိကကျောင်းတွေမှာထက် ပိုများပါတယ်။

အစိုးရကျောင်းက အသက် ၄၀ အရွယ် ကျောင်းဆရာမ နာဒီယာခန်ကလည်း ဆရာတွေကို ကျောင်းသားတွေ လေးစားအောင် လုပ်ရမယ့် နည်းလမ်းတခုတော့ ရှိသင့်တယ်လို့ ယူဆပါတယ်။

"ဆရာကို လေးစားရမယ်ဆိုတဲ့ အယူအဆက ပျောက်နေပြီ။ မိဘတွေကလည်း ကိုယ်ကလေးတွေကို ဆရာဆိုတာ ရိုသေရမယ်ဆိုတာကို သင်ကြားထားရမယ်။ စာရိတ္တကောင်းမွန်အောင် ဆုံးမထားရမှာပေါ့။"

၂၀၀၆ ခုနှစ် အစိုးရရဲ့ ကလေးသူငယ်ဆိုင်ရာမူဝါဒမှာကတည်းက ကလေးတွေကို ကိုယ်ထိလက်ရောက် ရိုက်နှက်တာကို ကာကွယ်ရမယ်ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။ ဒါပေမယ့် ဥပဒေအရ အရတော့ ပိတ်ပင်ခဲ့တာမျိုး မရှိခဲ့ပါဘူး။

ပတ်ရှဝါ အထက်တရားရုံးရှေ့နေများအဖွဲ့က ဒုဥက္ကဋ္ဌ ဘီဘာခန် ယူဆွတ်ဇာအိကတော့ အခု ထုတ်ပြန်လိုက်တဲ့ ဥပဒေကြောင့် ကလေးတွေအတွက် အကာအကွယ်ရသွားလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

"ကိုယ်ထိလက်ရောက်အပြစ်ပေးခြင်းဆိုင်ရာအက် ၂၀၁၃ ကို တနိုင်ငံလုံးမှာ ကျင့်သုံးနေပါပြီ၊ ကလေးတွေကို ရဲတွေက အကာအကွယ်ပေးတော့မယ်။ ရဲစခန်းကို သွားပြီး ဆရာကို အမှုဖွင့်လို့ ရပါတယ်။"

အသက် ၁၀ နှစ်အရွယ် မိဘမဲ့ မူဆစ်ခန်ကလည်း အစိုးရ မူလတန်းကျောင်းမှာ ကျောင်းစတက်တာ မကြာသေးပါဘူး။ သူလည်း ကြောက်နေရှာပါတယ်။

"နှိပ်စက်ခံရလို့ ကျောင်းကနေ ထွက်ပြေးတဲ့ ကလေးတွေက မနည်းပါဘူး။ ကျနော်တို့ ဆရာက မရိုက်တတ်တဲ့ဆရာ ဖြစ်ပါစေလို့ ဆုတောင်းပါတယ်။ အပြစ်ပေးတာမရှိရင် ကလေးတွေလည်း ကျောင်းမှာ ပျော်ပါတယ်။"

(Pakistani Parliament Bans Corporal Punishment in Schools by Shahab-ur-Rahman, Peshwar, Pakistan)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013