DVB Logo
Home
မြန်မာသတင်း
ဖက်ဒရယ်ပြည်ထောင်စု မဖြစ်မနေတည်ဆောက်ရန်လိုဟု ဒေါ်အောင်ဆန်းစုကြည်ပြော
DVB
·
June 18, 2013
ဖက်ဒရယ်ပြည်ထောင်စု မဖြစ်မနေတည်ဆောက်ရန်လိုဟု ဒေါ်အောင်ဆန်းစုကြည်ပြော
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဖက်ဒရယ်ပြည်ထောင်စုကို မဖြစ်မနေ တည်ဆောက်ဖို့ လိုအပ်တာကြောင့် အခုကတည်းက ပြင်ဆင်လုပ်ဆောင်ကြဖို့ လိုအပ်ကြောင်း တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံပွဲမှာ တင်ပြဆွေးနွေးပါတယ်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းကတည်းက လက်တွဲခဲ့တဲ့ တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့အစည်းက ခေါင်းဆောင်တွေကို ဖိတ်ကြား တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တာပါ။

[caption id="attachment_40761" align="alignright" width="300" caption="ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားခေါင်းဆောင်များ ဆွေးနွေးနေစဉ်"][/caption]

ဒေါ်အောင်းဆန်းစုကြည်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ကိုပြင်ရမယ်လို့ ဆွေးနွေးခဲ့ပြီး တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို ချက်ချင်းဖယ်ရမယ်ဆိုတာထက် တဖြည်းဖြည်းချင်း ပြင်သွားဖို့ လိုကြောင်း ထည့်သွင်းပြောဆိုခဲ့တယ်လို့ ဒီပွဲတက်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဦးအေးသာအောင်က ပြန်ပြောပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်မှာ ဦးဆောင်ကြိုးပမ်းမယ်ဆိုတာ ဆွေးနွေးတယ်လို့ ဦးအေးသာအောင်က ပြောပါတယ်။

“ဖွဲ့စည်းပုံပြင်ရေးနဲ့ ပတ်သက်လို့ လွှတ်တော်မှာ စဆောင်ရွက်မယ်။ လွှတ်တော်မှာ အခု ကော်မတီ တခုဖွဲ့ဖို့ တင်ပြထားတယ်။ အဲဒါဟာ ဖွဲ့စည်းပုံလေ့လာရေးကော်မတီ။ အဲဒီ ကော်မတီဖွဲ့ပြီးရင် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဆက်ကြိုးပမ်းသွားမယ်လို့ ပြောတယ်။”

အချိုးကျကိုယ်စားပြုမှုစနစ် (ပီအာရ်) နဲ့ပတ်သက်လို့ ပီအာရ်စနစ်ဟာ ရှုပ်ထွေးမှုရှိပြီး နားလည်ရ ခက်တာကြောင့် မြန်မာနိုင်ငံမှာ မကျင့်သုံးသင့်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုဆွေးနွေးတယ်လို့ ဆိုပါတယ်။

လွှတ်တော်တွင်း ၀င်ရောက်လုပ်ကိုင်တဲ့အခါ ထင်ထားတာထက် လုပ်ကိုင်ဆောင်ရွက်ရာမှာ အဆင်ပြေတယ်ဆိုတာကို ဆွေးနွေးတယ်လို့ ဦးအေးသာအောင်က ပြောပါတယ်။

“လွှတ်တော်အတွေ့အကြုံတွေအရ သူအရင်က လွှတ်တော်အတွင်း ဒီလောက်အထိ လုပ်ကိုင်ဆောင်ရွက်လို့ရမယ်လို့ မထင်ထားဘူး။ တကယ် လက်တွေ့လွှတ်တော်ထဲရောက်လာတဲ့အခါ အခြား အခြား ပါတီတွေ၊ ပါတီထဲက လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ရတာဟာ အဆင်ပြေတယ်၊ အတိုင်းအတာတခုထိလဲ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်နိုင်တယ်လို့ ပြောပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံပြင်ရေးနဲ့ ပတ်သက်လို့ သူ့အနေနဲ့ကတော့ လွှတ်တော်ထဲမှာ ပြင်ဖို့က အကောင်းဆုံးဖြစ်တယ်။ သူ့အနေနဲ့လည်း ပြင်နိုင်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။”

ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အာဏာ ၃ ရပ်ကို သီးခြားစီ ခွဲထားသင့်ကြောင်း၊ သမ္မတက တရားသူကြီးချုပ်ကို လက်ရှိခန့်အပ်ကျင့်သုံးတဲ့အပေါ် မဖြစ်သင့်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးသွားတယ်လို့ ဆိုပါတယ်။

တိုင်းရင်းသားပါတီခေါင်ဆောင်တွေဘက်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့၊ ပြည်တွင်းစစ်ရပ်တန့်ဖို့၊ ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ ကိစ္စတွေ ဆွေးနွေးသလို ပီအာရ်စနစ်ဟာ ပြီးခဲ့တဲ့ကာလ ရွေးကောက်ပွဲတွေမှာလို ရိုးရှင်းတဲ့ စနစ်ကျင့်သုံးတာတောင် မဲထည့်ရာမှာ မှားယွင်းမှုတွေ၊ တိမ်းချော်မှုတွေရှိတာကို ထောက်ပြပြီး ပီအာရ်စနစ်ကို မကျင့်သုံးသင့်သေးဘူးလို့ ဆွေးနွေးခဲ့ကြပြပါတယ်။

ဒီဆွေးနွေးပွဲကို တိုင်းရင်းသားနိုင်ငံရေးပါတီတွေဖြစ်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ဦးအေးသာအောင်နဲ့ ဦးထွန်းညို၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ဦးခွန်ထွန်းဦးနဲ့ ဦးစိုင်းညွန့်လွင်၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငွေသိမ်း၊ ဇိုမီးအမျိုးသားကွန်ဂရက်က ပူကျင့်ရှင်းထန် အစရှိသူတို့အပါအ၀င် တိုင်းရင်းသားခေါင်းဆောင်တဦး တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013